''ရွာထဲမှာ ဘယ်အိမ်မှ စပါးမထားရဲတော့ဘူးမောင်ရေ။ ရွာမီးလောင်တာတွေက ကိုယ်ဒေသထဲ ဖြစ်နေတော့စိတ်ချောက်ချားနေကုန်ကြပြီ။ ကျန်တာ ဘာဖြစ်ဖြစ် စားစရာမရှိရင် ကိုယ်အရင်ငတ်မှာဟ။
နီးစပ်ရာ လယ်၊ အခင်းတွေမှာ ဝမ်းစာဝှက်နေကြရတာ'' ဆိုကာ ဒေသတွင်းအခြေအနေကို အင်းတော်မြို့နယ်၊ မဲဇာချောင်းရိုး ကျေးရွာတစ်ရွာမှ အသက် ၃၈ နှစ်အရွယ် တောင်သူဦးအေးက ရှင်းပြပါတယ်။
နိုဝင်ဘာလကုန်ပိုင်းမှစတင်ကာ ကသာခရိုင်၊ အင်းတော်မြို့နယ်နှင့်ထီးချိုင့်မြို့နယ်အတွင်းရှိ မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းဝန်းကျင်ကို တပ်မတော်နဲ့ KIA ၊ PDF အဖွဲ့များ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ထီးချိုင့်မြို့နယ်က ကျေးရွာ၁၇ ရွာ၊ အင်းတော်မြို့နယ်က ကျေးရွာ ခြောက်ရွာမှာ ဒီဇင်ဘာတစ်လအတွင်း အိမ်ခြေရာချီကာ ရက်ဆက်နီးပါး မီးလောင်ခဲ့ရာတွင် ဒေသခံတောင်သူများ၏ စပါးကျီများပါဝင်ခဲ့ပါတယ်။ အချို့ကျေးရွာများမှာ လေးကြိမ်အထိ မီးလောင်ခံရသည့် ဖြစ်စဉ်များပင် ရှိခဲ့ပါတယ်။ယင်းဖြစ်စဉ်များက ဒေသတစ်ခုလုံးကို ရိုက်ခတ်ကာ အခြားသော ကျေးရွာများမှ တောင်သူများက ယခုနှစ် ရိတ်သိမ်းရရှိခဲ့သည့် စပါးများကို ကျေးရွာအတွင်း မထားရဲတော့သည့် အဖြစ်နှင့်ရင်ဆိုင်ကြရခြင်းဖြစ်
ပါတယ်။
'' နေအိမ်မီးလောင်တာက အခြားပြေးပုန်းနေလို့ရတယ်။ တောင်သူမှာတစ်နှစ်လောက် ဝမ်းစာမကျန်ရင် ကျန်တဲ့နှစ်က ဘယ်လိုမှရင်ဆိုင်လို့မရဘူး။ အခြားဒေသ ထွက်ပြေးရအောင်လည်း မိသားစုလိုက်ကြီး ဘာမလုပ်စားတတ်ဘူး''ဟု မိသားစု ခုနစ်ယောက်ရှိသည့် မန်လည်တိုက်နယ်မှ ဦးစိုးက ဆိုပါတယ်။ လယ်ကစပါးကို ရွာအပြင်မှာ ဝှက်ထားရသော်လည်း တောမီးဘေး၊ ကြွက်ဘေး၊ သူခိုးဘေးတွေကလည်း ကြောက်နေရသေးသည်ဟုဆိုပါတယ်။ ကသာခရိုင်အတွင်းမှကျေးလက်နေ ပြည်သူအားလုံးနီးပါး စစ်ဘေး၏ အကျိုးသက်ရောက်မှုကို ပုံစံအမျိုးမျိုးဖြင့် ယခုနှစ်မှစတင်ကာ ခံစားလာရခြင်းလည်း ဖြစ်ပါတယ်။
ကသာခရိုင်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ရှစ်သိန်းခြောက်သောင်းကျော်တွင် တစ်သိန်းကျော်သာ မြို့ပြတွင် နေထိုင်သူများဖြစ်ပါတယ်။ ခရိုင်တစ်ခုလုံး၏ လူဦးရေ ခုနစ်သိန်းခွဲကျော်မှာ ဝမ်းစာသိုမှီးရေးအတွက် အပူတပြင်း ဆောင်ရွက်နေကြရခြင်းဖြစ်ပါတယ်။
အင်းတော်မြို့က ဆန်စက်ပိုင်ရှင်လည်းဖြစ်၊ ဆန်ကုန်သယ်လည်း ဖြစ်သူဦးစံဟိန်းက နယ်ဒေသများသို့ ငွေသွင်းငွေထုတ်ပြုလုပ်ရာတွင် ငွေစက္ကူမလည်ပတ်မှုများနှင့်ကြုံတွေ့ရမှုနဲ့ ကွင်းဆင်းဝယ်ယူရာတွင်လည်း တိုက်ပွဲနဲ့ မိုင်းအန္တရာယ်များကြောင့် အသွားအလာအခက်အခဲဖြစ်ရကြောင်း ဆိုပါတယ်။ ''တောင်သူတွေကလည်းကိုယ့်စပါး အန္တရာယ်ကင်းချင်တော့ နီးတဲ့စက်ရုံ အကြွေးစနစ်နဲ့ အတင်းပို့ကြတာ။ စပါးတွေများ
လွန်းတော့ လက်မခံရဲဘူး'' လို့ ဆိုပါတယ်။
ကသာခရိုင်ရှိ မြို့နယ်လေးခုတွင် မိုးစပါးစိုက်ဧက တစ်သိန်းခြောက်သောင်းကျော်ဧကရှိပြီး စပါးတင်းပေါင်း သိန်းတစ်ရာကျော် အထွက်ရှိကြောင်း စိုက်ပျိုးရေးဌာန မှတ်တမ်းများအရ သိရပါတယ်။ လက်ရှိတွင် ဒေသတွင်း လယ်သမားများမှာ စပါးသိမ်းပြီးစ အချိန်ဖြစ်ရာ စပါးများသိုလှောင်ရသည့်ကိစ္စကို နည်းပေါင်းစုံဖြင့် ဖြေရှင်နေကြရပါတယ်။ အများစုက နှစ်တင်းဝင် မြွေရေခွံအိတ် (ဆန်အိတ်) များဖြင့်ထည့်ခြင်းဖြစ်ပြီး အချို့မှာ လယ်ဘေး၊ အခင်းဘေးများတွင်ယာယီတဲများဆောက်ကာ ပုံထားခြင်း၊ မိုးကာများဖြင့် ထုပ်ပိုးခြင်း၊ စပါးတင်း ၃၀-၄၀ ခန့်ဆံ့သည့်ပုတ်များ (ဝါးခြမ်းများဖြင့် ရက်သည့်တောင်းကြီး) ဖြင့် သိုလှောင်ခြင်း ပြုလုပ်ကြရကြောင်း တောင်သူများကဆိုပါတယ်။ လူသုံးများတဲ့ နှစ်တင်းဝင် မြွေရေခွံဆန်အိတ်မှာ ယခင်က နှစ်ရာကျပ်၊ သုံးရာကျပ်သာရှိသော်လည်း အဝါရောင် တစ်ခါသုံးအိတ်မှာ လေးရာကျပ်၊ အကြမ်းအနည်းငယ်ခံတဲ့ အဖြူရောင်အိတ်မှာ ရှစ်ရာကျပ်စျေးအထိ မြင့်တက်ခဲ့ပြီး စျေးကွက်အတွင်း ပြတ်လပ်သည့်အထိဖြစ်ရပါတယ်။
''စစ်ကြောင်းထိုးလာပြီးတဲ့ဟေ့ဆိုရင်ရွာတွေမှာ ငါးရံ့ပြာလူးမှ အစစ်။ တစ်ရွာလုံး ဖျပ်ဖျပ်လူးသွားတာ။မီးရှို့ခံရမှာကြောက်တော့ ဘာပစ္စည်းမှ အိမ်မှာ မထားရဲကြဘူး '' လို့ သုံးဘီးဖြင့် စပါးအငှားတိုက်သည့်ကိုငယ်လေးက ဆိုပါတယ်။
သုံးကြိမ်တိုင် မီးလောင်ခဲ့ပြီး အိမ်ခြေပေါင်း ၂၀၆ လုံးဆုံးရှုံးခဲ့ထားသည့် ထီးချိုင့်မြို့နယ် လေသာကျေးရွာမှ အိမ်ထောင်ဦးစီးအမျိုးသမီးတစ်ဦးက မိမိနေအိမ်ရှိ ပစ္စည်းများကို အခြားလုံခြုံသည့်နေရာတွင် ထားရန်လိုအပ်သည်ဟု အကြံပြုပါတယ်။ ၎င်းတို့ကျးရွာတွင် တစ်မိုင်ခန့်ဝေးတဲ့ အလယ်တောကျေးရွာတွင် တိုက်ပွဲဖြစ်နေချိန်မှာရုတ်တရက် လေကြောင်းမှ တိုက်ခိုက်ခံရသဖြင့် အများစုမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုသာ ကျန်ရစ်ကြောင်း ဆိုပါတယ်။ ''မီးလောင်လို့ ပြောင်သွားတော့ ဖုန်းအားသွင်းကြိုးလေး၊ အတွင်းခံ အဝတ်လေးကိစ္စနဲ့ကိုဒုက္ခရောက်တာ။ ဖြစ်နိိုင်ရင် အိမ်ဖျက်ပြီး အခြားနေရာသာ ပို့ထား။ အခုရွာမှာ ကျန်တဲ့အိမ်တွေလည်း လူအင်အားနဲ့ ဖျက်ပြီး နေရာရွှေ့နေကြပြီ။ သုံးကြိမ်ဆိုတော့ မှတ်ပြီလေ'' လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ မြန်မာနို်င်ငံတွင် နေအိမ်ပေါင်း ၃၈၃၈၃ လုံးမီးလောင် ဆုံးရှုံးခဲ့သည်။
အများဆုံးမှာ စစ်ကိုင်းတိုင်း ဒေသကြီးဖြစ်ပြီး နေအိမ်ပေါင်း ၂၇၄၉၆ လုံး ၊ မကွေးတိုင်းတွင် နေအိမ် ၇၈၁၈ လုံး၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးမှာ မီးရှို့၊ မီးလောင်ခံရကြောင်း Data for Myanmar ကထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၃၇ မြို့အနက် ၃၂ မြို့နယ်တွင်မီးလောင်ဆုံးရှုံးမှုများ ကြုံတွေ့ရခြင်းဖြစ်ပါတယ်။ ပုလဲ ၊ခင်ဦး၊ ကန့်ဘလူ၊ တန့်ဆည် ငါးမြို့နယ်မှာ အများဆုံးဖြစ်ခဲ့ပြီး မြို့နယ်တစ်ခုလျှင် အနည်းဆုံး နေအိမ်ပေါင်း ၂၂၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့သည်ဟုဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၁၆ ၊၁၇၊ ၁၈ ရက်များတွင် တပ်မတော်စစ်ကြောင်းနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ညောင်ကုန်း၊ဂျုံးဂျုံးဂျ(ရွာသစ်)၊ ဂျုံးဂျုံးဂျ (ရွာမ)၊ ပိန်းအင်း၊ လယ်ပြင်ကျေးရွာများတွင် အိမ်ခြေ ၆၀ ကျော်နှင့် စပါးကျီများ မီးလောင်မှုဆုံးရှုံးခဲ့ပါတယ်။ အခြားကျေးရွာများမှ လူဦးရေရာနှင့်ချီလည်း ထွက်ပြေးကြရပါတယ်။အမျိုးသား ငါးဦးလည်း သေဆုံးခဲ့ပါတယ်။ ယင်းကျေးရွာ ပစ်ခတ်မှုဖြစ်စဉ်များတွင် ရွာအတွင်းမှ နေ၍ ပစ်ခတ်တိုက်ခိုက်မှုများ
ရှိသဖြင့် တိုက်ပွဲအတွင်းနေအိမ် မီးလောင်ခြင်း၊ မီးရှို့ခံရခြင်းများကိုလည်း မြင်တွေ့ရကြောင်း ဒေသခံရပ်ကျေးရွာခေါင်းဆောင် တစ်ဦးက ဆိုပါတယ်။ ကျေးရွာများ၊အများပြည်သူများ ထိခိုက်သည့်နေရာများတွင် ပစ်ခတ်မှုများကို ရှောင်ကြဉ်စေချင်ကြောင်း အကြံပြုပါတယ်။
မိမိ၏ စပါးကျီနဲ့ အိမ်ထောင်ခွဲ မောင်နှမနှစ်ဦး၏နေအိမ်၊ ဝမ်းစာစပါးများ မီးလောင်ခံရသူက''ပြောကြတာတော့ နှစ်ဖက်စလုံးက ပြည်သူကို ကာကွယ်စောင့်ရှောက်တာပါတဲ့။ မီးလောင်တော့ လက်နက်မဲ့ အရပ်သားပြည်သူအိမ်တွေချည်းပဲ။ မိသားစုလိုက်ကြီး နေအိမ်မဲ့ ၊ စားစရာမဲ့တဲ့ဘဝ ရောက်ကုန်တော့ ရူးပြီလေ အဲဒီမှာ ကိုင်း ...''။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
