မြန်မာ့အရေးနှင့်ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးပွဲတစ်ရပ် ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်း နှင့်ပတ်သက်၍ ထိုင်းနိုင်ငံက ဦးဆောင်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဒီဇင်ဘာ ၂၂ ရက်တွင် အ လွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာ့အရေးကြောင့် သက်ရောက်မှု ခံစားနေရသည့် အာဆီယံနိုင်ငံများအကြား အမြင်ချင်းဖလှယ်မျှဝေကြရန် ထိုင်းနိုင်ငံက ဦးဆောင်သည့် အလွတ်သဘောတွေ့ဆုံမှုဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ထိုင်းသတင်းရင်းမြစ်များက ပြောကြားထားသည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားစီစဉ်မှုဖြင့် ဖြစ်တည်လာသော ယခုဆွေးနွေးပွဲမှာ အာဆီယံအစည်းအဝေး မဟုတ်သော်လည်း မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ အာဆီယံ၏ကြိုးပမ်းဆောင်ရွက်မှုကို အားပေးခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံကဆိုသည်။
ဆွေးနွေးပွဲမတိုင်မီ ထိုင်း၏ အိမ်နီးချင်းနိုင်ငံများက ယင်းဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု အတည်ပြုထားကြောင်း ထိုင်းသတင်းရင်းမြစ်များက ပြောကြားထားသည်။ သို့သော် ဆွေးနွေးညှိနှိုင်းပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ မည်မျှတက်ရောက်မည်ကိုမူ အသေးစိတ်ပြောကြားခဲ့ခြင ်းမရှိပေ။
ထိုင်းသည် မြန်မာ့အရေးအတွက် ဘုံအဖြေတစ်ရှာရန် စိတ်အား ထက်သန်လျက်ရှိသောကြောင့် အာဆီယံမဟုတ်သော အစည်းအဝေး ကျင်းပရန် အယူအဆမှာ အသစ်အဆန်းမဟုတ်ဟု ထိုင်းသတင်းရင်းမြစ်များက ဆိုသည်။
ထို့ပြင် မကြာသေးမီက ဖနွမ်းပင်မြို့တွင် ကျင်းပသော အာဆီယံဒေသဆိုင်ရာဖိုရမ်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တရားဝင် ကိုယ်စားလှယ်အချင်းချင်း အလွတ်သဘောအစည်းအဝေးတစ်ရပ်ကို ထိုင်းက အဆိုပြုခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံက ဦးဆောင်ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
■ မည်သည့်နိုင်ငံတွေ တက်ခဲ့ပါသလဲ
အာဆီယံအနေဖြင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မပတ်သက်သည့် ကိုယ်စားလှယ်သာ ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့သည်။
အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဘုံသဘောတူညီချက် ငါးရပ် ရရှိပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံက သဘောတူညီချက်များကို ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟုဆိုကာ အာဆီယံက ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာမူ အာဆီယံအစည်းအဝေး မဟုတ်သဖြင့် မြန်မာနိုင်ငံကို် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် အာဆီယံနှင့်မဆိုင်သော မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတစ်ခုကို ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စိတ်ဝင်စားသောနိုင်ငံများ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းလည်း ဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာ့အရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့သလို အခြားသော အာဆီယံနိုင်ငံအချို့က နိုင်ငံခြားရေးဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သော မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန် ပရာမွန်းဝီးနိုင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆော့ခွန်း၊ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံးဆေးကိုမာဆစ်နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဒိုဟုန်ဗီယက်တို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးကိုကိုလှိုင်တို့ပါဝင်သည့် မြန် မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
သို့သော် အလွတ်သဘော ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံတို့က တက်ရောက်ခဲ့ခြင်း မရှိခဲ့ပေ။
■ မြန်မာဘက်က ဘာတွေ ပြောခဲ့သလဲ
အလွတ်သဘောဆွေးနွေးပွဲတွင် အာဆီယံ၏ တူညီဆန္ဒ ငါးချက်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စအပါအဝင် မြန် မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို မြန်မာ ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မကြာမီက ထုတ်ပြန်ခဲ့သည့် တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်သည့် အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်တို့ကို တက်ရောက်လာသည့် ကိုယ်စားလှယ်များကို ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံ၏ တူညီဆန္ဒငါးချက် အကောင်အထည်ဖော်လျက် ရှိရာတွင် မြန်မာအစိုးရက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေ ညာကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့်ကိစ္စ၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် စီးပွားရေးပြန်လည် ဦး မော့လာစေရေး ဆောင်ရွက်နေ သည့်ကိစ္စ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက ်ရှိသည့်ကိစ္စနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့်ကိစ္စတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တူညီဆန္ဒငါးချက် မူဘောင်အောက်မှ AHA Center နှင့် ပူးပေါင်းဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်သူအားလုံးထံ ရောက်ရှိရေးနှင့် ခွဲခြားမှုမရှိဘဲ တန်းတူညီမျှ ပေးအပ်သည့်ကိစ္စများတွင်လည်း မြန်မာနိုင်ငံလုပ်ငန်းအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိဌာနများနှင့်ပူးပေါင်းကာ ပံ့ပိုးပေးလျက်ရှိကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့သည်။
■ အလွတ်သဘောဆွေးနွေးပွဲရဲ့ ရလဒ်
ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် အာဆီယံ-မြန်မာ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးအတွက် မည်သို့ နည်းလမ်းရှာမည်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီကိစ္စများကို အလေးပေးဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
သို့သော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲက တိကျခိုင်မာသော ရလဒ် မရရှိဘဲ ပြီးဆုံးသွားခဲ့ကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ကြသည်။
ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပသည့် ယင်းဆွေးနွေးပွဲသို့ အာဆီယံ၏ အဓိကကျသော နိုင်ငံအချို့ တက်ရောက်မှုမရှိခြင်းကလည်း တိကျခိုင်မာသည့်ရလဒ် ထွက်မလာခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ယင်းဆွေးနွေးပွဲသည် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေးအတွက် နည်းလမ်းရှာချဉ်းကပ်ဆောင်ရွက်မှု တစ်ခုဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေထုတ်နိုင်မည့် အခွင့်အလမ်းတစ်ရပ် ဖန်တီးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှ တိကျခိုင်မာသည့်ရလဒ် တစ်စုံတစ်ရာ မထွက်လာခဲ့သည့်အတွက် အားရဖွယ်မရှိကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
