Top News

၂၀၂၃ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒ ယခင်အတိုင်း ဆက်လက်ကျင့်သုံးလျက်ရှိခြင်းနှင့် တင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များ သတ်မှတ်ချက်များအတိုင်းစစ်ဆေးရန် ပြည်ထောင်စုဝန်ကြီး ပြောကြားခြင်း
24htopnews | December 19, 2024 10:12 AM CST

စီးပွားရေးနယ်ပယ်အတွင်း  ဂယက်ထအောင် နည်းပညာအလွဲပြုသူအချို့က လူမှုကွန်ရက်နှင့် နည်းပညာအသုံးပြုပြီး ဆောင်ရွက်နေကြောင်းနှင့် ယင်းအခြေအနေများ တွေ့ရှိနေရသည့်အတွက် သတင်းအမှန်များ ပြန်လည်ထုတ်ပြန်ပြီး ချေဖျက်ပေးစေလိုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးက ကုန်သည်စက်မှု အသင်းချုပ်(၃၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင် ကုန်သည်စက်မှုအသင်းချုပ်သို့ တိုက်တွန်းပြောကြားခဲ့သည်။

“ဒီနေ့ခေတ်ကာလဟာ  နယ်ပယ်ကဏ္ဍအသီးသီးမှာ ပွင့်လင်းမြင်သာမှုရှိရေးဟာ အရေးပါတဲ့လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သတင်းအချက်အလက် နည်းပညာဟာ အရှိန်အဟုန်နဲ့ တိုးတက်မြင့်မားလာတာကြောင့် သတင်းဖြန့်ကြက်နိုင်မှုဟာ ထုထည်အားဖြင့်ရော အမြန်နှုန်းအားဖြင့်ရော  တစ်စထက်တစ်စ ပိုမိုကြီးမားလာတာ တွေ့ရပါတယ်။ အဆိုပါအခြေအနေမှာ မိမိတို့ရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် နည်းပညာကို အကျိုးရှိစွာ အသုံးချနိုင်ခဲ့ရင် နိုင်ငံသားအားလုံးအတွက် အလားအလာကောင်းတွေကို ဆောင်ကြဉ်း ပေါ်ပေါက်ပေးစေမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

“သို့သော်လည်း ဒီနေ့ခေတ်ကာလမှာ နည်းပညာအလွဲပြုသူအချို့ဟာ စီးပွားရေး နယ်ပယ်အတွင်းမှာ  ဂယက်ထအောင် လူမှုကွန်ရက်နဲ့ နည်းပညာအသုံးပြုပြီး ဆောင်ရွက်နေကြတာကို စိတ်မကောင်းဖွယ် တွေ့ရှိရပါတယ်။ နိုင်ငံသား ပြည်သူများအကြား စီးပွားရေးနှင့် ပတ်သက်သည့်သတင်းအမှားတွေ၊ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာအောင် လုပ်ကြံသတင်းထုတ်လွှင့်နေမှုများကို တွေ့ရှိနေရတဲ့အတွက် ဒီလိုလှုပ်ရှားမှုများကို အသင်းချုပ်ကြီးအနေနဲ့ သတင်းအမှန်များ ပြန်လည်ထုတ်ပြန်ပြီး ချေဖျက်ပေးစေလိုကြောင်း အသင်းချုပ်ကြီးကို တိုက်တွန်းလိုပါတယ်”ဟု  ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ကုန်သည်စက်မှုအသင်းချုပ်သည် နှစ်ပေါင်း ၁၀၀ ကျော် ရှင်သန်လျှောက်လှမ်းခဲ့ရာတွင် နိုင်ငံတော်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အစိုးရနှင့် ပုဂ္ဂလိက (Public & Private)၊ ပုဂ္ဂလိကလုပ်ငန်းအချင်းချင်း (B2B)၊ ပုဂ္ဂလိကကဏ္ဍအချင်းချင်း (Private to Private) အပြန်အလှန် ထိရောက်စွာ ဆက်သွယ်ပေးသည့်ပေါင်းကူးတံတားအဖြစ်လည်းကောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ နိုင်ငံတကာစျေးကွက် ထိုးဖောက်ရေး၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူ  လုပ်ငန်းရှင်များ ဝင်ရောက်လာနိုင်ရေးအတွက် “Business Gateway” အဖြစ်လည်းကောင်း တစ်စိုက်မတ်မတ် ဆောင်ရွက်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။

ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ဦးဆောင်သည့် ကုန်သည်စက်မှုအသင်းချုပ်(၂၀၂၂-၂၀၂၅)ခုနှစ် သက်တမ်းအတွက် အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကို  အသင်းချုပ်၏ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ (၂၀၂၂-၂၀၂၅)ခု နှစ် သက်တမ်းအတွင် အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသော စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များမှာ ဥက္ကဋ္ဌအဖြစ် ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးသောင်းတင်၊ ဒေါက်တာမျိုးသက်၊ ဦးရဲမင်းအောင်၊ ဦးအေးထွန်း၊ဒေါက်တာဝင်းစည်သူ၊ ဦးမြဟန်၊ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများအဖြစ် ဦးမျိုးသန့်၊ ဦးကျော်ဒေဝ၊ ဦးအောင်စိုးသာ၊ ဦးရဲမြင့်မောင်၊ ဦးအောင်ဇေယျာလွင်၊ ဦးဇော်မင်းသန့်၊ ဒေါ်သူဇာဝင်းတို့က ဆောင်ရွက်မည်ဖြစ်သည်။ ဘဏ္ဍာရေးမှူးအဖြစ် ဦးလှဉ်း၊ တွဲဖက်ဘဏ္ဍာရေးမှူးအဖြစ် ဦးလှမြင့်ရွှေ၊ အကျိုးဆောင်စာရင်းစစ်အဖြစ် ဦးဝေဖြိုး၊ တွဲဖက်အကျိုးဆောင်စာရင်းစစ်အဖြစ် ဦးအောင်ကြည်စိုးတို့က ဆောင်ရွက်မည်ဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်တွင် ၂၀၁၅-၂၀၁၆ ကာလက ညီနောင်အသင်း ၅၁ သင်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း ၈၁ သင်း ရှိလာခဲ့သည်။

၂၀၂၃ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒ ယခင်အတိုင်း အပြောင်းအလဲမရှိဘဲ ဆက်လက်ကျင့်သုံးလျက်ရှိဟု ထုတ်ပြန်        

၂၀၂၃ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒ ယခင် အတိုင်း အပြောင်းအလဲမရှိဘဲ ဆက်လက်ကျင့်သုံးလျက်ရှိသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းသို့ ထုတ်ပြန်ထားသည့်မူဝါဒမှာ လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက်သာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ် တင်သွင်းမှုနှင့် ပတ်သက်ပြီး လက်ရှိ ချမှတ်ဆောင်ရွက်နေသည့် မူဝါဒများပြောင်းလဲခြင်းမရှိဘဲ ဆက်လက် ကျင့်သုံးလျက်ရှိသည်ဟု ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်အား သတ်မှတ်ရာတွင် လူစီးမော်တော်ယာဉ်များအ နေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ လုပ်ငန်းသုံးမော်တော်ယာဉ်များဖြစ်သည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်နှင့် ယန္တရားယာဉ်များကို ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ထုတ်လုပ်ထားသည့် မော်တော်ယာဉ်များကို တင်သွင်းနိုင်ကြောင်း၊ လူစီးမော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်များကို တင်သွင်းရာတွင် ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူဝါဒမှာအပြောင်းအလဲ မရှိုသဖြင့် စျေးကွက်အတွင်း ကြီးကြီးမားမားရိုက်ခတ်မှုမရှိကြောင်း မော်တော်ယာဉ်ဝယ်ရောင်းအချို့က ပြောကြား သည်။

“မူဝါဒကတော့ အရင်အတိုင်းပဲဆိုတော့ ကားစျေးကွက်မှာ ထူးထူးခြားခြားပြောင်းလဲတာတော့ မရှိပါဘူး။ အဓိက SKD တွေ ပြန်ထုတ်မလားဆိုတာကိုပဲ စျေးကွက်ကစောင့်ကြည့်နေတဲ့သဘောပဲရှိတယ်။ သူတို့ ပြန်ထွက်လာရင်တော့ စျေးတွေကစားနိုင်တယ်”ဟု မော်တော်ယာဉ် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင် သူတစ်ဦးက သုံးသပ်သည်။

လက်ရှိတွင် မော်တော်ယာဉ် စျေးကွက်အတွင်း ဖောက်စွပ်ဖြတ်စက်ကားများ ဝင်ရောက်နေသဖြင့် အရောင်းအဝယ်ပြုလုပ်ရာတွင် သတိထားကြရန် မော်တော်ယာဉ် ရောင်းဝယ်သူအချို့က သတိပေး ပြောကြားထားသည်။

မော်တော်ယာဉ်သက်တမ်းတိုးရာတွင် ယခင်က ယာဉ်မှန်မမှန်စစ်ဆေးပြီးမှသာ သက်တမ်းတိုးနိုင်သော်လည်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများကြောင့်ဟုဆိုကာ နှစ်နှစ်ကျော်ကြာမြင့်သည်အထိ ပြန်လည်လုပ်ဆောင်ပေးခြင်းမရှိသေးကြောင်း မော်တော်ယာဉ်စျေးကွက်အတွင်းမှ သိရသည်။ 


READ NEXT
Cancel OK