Top News

အမေရိကန်က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များနှင့် တင့်ကားများ ဘာကြောင့်မပေးသလဲ
24htopnews | December 19, 2024 10:12 AM CST

ဒီဇင်ဘာ ၂၁ ရက်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး ၀ါရှင်တန်သို့ သွားရောက်ခဲ့စဉ်တွင် ယူကရိန်းသို့ ပက်ထရီယော့ မြေပြင်-ဝေဟင်ပစ်ဒုံးကျည်များ ပေးပို့သွားမည်ဟု အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့သည်။ ယူကရိန်းစစ်ပွဲ ဖြစ်ပွားနေသည်မှာ ရက် ၃၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သို့သော် ဘိုင်ဒင်အစိုးရသည် စစ်ပွဲအရှိန် ပိုမြင့်တက်လာနိုင်သည်ကို သတိချပ်၍ ယူကရိန်းအား ATACM တာဝေးပစ်ဒုံးကျည်များ ပေးအပ်ရန် ငြင်းဆန်ခဲ့သည့်အပြင် မောင်းနှင်အသုံးပြုနိုင်စွမ်းအပေါ် စိုးရိမ်မှုကြောင့် အမေရိကန်လုပ်တင့်ကားများကိုလည်း ပေးပို့ခြင်းမပြုပေ။ 

ပက်ထရီယော့ လေကြောင်းရန် ကာကွယ်ရေးလက်နက်စနစ်သည် ယူကရိန်းတို့ အလိုရှိနေသည့် ခရစ္စမတ် လက်ဆောင်များထဲမှတစ်ခုသာ ဖြစ်သည်။

“အမေရိကန်ရဲ့ အထောက်အပံ့အတွက် မိမိတို့အနေနဲ့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲဒါနဲ့တင် မလုံလောက်သေးပါဘူး။ ဒါကအရိပ်အမြွက်လောက်သာ ရှိပါသေးတယ်။ မလုံလောက်သေးပါဘူး” ဟု အရှေ့ပိုင်းစစ်မြေပြင်ဖြစ်သည့် ဘက်ခ်မွတ်မြို့၏ ရှေ့တန်း စစ်မျက်နှာအနီးတွင် ဇယ်လန်းစကီးက ယူကရိန်းတပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

ဇယ်လန်းစကီး၏ ထိပ်တန်းအကြံပေးဖြစ်သူ မစ်ခေလို ပိုဒေါ်ယက်ကလည်း မိမိခရစ္စမတ်တွင် လိုလားတောင့်တနေသည့် အရာများတွင် ပက်ထရီယော့ ဒုံးကျည်စနစ်များအပြင် အမေရိကန်လုပ် ATACM တာဝေးပစ်ဒုံးကျည်များ၊ အမေရိကန်လုပ် အေဘရမ်စ်တင့်ကားများနှင့် ဂျာမန်လုပ်လက်ပက်ဒ်တင့်ကားနှင့် မာဒါတင့်ကားများလည်း ပါဝင်သည်ဟု တွစ်တာပေါ်တွင် ရေးသားကာ တောင်းဆိုခဲ့သည်။

“ယူကရိန်းဟာ အကြီးစားထိုးစစ်တစ်ရပ်ကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ချင်နေတာပါ။ အဲဒီအတွက် တပ်အင်အား အလုံးအရင်းနဲ့ အကာအကွယ်အောက်ကနေ လှုပ်ရှားစစ်ကစားနိုင်စွမ်း လုံလုံလောက်လောက်ရှိဖို့ လိုအပ်တယ်” ဟု The Economist သတင်းစာ၏ ကာကွယ်ရေးဆိုင်ရာ အယ်ဒီတာဖြစ်သူ ရှာရှန့်ခ်ဂျိုရှီက ပြောကြားခဲ့သည်။ ၎င်းတို့တွင် တပ်မကြီးတစ်ခုလုံးစာအတွက် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ပေးရန် လုံလောက်မှုမရှိကြောင်း ယူကရိန်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လရီဇာလုဇနီ The Economist သို့ ပြောကြားခဲ့ဖူးကာ ထို့အတွက်ကြောင့် ယူကရိန်းအနေဖြင့် သံချပ်ကာယာဉ်များ ထပ်မံလိုအပ်နေသည်ကို ပွင့်ပွင့်လင်းလင်းတောင်းခံနေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိအနေအထား၌ပင် တာဝေးပစ်လက်နက်နှင့် တင့်ကားအင်အားချင်း နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရုရှားက ယူကရိန်းထက် အပြတ်အသတ် အသာစီးရနေဆဲဖြစ်သည်ဟု German Marshall Fund ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ၀ါဆောအခြေစိုက် GMF East အဖွဲ့အစည်း၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ မိုက်ကယ်ဘာရန်နောစကီးက သုံးသပ်ခဲ့သည်။ 

“ယူကရိန်းရဲ့ တောင်းဆိုချက်တွေထဲမှာ အတော်လေးမြင်သာထင်သာရှိတဲ့ ရှုထောင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ATACM တာဝေးပစ်ဒုံးကျည်တွေပါ။ ယူကရိန်းဟာ ရုရှားရဲ့ ထောက်ပံ့ပို့ဆောင်ရေးစနစ်တွေကို အားနည်းသွားအောင်လုပ်ပြီး လှုပ်ရှားစစ်ကစားနိုင်စွမ်းရှိတဲ့အခြေအနေကို ဖန်တီးဖို့ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို ချေမှုန်းနိုင်တဲ့ အဲဒီဒုံးကျည်တွေကို အသုံးပြုချင်နေတာဖြစ်တယ်” ဟုလည်း ၎င်းက ဆိုသည်။

စစ်ရှိန်မြင့်လာမည်ကို အဓိကစိုးရိမ်

ဇယ်လန်းစကီး၏ ၀ါရှင်တန်ခရီးစဉ်အတွင်း ယူကရိန်းဘက်မှ တောင်းဆိုချက်များကို တုံ့ပြန်ရာတွင် သမ္မတဘိုင်ဒင်က ကိယက်ဗ်သို့ ATACM ဒုံးကျည်များပေးပို့ရန် ငြင်းဆန်ရသည့် အကြောင်းရင်းကို ယခင်ကထက် ပိုမိုပြတ်သားစွာ ရှင်းလင်းပြောဆိုခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများနှင့် အကြီးအကျယ် ကွဲလွဲမှုဖြစ်ပေါ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။ “သူတို့က ရုရှားနဲ့စစ်ဖြစ်မှာကို မလိုလားကြဘူး” ဟုလည်း ဘိုင်ဒင်က ဆိုသည်။

“ATACM တာဝေးပစ်ဒုံးကျည်တွေ ပေးပို့တာနဲ့ပတ်သက်ပြီး အဓိကစိုးရိမ်နေတာက စစ်ပွဲအရှိန် မြင့်တက်လာမှာကိုပါ။ သူတို့က ရုရှားနိုင်ငံထဲအထိ နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်နိုင်တယ်လေ။ ယူကရိန်းက အဲဒီအတွက် တာဝေးပစ်ဒုံးတွေကို သုံးလာမယ်ဆိုရင် အခြေအနေတုံ့ပြန်ပုံနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ထဲမှာ ကွဲလွဲမှုတွေ ဖြစ်လာနိုင်တယ်။ ဥရောပတောင်ပိုင်း နိုင်ငံတွေအပါအဝင် ဥရောပနိုင်ငံတော်တော်များများက စစ်ရှိန်မြင့်လာနိုင်မယ့်အရေးကို သတိကြီးကြီးထားနေကြတယ်” ဟု ဂျိုရှီက ဆိုသည်။

ထိုစဉ်အတောအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများကလည်း ယူကရိန်းသည် လိုအပ်သည့် တင့်ကားအရေအတွက်ကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း ပြောကြားထားပြီး အမ်ဝမ်းအေဘရမ်စ်တင့်ကားများကို မောင်းနှင်အသုံးပြုခြင်းသည် ယူကရိန်းစစ်တပ်အတွက် ရှုပ်ထွေးခက်ခဲစေလိမ့်မည်ဟု ဆိုသည်။ ယင်းသည် စစ်ရှိန်မြင့် တက်လာမည့်အပေါ် စိုးရိမ်မှုကို ဖုံးကွယ်သည့် သံတမန်ရေးရာ အကြောင်းပြချက်တစ်ခု မဟုတ်ကြောင်းလည်း ဂျိုရှီက ပြောကြားခဲ့သည်။

“တင့်ကားတွေနဲ့ ပတ်သက်ပြီးပြောရရင် စစ်ရှိန်မြင့်လာမှာကို အမေရိကန်က အဓိကစိုးရိမ်နေတာလို့ မထင်ပါဘူး။ အဓိကက ရေရှည်ထိန်းသိမ်းနိုင်စွမ်းအပေါ် သံသယရှိနေတာကြောင့်လို့ ထင်ပါတယ်။ တင့်ကားအသစ်တွေက ဆီတော်တော်စားပြီး အထူးသဖြင့် အေဘရမ်စ်တင့်ကားတွေက အကြီးအကျယ် ဆီစားတယ်လေ။ ပြုပြင်ထိန်းသိမ်းမှုတွေလည်း အများကြီးလုပ်ရသလို အပိုပစ္စည်းတွေကလည်း ဝယ်လိုအား မြင့်နေတယ်။ နောက်ပြီးတော့ ယူကရိန်းတွေက ဆိုဗီယက်ခေတ်တင့်ကားတွေလောက်ကိုပဲ အတွေ့အကြုံရှိကြတယ်” ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

ဂျာမနီ၏ အစဉ်အလာမဟာဗျူဟာမှ သွေဖည်နိုင်

ယူကရိန်းက အလိုရှိနေသည့် စစ်လက်နက်ပစ္စည်းများထဲတွင်ပါဝင်သော လက်ပက်ဒ်နှင့် မာဒါတင့်ကားများကို ပေးပို့ရန် ဂျာမနီဘက်က ကာလကြာမြင့်စွာ ငြင်းဆန်ခဲ့ခြင်းကြောင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက ယူကရိန်း မကြောက်သည့်အရာကို ဂျာမနီက အဘယ်ကြောင့် ကြောက်နေရသနည်းဟု တွစ်တာမှ ဒေါသတကြီး မေးခွန်းထုတ်ခဲ့ဖူးသည်။

ယင်းတင့်ကားများကို ပေးပို့ရန် ဂျာမနီက ငြင်းဆန်နေမှုတွင် အခရာကျသူမှာ ဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်ပင်ဖြစ်သည်။ ရုရှားနှင့် ဆက်ဆံရေးပျော့ပျောင်းစေရန် ရည်ရွယ်သည့် ဂျာမနီ၏ ကာလရှည်ရပ်တည်ချက်မှ ဖယ်ခွာလျက် အလှည့်အပြောင်း တစ်ခုကို ဖန်တီးရန် တောင်းဆိုမှုများနှင့် ၎င်း၏အာဏာရညွန့်ပေါင်းအုပ်စုတွင်း၌ ဖိအားပေးမှုများ ရှိနေသည့်တိုင် ဝန်ကြီးချုပ်ရှောဇ်သည် ယူကရိန်းသို့ တင့်များ ပေးပို့ရန် ငြင်းဆန်ထားသည်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘေအာဘော့ကလည်း ဆောင်ရွက်ပုံနည်းလမ်း ပြောင်းလဲသင့်သည်ဟု အရိပ်အမြွက် ပြောဆိုထားသည်။

လက်ရှိအချိန်အထိ မည်သည့်နိုင်ငံကမှ ယူကရိန်းကို အနောက်နိုင်ငံလုပ်တင့်ကားများ ပေးပို့ခဲ့ခြင်းမရှိသဖြင့် ယူကရိန်းသည် ဆိုဗီယက်ခေတ်တင့်ကားများကို လုံးလုံးလျားလျား မှီခိုအားထားနေရဆဲဖြစ်သည်။ စစ်ပွဲ၌ ယူကရိန်းကို အရက်ရောဆုံးထောက်ပံ့နေသည့် အမေရိကန်၊ ဗြိတိန်ကဲ့သို့ နိုင်ငံများပင်လျှင် ယူကရိန်းကို တင့်ကားများ ပေးပို့ခဲ့ခြင်းမရှိပေ။

“ဂျာမနီဝန်ကြီးချုပ်အနေနဲ့ ယူကရိန်းကို တင့်ကားတွေပေးပို့ဖို့ ငြင်းဆန်ရခြင်းမှာ အရေအတွက် လုံလောက်မှု ရှိရေးနဲ့ပတ်သက်ပြီး ထည့်သွင်းတွက်ချက်ခြင်းဟာလည်း အကြောင်းရင်းတစ်ခုဖြစ်တယ်။ လက်ရှိအခြေအနေမှာ ဂျာမနီက တင့်ကားတွေ ပေးပို့လိုက်လို့ အနောက်ဥရောပနိုင်ငံတွေရဲ့ တူညီဆန္ဒကို ကျော်လွန်သွားမယ်ဆိုရင် ဂျာမနီအစဉ်တစိုက် ဖော်ဆောင်နေတဲ့ မဟာဗျူဟာကနေ သိသိသာသာ သွေဖည်သလို ဖြစ်သွားပါလိမ့်မယ်” ဟု The Economist သတင်းစာ ၏ ကာကွယ်ရေးဆိုင်ရာ အယ်ဒီတာဖြစ်သူ ဂျိုရှီက ပြောကြားသည်။

နှိုင်းနှိုင်းချင့်ချင့် လုပ်ဆောင်ရန်လို

လိုအပ်ချက်နှင့် ပြည့်မီရန်အတွက် ထုတ်လုပ်မှုတိုးမြှင့်ရန် လိုအပ်နေသည်မှာ ဂျာမန်စစ်တပ်တစ်ခုတည်းပင် မဟုတ်ပေ။ အထူးသဖြင့် လုပ်သားစျေးကွက် ကျပ်တည်းနေခြင်းကြောင့် ကာကွယ်ရေး ကန်ထရိုက်တာများအနေဖြင့် ထုတ်လုပ်မှုတိုးမြှင့်ရန် ပိုမိုခက်ခဲနေချိန်၌ အမေရိကန်က ၎င်း၏စစ်လက်နက်ပစ္စည်း အမြောက်အမြားကို ယူကရိန်းသို့ ပေးပို့နေခြင်းကြောင့် ၎င်းတို့လက်ဝယ်၌ စစ်လက်နက်အင်အား ဖြည့်တင်းမှု သိသိသာသာ လျော့ကျလာသည်ဟု လေ့လာသုံးသပ်သူများက ကာလကြာမြင့်စွာ သတိပေးခဲ့သည်။

သို့ဖြစ်ရာ အနောက်နိုင်ငံများအနေဖြင့် ၎င်းတို့စစ်လက်နက်ပစ္စည်းများကို ယူကရိန်းသို့ လွှဲပြောင်းပေးမှုအား အမြော်အမြင်ရှိရှိ လုပ်ဆောင်ရလိမ့်မည်ဟု ဂျိုရှီက ဆိုသည်။

“ထုတ်လုပ်မှုနှုန်းနဲ့ လုပ်ငန်းဆိုင်ရာ စွမ်းရည်တွေဟာ ၂၀၂၃ ခုနှစ်ထဲမှာ ယူကရိန်းအတွက် စစ်လက်နက် ထောက်ပံ့မှုနှုန်းကို သိသိသာသာ အကန့်အသတ်ဖြစ်စေပါလိမ့်မယ်။ ရုရှားဘက်မှာလည်း အမြောက်ကျည်နဲ့ ခဲယမ်း၊ ကျည်လိုအရာတွေကို ထောက်ပံ့ဖြည့်တင်းရာမှာ အကန့်အသတ်ရှိနေတဲ့ ပြဿနာက သိသာထင်ရှားနေတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဇယ်လန်းစကီး၏ ၀ါရှင်တန်ခရီးစဉ်သည် ယူကရိန်းသို့ စစ်လက်နက်များ လွှဲပြောင်းမှုနှင့် ပတ်သက်၍ ရီပက်ဘလီကင်တို့၏ သံသယကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့ဖွယ်ရှိသည်။

“အဲဒီခရီးစဉ်က တော်တော်လေး အောင်မြင်ခဲ့ပါတယ်။ အမေရိကန်ကွန်ဂရက်ရဲ့ တုံ့ပြန်ပုံကို ကြည့်မယ်ဆိုရင် ရီပက်ဘလီကင်အနည်းစုလောက်ကပဲ ဆန့်ကျင်ကန့်ကွက်နေတာကို တွေ့ရပါလိမ့်မယ်။ ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့တုန်းကလည်း ဇယ်လန်းစကီးဟာ ချက်ကျလက်ကျပြောသွားခဲ့ပြီး အမေရိကန်ရဲ့ အထောက်အပံ့တွေကို တာဝန်သိသိနဲ့ အသုံးပြုနေပါတယ်လို့ အာမခံပြောဆိုသွားပါတယ်” ဟု ၀ါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ မာ့ခ်ကန်စီယန်က သုံးသပ်ခဲ့သည်။

Ref:AFP


READ NEXT
Cancel OK