Top News

တာလီဘန်က အမျိုးသမီးဝန်ထမ်းများကို ပိတ်ပင်မှုနှင့် အာဖဂန်နစ္စတန်၌ လုပ်ငန်းရပ်ဆိုင်းမည့် NGO များ
24htopnews | December 19, 2024 10:12 AM CST

အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်အုပ်ချုပ်သူများက အမျိုးသမီးဝန်ထမ်းများကို အလုပ်ခန့်ထားခြင်းမပြုရန် NGO အားလုံးထံ ညွှန်ကြားလိုက်ပြီးနောက် NGO အချို့သည် အာဖဂန်နစ္စတန်ရှိ ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းတော့မည်ဟု ဒီဇင်ဘာ ၂၅ ရက်တွင် ကြေညာသည်။

NGO အဖွဲ့များ၏ ကြေညာချက်က လူသားချင်းစာနာမှုအကူအညီကို ဆိုးဆိုးရွားရွားထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတကာတာဝန်ရှိသူများနှင့် NGO များထံမှ သတိပေးမှုများ ချက်ချင်းထွက်ပေါ်လာသည်။

“ကျွန်တော်တို့ရဲ့အမျိုးသမီးဝန်ထမ်းတွေမရှိဘဲ ကျွန်တော်တို့အနေနဲ့ အာဖဂန်နစ္စတန်မှာ အကူအညီ အလွန်အမင်း လိုအပ်နေကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေဆီကို ထိရောက်စွာ ကူညီနိုင်မှာ မဟုတ်ပါဘူး” ဟု Save the Children၊ နော်ဝေဒုက္ခသည်ကောင်စီနှင့် CARE တို့က ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

“ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကျွန်တော်တို့က ရှင်းရှင်းလင်းလင်းအသိပေးနေတုန်းမှာပဲ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းနေပါတယ်။ အမျိုးသားတွေ၊ အမျိုးသမီးတွေအနေနဲ့ အာဖဂန်နစ္စတန်မှာ ကျွန် တော်တို့ပေးနေတဲ့ အရေးပါတဲ့ အကူအညီတွေနဲ့ပတ်သက်လို့ ညီတူညီမျှ ဆက်လက်ဆောင်ရွက်နိုင်စေဖို့ တောင်းဆိုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေး၊ ပညာရေး၊ အခြားနယ်ပယ်များတွင် အရေးပေါ်တုံ့ပြန်ရေးအကူအညီများ ပံ့ပိုးပေးလျက်ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းတွင် အမျိုးသမီး ၃၀၀၀ ကို အလုပ်ခန့်ထားသော နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC)ကလည်း ၎င်း၏ လုပ်ငန်းများကို ရပ်ဆိုင်းနေသည်ဟု ထုတ်ပြန်ထားသည်။

“IRC အတွက်ကတော့ ဝန်ဆောင်မှုပေးနိုင်စွမ်းဟာ မိမိတို့အဖွဲ့အစည်းရဲ့ အဆင့်သီးသီးမှာရှိတဲ့ အမျိုးသမီးဝန်ထမ်းတွေကို အားကိုးနေရတာဖြစ်ပါတယ်” ဟု နယူးယောက်အခြေစိုက် IRC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သောနှစ်တွင် တာလီဘန်အာဏာပြန်ရလာခဲ့ပြီးနောက် ယခုပိတ်ပင်မှုသည် အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ၏အခွင့်အရေးများကို နောက်ဆုံးထိုးနှက်ချက်ဖြစ်သည်။

သဘောထားတင်းမာသော အစ္စလာမ္မစ်ဝါဒီများသည် လွန်ခဲ့သောသီတင်းတစ်ပတ်မပြည့်မီက အမျိုးသမီးများကို တက္ကသိုလ်များ တက်ရောက်ခြင်းမှ တားမြစ်ခဲ့ရာ ယင်းလုပ်ရပ်ကတစ်ကမ္ဘာလုံးကို ဒေါသထွက်စေခဲ့ပြီး အာဖဂန်မြို့ကြီးအချို့၌ ဆန္ဒပြမှုများကို ချက်ချင်းပေါ်ပေါက်စေသည်။

အမျိုးသမီးများအား အလုပ်ခန့်ထားခြင်းမပြုရဆိုသော ညွှန်ကြားချက်ကိုလိုက်နာရန်ပျက်ကွက်သော NGO များ၏ လုပ်ငန်းလိုင်စင်များကို ရပ်ဆိုင်းမည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် ပိတ်ပင်တားမြစ်ချက်ထုတ်ခဲ့သော စီးပွားရေးဝန်ကြီးဌာနက ခြိမ်းခြောက်ထားသည်။

NGO များတွင် အလုပ်လုပ်နေသော အမျိုးသမီးများသည် သင့်တင့်လျောက်ပတ်သည့် အစ္စလာမ္မစ်ဝတ်စားဆင်ယင်မှု စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဆိုသော အလေးထားတိုင်ကြားမှုများကို မိမိတို့လက်ခံရရှိထားသည်ဟု ဝန်ကြီးဌာနက ဖော်ပြထားသည်။ တက္ကသိုလ်ပညာရေးကို ပိတ်ပင်ရာ၌ ကျိုးကြောင်းဆီလျော်မှုရှိစေရန် တာလီဘန်အာဏာပိုင်များက အဆိုပါစည်းကမ်းချက်ကို အသုံးပြုခဲ့သည်။

တာလီဘန်၏ဆုံးဖြတ်ချက်က အစာရေစာငတ်ပြတ်မှုကိုဖြစ်စေနိုင်သည်ဟု အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံ ကာရင်ဒက်ကာက သတိပေးသည်။

“အမျိုးသမီးတွေကို တခြားအမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေထံ အကူအညီဖြန့်ဝေဖို့ ခွင့်မပြုတဲ့အခါ တာလီဘန်ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ မငတ်အောင် ဘယ်လိုတားဆီးရမလဲဆိုတဲ့အကြောင်း ရှင်းလင်းပြောကြားဖို့ အာဖဂန်နစ္စတန်ကိုလူသားချင်းစာနာမှု အကူအညီအများဆုံးပေးနေတဲ့ အလှူရှင်ရဲ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကျွန်မမှာ အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်” ဟု ဒက်ကာက ဒီဇင်ဘာ ၂၅ ရက်တွင် ဘာသာစကားမျိုးစုံဖြင့် Twitter ၌ ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်အတွက် ကုလသမဂ္ဂအကြီးအကဲ၏ လက်ထောက်အထူးကိုယ်စားလှယ်ရာမစ်အလက်ဘာရော့ဗ်က ပိတ်ပင်မှုသည် ပြည်သူထံအကူအညီပေးပို့မှုကို အဟန့်အတားဖြစ်စေမည်ဖြစ်ပြီး နိုင်ငံ၏ ယိုယွင်းနေသော စီးပွားရေးကိုလည်း ဆိုးရွားသည့် သက်ရောက်မှုရှိလာပါလိမ့်မည်ဟု အေအက်ဖ်ပီကို ပြောသည်။

“အမျိုးသမီးတွေရဲ့ပါဝင်မှုဟာ အလွန်အရေးပါတာကြောင့် လွတ်လပ်မျှတတဲ့နည်းလမ်းနဲ့ လူသားချင်းအကူအညီကို ဆက်လက်ပေးဖို့ အလွန်ခက်ခဲသွားပါလိမ့်မယ်” ဟု ရာမစ်အလက်ဘာရော့ဗ်က ပြောကြားပြီး ပိတ်ပင်မှု နောက်ပြန်ဆုတ်သွားစေရန် ကုလသမဂ္ဂက ကြိုးပမ်းမည်ဟု ဖြည့်စွက်ပြောကြားသည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲယာဘော့ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြတ်ပြတ်သားသားတု့ံပြန်ရေးအတွက် ဒီဇင်ဘာ ၂၅ ရက်တွင် ဆော်သြထားသည်။

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ယင်းပိတ်ပင်မှုကို မိမိဘာသာရှုံးနိမ့်စေမှုဟုလည်းကောင်း၊ အာဖဂန်ပြည်သူများ၏ အကျိုးစီးပွားများကို အကျိုးမဲ့စေသော လုပ်ရပ်ဟုလည်းကောင်း ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက် နောက်ပြန်ဆုတ်ရန် တာလီဘန်ကို တိုက်တွန်းထားသည်။

အလွန်အရေးပါ

ဒီဇင်ဘာ ၂၅ ရက်က လူသားချင်းစာနာမှု တာဝန်ရှိသူများ၏ အစည်းအဝေးတွင် NGO အားလုံးက လုပ်ငန်းများ ရပ်ဆိုင်းခြင်းပြုမပြုကိစ္စနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ထွက်မလာဟု ရာမစ်အလက်ဘာရော့ဗ်က ပြောကြားပြီး နောက်ထပ်အစည်းအဝေးများ ပြုလုပ်သွားဦးမည်ဟု ဖြည့်စွက်ပြောသည်။

ကုလသမဂ္ဂက NGO များ၏ ကျယ်ပြန့်သောကွန်ရက်မှတစ်ဆင့် အကူအညီများပေးနေသောကြောင့် ပိတ်ပင်မှုက ကုလသမဂ္ဂ၏လုပ်ငန်းများကို သက်ရောက်လိမ့်မည်ဟု ၎င်းက ပြောသည်။ ယင်းသည် ၂၀၂၁ ခုနှစ် သြဂုတ်လထဲတွင် ပြည်ပတပ်ဖွဲ့များ ရုပ်သိမ်းသွားပြီးနောက်ပိုင်း ထိန်းမရသိမ်းမရဖြစ်နေသာ အာဖဂန်စီးပွားရေးကို ထပ်မံထိုးနှက်မှုဖြစ်လာမည်ဖြစ်သည်။

“အဲ့ဒီကာလမှာ အာဖဂန်နစ္စတန်ကို  ပံ့ပိုးပေးထားတဲ့ အကူအညီအားလုံးဟာ အာဟာရဖူလုံရေးအတွက်ရော၊ ပြည်သူရဲ့အလုပ်အကိုင်အာမခံချက်ရှိရေးအတွက်ပါ အလွန်အရေးပါနေပါတယ်” ဟု ၎င်းက ပြောသည်။ 

တာလီဘန်အာဏာသိမ်းယူလိုက်ကတည်းက အာဖဂန်နစ္စတန်၏ စီးပွားရေးအကျပ်အတည်းသည် ပိုမိုဆိုးရွားလာသည်။ တာလီဘန်အာဏာသိမ်းလိုက်ခြင်းကြောင့် ဒေါ်လာဘီလျံများစွာရှိသော ပိုင်ဆိုင်မှုများကို အမေရိကန်က ထိန်းချုပ်ထားလိုက်ပြီး ပြည်ပအလှူရှင်များက အကူအညီများကို ဖြတ်တောက်ခဲ့ကြသည်။

အဖွဲ့အစည်းဒါဇင်ပေါင်းများစွာသည် အာဖဂန်နစ္စတန်၏ ဝေးလံခေါင်သောဒေသများတွင် အလုပ်လုပ်နေကြပြီး မိသားစုကို ကျွေးမွေးရန် ၎င်းတို့၏ ဝင်ငွေကို မှီခိုနေသော အမျိုးသမီးများအား NGO များက အလုပ်ခန့်ထားသည်ဟု ရာမစ်အလက်ဘာရော့ဗ်က ပြောသည်။

အမျိုးသမီးများအတွက် ငရဲ

အမျိုးသမီးများကို ပိတ်ပင်မှုသည် အသက်၂၄ နှစ်အရွယ်ရှာဘာနာအတွက် ပြဿနာတစ်ရပ်ဖြစ်သည်။ မိသားစုထဲတွင် သူတစ်ဦးတည်းသာ ဝင်ငွေရှိသည်ဟု ရှာဘာနာက အေအက်ဖ်ပီကို ပြောသည်။

“ကျွန်မ အလုပ်အကိုင်ဆုံးရှုံးသွားမယ်ဆိုရင် ကျွန်မရဲ့မိသားစုဝင် ၁၅ ဦးဟာ ငတ်သေကြလိမ့်မယ်” ဟု ရှာဘာနာက ပြောသည်။ သူသည် ပြည်ပ NGO တစ်ခုတွင် အလုပ်လုပ်နေသည်မှာ ဆယ်စုနှစ်ချီကြာပြီဖြစ်သည်။

“နှစ်သစ်ရောက်လာတာကို ကမ္ဘာက ဆင်နွှဲနေချိန်မှာအာဖဂန်နစ္စတန်ဟာ အမျိုးသမီးတွေအတွက် ငရဲပြည် ဖြစ်လာပါတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာပြစ်တင်ဝေဖန်မှုများပေါ်ပေါက်နေချိန် တာလီဘန်အစိုးရက ဒီဇင်ဘာ ၂၅ ရက်တွင် တင်းတင်းမာမာ တု့ံပြန်ခဲ့သည်။

အမေရိကန်သံရုံးယာယီတာဝန်ခံ၏ မှတ်ချက်ကို တုံ့ပြန်ရာတွင် တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟူလာမူဂျာဟစ်က “လူသားချင်းစာနာမှုအကူအညီဆိုတဲ့ ခေါင်းစဉ်ကို တပ်ပြီး ကျွန်တော်တို့ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ မဟုတ်တမ်းတရားပြောတာတွေ ဒါမှမဟုတ် ခြိမ်းခြောက်တာတွေကို ဘယ်သူ့ကိုမှ ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု Twitter တွင် ရေးသားခဲ့သည်။

ညွှန်ကြားချက်က NGO များတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားဝန်ထမ်းများကို သက်ရောက်မှုရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အမျိုးသမီးများကို အသိအမှတ်ပြုရေး၊ အကူအညီပြန်ပေးနိုင်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက တာလီဘန်အစိုးရနှင့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရာတွင် အမျိုးသမီးများ၏ အခွင့်အရေးများကို လေးစားရေးဆိုသော အကြောင်းအရာသည် ခလုတ်တံသင်းဖြစ်နေသည်။

အမျိုးသမီးများကို တက္ကသိုလ်များ တက်ရောက်ရန် ပိတ်ပင်ထားသည့်အပြင် မိန်းကလေးများအတွက် လတ်တလောအလယ်တန်းပညာရေးကို ပိတ်ပင်ထားသည်။

အမျိုးသမီးများသည် အစိုးရအလုပ်အကိုင်အများအပြားမှ ထုတ်ပယ်ခံရသည်။ အမျိုးသမီးများမှာ အမျိုးသား ဆွေမျိုးသားချင်းမပါဘဲ ခရီးသွားခြင်းမှ တားမြစ်ခံရသည်။ အိမ်ပြင်ပတွင် ဆာရီတစ်ကိုယ်လုံးခြုံထားရန် ညွှန်ကြားခံထားရပြီး ပန်းခြံများထဲ ဝင်ခွင့်မပြုပေ။                                                  

Ref:AFP


READ NEXT
Cancel OK