Top News

နေတန်ရာဟု (သို့မဟုတ်) အစ္စရေးဝန်ကြီးချုပ်တာဝန်ကို အချိန်အကြာဆုံးထမ်းဆောင်သူ
24htopnews | December 19, 2024 10:12 AM CST

နိုဝင်ဘာ ၁ ရက်ရွေးကောက်ပွဲကို အောင်နိုင်ပြီးနောက် ၀ါရင့်အစ္စရေး နိုင်ငံသား ဘန်ဂျမင်နေတန်ရာဟုသည် ဒီဇင်ဘာ ၂၉ ရက်တွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီဖြစ်သည်။ နေတန်ရာဟုသည် ဝန်ကြီးချုပ်တာဝန်ကို ခြောက်ကြိမ် မြောက်ရယူလိုက်ခြင်းလည်း ဖြစ်သည်။

ဝန်ကြီးချုပ်နေတန်ရာဟုသည် ၎င်း၏လက်ယာစွန်းအစိုးရသစ်ကို ရှေးရိုးစွဲအတွေးအခေါ်လွန်ကဲသည့်ပါတီများ၊ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သည့် ဘာသာရေးအဖွဲ့ တစ်ဖွဲ့၊ ၎င်း၏လီကွတ်ပါတီတို့ဖြင့် ဖွဲ့စည်းလိုက်ကာ အစ္စရေးနိုင်ငံသမိုင်းတွင် ဘာသာရေးအစွန်းရောက်ဆုံးနှင့် တရားသေအဆန်ဆုံးအစိုးရ ဖြစ်လာစေခဲ့သည်။

၎င်းသည် အဂတိလိုက်စားမှုဖြင့် တရားရင်ဆိုင်နေရသူလည်းဖြစ်ပြီး အစ္စရေး၏ ဝန်ကြီးချုပ်နေရာကို အချိန်အကြာဆုံး ထမ်းဆောင်လာသူလည်း ဖြစ်သည်။

နေတန်ရာဟု၏ နောက်ကြောင်းရာဇဝင်

နေတန်ရာဟု၏ မိခင် ဇီလာဆီဂယ်သည် အစ္စရေးဂျူးဖြစ်ပြီး ဖခင်ဘန်ဇီယွန် နေ တန်ရာဟုက ပိုလန်ဂျူးဖြစ်သည်။ ဖခင်က ဘန်ဇီယွန် မိုင်လေကော်စကီဆိုသည့် နာမည်ကို ပါလက်စတိုင်းတွင် အခြေချပြီးသည့်နောက် ဘန်ဇီယွန်နေတန်ရာဟုအဖြစ် ပြောင်း ခဲ့သည်။

နေတန်ရာဟုသည် ၁၉၄၉ ခုနှစ်က အစ္စရေးရှေးဟောင်းဆိပ်ကမ်းမြို့ ဂျက်ဖာတွင် မွေးဖွားခဲ့ပြီး ဂျေရုစလင်တွင် ကြီးပြင်း လာကာ အမေရိကန်တွင် အထက်တန်းကျောင်း တက်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် နေတန်ရာဟုသည် အစ္စရေးစစ်တပ်သို့ဝင်ရောက်ခဲ့ပြီး  မကြာမီ အဆင့်မြင့် ကွန်မန်ဒိုတစ်ဦး ဖြစ်လာကာ ၁၉၇၃ အာရပ်-အစ္စရေးစစ်ပွဲအတွင်း ကပ္ပတိန်တာဝန်ကိုယူခဲ့သည်။

၁၉၈၂ ခုနှစ်တွင် ၎င်းသည် ၀ါရှင်တန် ဒီစီရှိ အစ္စရေးသံရုံးတွင် လက်ထောက်အကြီးအကဲ တာဝန်ကို ယူခဲ့ရပြီး  ၁၉၈၄ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ဖြစ်လာခဲ့သည်။

၁၉၈၈ ခုနှစ်တွင်မူ ဝန်ကြီးချုပ်ယစ် ဇက်ရှမီယာဦးဆောင်သည့် အစိုးရအဖွဲ့တွင် နေတန်ရာဟုက ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည်။

၁၉၉၂ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီး နောက် လက်ယာယိမ်းလီကွတ်ပါတီ၏ဥက္ကဋ္ဌနေရာကို နေတန်ရာဟုက ၁၉၉၃ ခုနှစ်တွင် ဆက်ခံကာ ပါတီလက်ဝယ် နိုင်ငံရေးအာဏာပြန်ရောက်လာစေရန် စွမ်းဆောင်ခဲ့သည်။

နောက်ပိုင်း (ဝန်ကြီးချုပ်ဟောင်း) အာရီယယ်ရှရွန်က လီကွတ်ပါတီခေါင်းဆောင်နေရာကို ရခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ရှရွန်ကပါတီမှ ထွက်သွားသဖြင့် ၎င်းနေရာကို နေတန်ရာဟုက ပြန်ရခဲ့သည်။

အသက် ၇၃ နှစ် ရှိပြီဖြစ်သည့် နေတန်ရာဟုသည် ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ၊ ၂၀၀၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ကို အခြားဝန်ကြီးချုပ်များအားလုံး ထက် အချိန်အကြာဆုံး ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယခုဝန်ကြီးချုပ်သက်တမ်းသည် ၎င်းအတွက် ဆဌမအကြိမ်ဖြစ်သည်။

ဘာကြောင့် တရားရင်ဆိုင်ရ

နေတန်ရာဟုသည် လိမ်လည်မှု ၊ ယုံကြည်မှုကိုအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက် ခြစားမှုတို့ဖြင့် စွပ်စွဲခံရပြီး  မီလျံနာသူဌေး မိတ်ဆွေများထံမှ လက်ဆောင်များရယူမှု၊ မိမိကို ထောက်ခံသည့် သတင်းများပါလာရေးအတွက်  မီဒီယာလုပ်ငန်းရှင်များကို အခွင့်အရေးများပေးမှု စသည့်လုပ်ရပ်များကြောင့် ၂၀၁၉ ခုနှစ်တွင် စွဲချက်တင်ခံရသည်။

သို့သော် ၎င်းက စွဲချက်များကို ငြင်းဆန်ကာ ဝန်ကြီးချုပ်နေရာမှ ဆင်းပေးရန် တောင်းဆိုသည်များကိုလည်း လက်မခံခဲ့ပေ။ အာဏာပိုင်များ၊ မီဒီယာများ၊ ရုံးတော်များက ၎င်းကို မလိုလားသည့်အတွက် ဖယ်ရှားရန်ကြိုးပမ်းနေကြသည်ဟုသာ အကြိမ်ကြိမ် တုံ့ပြန်ခဲ့သည်။

ထိုအဂတိလိုက်စားမှုစွဲချက်များသည် အစ္စရေးနိုင်ငံရေးနယ်ပယ်တစ်ဝန်း  နေတန်ရာဟုကို ဆန့်ကျင်လိုသူ နိုင်ငံရေးသမားများကို စည်းလုံးသွားစေသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လက ပြုလုပ်သည့် ပါလီမန်ရွေး ကောက်ပွဲများအပြီးတွင်မူ နိုင်ငံရေးအာဏာနှင့် နေတန်ရာဟု ကင်းကွာသွားတော့သည်။

အစိုးရသစ် လှမ်းလာနိုင်ဖွယ် ခြေလှမ်းများ

နေတန်ရာဟု၏ အငြင်းပွားဖွယ်အဖြစ်ရဆုံးခြေလှမ်းများထဲတွင် အစ္စရေးလက်ယာစွန်းဝါဒီအချို့ကို ထည့်သွင်းနေရာပေးကာ ညွန့်ပေါင်းဖွဲ့လိုက်ခြင်းပင်ဖြစ်သည်။ ၎င်းတို့ထဲတွင် အမျိုးသားရေးစိတ်ဓာတ်လွန်ကဲသူ အီတာမာဘန်ဗီးလည်း ပါဝင်သည်။ နေတန်ရာဟုက မစ္စတာဘန်ဗီး (လက်ရှိ ဂျူးစွမ်းအားပါတီ၏ခေါင်းဆောင်) ကို တိုးချဲ့ ဌာနဖြစ်သည့် လုံခြုံရေးဝန်ကြီးဌာနကို အုပ်ချုပ်ခွင့်ပေးထားသည်။

အီတာမာဘန်ဗီးသည် ပါလက်စတိုင်းသားများကို တိုက်ခိုက်ပြောဆိုတတ်သည့် ရာဇဝင်ရှိထားသူဖြစ်ပြီး ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် မြင်လိုသူ မဟုတ်ပေ။ အနောက်ဘက်ကမ်းဒေသ အစ္စရေးထိန်းချုပ်မှုအောက် ရှိနေရန်ကိုပင် ၎င်းက ထောက်ခံသည်။

အနှစ် ၂၀ နီးပါးအတွင်း အစ္စရေးတို့ သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းဒေသတွင် အဆိုးဆုံး မတည်ငြိမ်မှုဖြစ်နေချိန်၊ အစိုးရသစ်ကြောင့် စစ်ရေးတင်းမာမှုထပ် ဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းက Channel 12 ၁၂ ရုပ်သံနှင့် အင်တာဗျူးတွင် ကာကွယ်ရေးဝန်ကြီးနေရာကို စွန့်ရတော့မည့်  ဘန်နီဂန့်ဇ်က အစွန်းရောက်သည့်လမ်းကို ရှေးရှုနေသည့် အစိုးရသစ်ကြောင့် ပဋိပက္ခများ ဆိုးလာမည်ကို စိုးရိမ်သည်ဟု ပြောထားသည်။

ကျမ်းကျိန်ပွဲအခမ်းအနား မစတင်မီ နေတန်ရာဟုက ယခုအကြိမ်သည် အစိုးရ တစ်ရပ်ကို ခြောက်ကြိမ်မြောက် ကိုယ်စားပြုခွင့်ရခြင်းဖြစ်သော်လည်း ပထမဆုံးအကြိမ် ကဲ့သို့ပင် စိတ်လှုပ်ရှားနေသည်ဟု လွှတ်တော်ကို ပြောခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ အမီအိုဟားနားကို ရွေးချယ်ထားပြီး လိင်တူချစ်သူဂေး တစ်ဦးက ထိုနေရာကို ပထမဆုံး တာဝန်ယူမှု ဖြစ် သည်။

နိုင်ငံလုံခြုံရေးကို အာမခံပေးနိုင်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် မှတ်ယူထားသည့် နေတန်ရာဟုက ၎င်း၏အဓိကရည်မှန်းချက်သည် နျူကလီးယားလက်နက်တိုက်ဖြစ်လာရန် အီရန်က ကြိုးပမ်းနေမှုကို ဟန့်တားရန် နှင့် ဒေသတွင်း၌ အစ္စရေးစစ်တပ်က အင်အားအကြီးဆုံး ဖြစ်လာရန်ဟု ကြွေးကြော်ထားသည်။ သို့သော် အာရပ်နိုင်ငံများနှင့် ငြိမ်းချမ်းရေးရပ်ဝန်းကို တိုးချဲ့ရန် မျှော်လင့်ချက်များလည်း ၎င်းတွင် ရှိနေသည်။

အမေရိကန်ကြားဝင်စေ့စပ်မှုဖြင့် အာရပ်စော်ဘွားများနိုင်ငံ၊ ဘာရိန်း၊ မော်ရိုကိုတို့နှင့် ဆက်ဆံရေးပြေလည်အောင် ကြိုးပမ်း ထားမှုများတွင် အဓိကကျသူ အစ္စရေးထောက်လှမ်းရေးဝန်ကြီးဟောင်း အယ်လီကိုဟင်က အစိုးရသစ်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။

၂၀၂၁ ခုနှစ်၊ ဇွန်တွင် နေတန်ရာဟု ဖြုတ်ချခံရပြီးနောက် နက်ဖ်တာလီဘန်းနတ်၊ ၎င်းနောက်တွင် ယယ်လာပစ်တို့က ဝန်ကြီးချုပ် တာဝန်ကိုထမ်းဆောင်ခဲ့ပြီး  နေတန်ရာဟုအတွက် နေရာဟောင်းကိုပြန်ရရန် အချိန် သိပ်မယူလိုက်ရပေ။

ပါလက်စတိုင်းသားများအတွက် စိုးရိမ်စရာ နေတန်ရာဟု ၏ မိတ်ဖက်များအတွက်မူ ၎င်းင်းတို့စိတ်ကူးထဲမှအစိုးရဖြစ်လာပေလိမ့်မည်။ “တစ်ဦးရဲ့အိပ်မက်ဟာ အခြားတစ်ဦးရဲ့အိပ်မက်ဆိုးပဲ။ ဒီအစိုးရဟာ အစ္စရေးနိုင်ငံကို လမ်းကြောင်းသစ်တစ်ခုပေါ် ဆွဲခေါ်သွားမယ့်ပုံ ရှိတယ်”ဟု နိုင်ငံရေး ၊စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့ Israel Democracy Institute ဥက္ကဌ ယိုဟာနန် ပလက်စနာက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း အနောက်ဘက်ကမ်းတွင် အစ္စရေးက ဂျူးအိမ်ရာများတိုးချဲ့ လာမည်ကို အမေရိကန်က လက်ခံမည်မဟုတ်ဟု သတိပေးထားသည်။ သို့သော် ဦးစားပေး ပေါ်လစီများ ထုတ်ပြန်ထားသည့် အထဲတွင် အစ္စရေးအိမ်ရာများ တိုးချဲ့ရေးကို ဆက်လက်လုပ်ဆောင်မည်ဟု နေတန်ရာဟု၏လီကွတ်ပါတီကဆိုသည်။ နိုင်ငံတကာဥပဒေအရမူ ၎င်းတိုးချဲ့အိမ်ရာများကို တရားမဝင်ဟု သတ်မှတ်သည်။ Ref : Aljazeera


READ NEXT
Cancel OK