ငယ်စဉ်ကလေးဘဝကတည်းက ဆင်းရဲခါးသီးမှုကိုဒဏ်ကိုရင်းနှီးခဲ့ရသည့် အသက် ၇၇ နှစ်အရွယ် လူးဝစ်အင်နာစီယို လူလာဒါဆီဗာသည် သဘောထားကွဲလွဲမှုများစွာဖြင့်ပြီးဆုံးထားသည့် အောက်တိုဘာ ရွေးကောက်ပွဲတွင် လက်ယာစွန်းဝါဒီခေါင်းဆောင် ဘော်ဆိုနာရိုကို ပွတ်ကာသီကာ အနိုင်ရခဲ့ပြီးနောက် သမ္မတတာဝန်ကို တတိယအကြိမ် ထမ်းဆောင်တော့မည် ဖြစ်သည်။
လူလာဟု အများသိကြသည့် လူလာဒါ ဆီဗာသည် လက်တင်အမေရိက၏ စီးပွားရေးအတောင့်တင်းဆုံးဖြစ်ရာ ဘရာဇီးနိုင်ငံ ၏ခေါင်းဆောင်နေရာကို ထောက်ခံမဲ ၅၀.၉ ရာခိုင်နှုန်းဖြင့် တစ်ကျော့ပြန် ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သမ္မတတာဝန်ကို ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
သို့သော် Operation Carwash ဟု အမည်ရသည့် နိုင်ငံ၏အကြီးဆုံး အဂတိလိုက်စားမှု စုံစမ်းဖော်ထုတ်မှုတွင် လူလာပါဝင်ငြိ စွန်းနေမှု ပေါ်ပေါက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဧပြီမှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာအထိ ရက်ပေါင်း ၅၈၀ ထောင်ကျခဲ့သည်။ လူလာဘက်ကမူ ၎င်းသည် နိုင်ငံရေးလုပ်ဇာတ်တစ်ခု၏ သားကောင် ဖြစ်ခဲ့ရသည်ဟုသာ တွင်တွင်ပြောခဲ့သည်။(၂၀၁၈ ရွေးကောက်ပွဲတွင် ဘော်ဆိုနာရိုက အနိုင်ရသည်။)
အမည်းစက်ဖြစ်ရ
လူလာ၏ အလုပ်သမားများပါတီ (PT)အပေါ် စိတ်ပျက်လာမှုက ဘော်ဆိုနာရိုကို သမ္မတနေရာသို့ တွန်းပို့ပေးခဲ့သည်။သို့ သော် ရှေးရိုးသမား ဘော်ဆိုနာရို၏ ကိုဗစ်အရေး အကိုင်တွယ်ညံ့မှု၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမှု၊ လူမျိုးခြားမုန်းတီးသည့် ကျားမခွဲခြားချိုးနှိမ်သည့် စကားများပြောတတ်မှုတို့ကြောင့် ၎င်းင်းကို လူထုထောက်ခံ သဘောကျမှု မှေးမှိန်လာခဲ့သည်။
၂၀၂၁ ခုနှစ်၊ မတ်တွင် ဘရာဇီးတရားရုံးချုပ်က လူလာ၏ပြစ်ဒဏ်များကို ရုပ်သိမ်းကာ နိုင်ငံရေးလောကသို့ ပြန်ခြေချခွင့်ပြု လိုက်သည်။ လူလာတရားစွဲခံရသည့်အမှုတွင် အဓိကတရားသူကြီးဖြစ်သည့် ဆာဂျီယိုမော်ရိုက ဘက်လိုက်ခဲ့သည်ကိုလည်း တရားရုံးချုပ်က စစ်ဆေးတွေ့ခဲ့သည်။ မော်ရိုသည် ဘော်ဆိုနာရိုလက်ထက် တရားရေးဝန်ကြီးနေရာကို တာဝန်ယူရသည်။
သို့သော်နိုင်ငံပိုင်ရေနံကုမ္ပဏီ Petrobras ကို ကန်ထရိုက်များပေးကာ လာဘ်စားခဲ့သည့်စွဲချက်များအတွက် လူလာတွင် အ ပြစ်မရှိဆိုသည့် စီရင်ချက်ကျမလာခဲ့ပေ။
Petrobras အရှုပ်တော်ပုံသည် ဘရာဇီးနိုင်ငံ၏ သြဇာတိက္ကမအရှိဆုံး နိုင်ငံရေးသမားအချို့၊ စီးပွားရေးအလုပ်အမှုဆောင်များ နှင့် လူလာ၏နိုင်ငံရေးပါတီ PT တို့ကို အမည်းစက်စွန်းစေခဲ့ကာ လူလာကိုယ်တိုင်လည်း ဘရာဇီးပြည်သူအများစု၏ အပယ် ခံဘဝကိုရောက်ခဲ့တော့သည်။
အောက်ခြေဘဝမှတက်လာသူ
လူလာသည် အတန်းပညာ မတတ်သည့် လယ်သမားမိသားစုမှ ဆင်းသက်လာခဲ့ပြီး သားသမီးရှစ်ဦးအနက် ခုနစ်ဦးမြောက် ဖြစ်သည်။ မိုးနည်းသည့် ပယ်နမ်ဘူကိုပြည်နယ်တွင် နေထိုင်သည့်၎င်းတို့မိသားစုသည် လူလာအသက် ခုနစ်နှစ်အရွယ်တွင် စီးပွားရေးအချက်အချာ ဆော်ပိုလိုမြို့သို့ ရွှေ့ပြောင်းလိုက်သည်။
လူလာသည် ဖိနပ်တိုက်သည့်အလုပ် ၊ မြေပဲရောင်းသည့်အလုပ်တို့လုပ်ခဲ့ကာ အသက် ၁၄ နှစ်အရွယ်တွင် သတ္တုထည်လုပ် ငန်း၌ ဝင်လုပ်ကိုင်ခဲ့သည်။ လုပ်ငန်းခွင်မတော်တဆမှုကြောင့် လူလာသည် လက်ချောင်းတစ်ချောင်း ဆုံးရှုံးထားသည်။
၁၉၈၀ ခုနှစ်တွင် ၎င်းသည် အလုပ်သမားများပါတီအမည်ဖြင့် နိုင်ငံရေးပါတီကို ပူးတွဲထူထောင်လိုက်ပြီး ကိုးနှစ်အကြာတွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဖြစ်လာသည်။ သို့သော် ၁၉၈၉ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရွေးကောက်ပွဲ သုံးကြိမ် ရှုံးခဲ့ပြီး ၂၀၀၂ ခုနှစ်မှာမှ သမ္မတနေရာအတွက် အနိုင်ရခဲ့သည်။ နောက်လေးနှစ်အကြာတွင်လည်း လူလာပင် ထပ်မံ အနိုင်ရခဲ့သည်
ရေပန်းအစားဆုံးနိုင်ငံရေးသမား
လူလာသည် ဘရာဇီးနိုင်ငံကို နိုင်ငံတကာအလယ်တွင် အဓိကနေရာရောက်အောင် ဆွဲခေါ်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားနှင့် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတို့ကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခွင့်ရခဲ့သည်။
အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားကပင် လူလာကို ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး နိုင်ငံရေးသမားဟု ပြောခဲ့ ဖူးသည်။ စကားပြောလျှင် လည်ချောင်းသံပေါက်နေခြင်းက လူလာ၏ ထင်ရှားသည့် လက္ခဏာတစ်ခုဖြစ်သည်။ သားသမီး ငါးဦးရှိပြီး မုဆိုးဖိုနှစ်ခါဖြစ်ထားသည့် လူလာသည် လည်ချောင်းကင်ဆာဖြစ်ခဲ့ဖူးသည်။
စောင့်ကြိုနေသည့် အကျပ်အတည်းများစွာ
လူဦးရေ ၂၁၅ သန်း ရှိပြီး ပြည်သူထက် ဝက်ကျော် စားစရာမလုံလောက်မှုနှင့် ရင်ဆိုင်နေရသည့် ဘရာဇီးနိုင်ငံကို ဦးဆောင် မည့် သမ္မတလူလာကို အကျပ်အတည်းများစွာက စောင့်ကြိုနေသည်။
လူလာသည် ဘရာဇီးနိုင်ငံကို ပျော်စရာကောင်းသည့်နိုင်ငံဖြစ်အောင် ပြန်လည်ဖန်တီးပေးမည်ဆိုသည့် ကတိကို ပေးထားပြီး ၎င်းကိုထောက်ခံမဲမပေးခဲ့သည့် ပြည်သူ ၅၈ သန်းကို ချွေးသိပ်ရဦးမည်ဖြစ်သည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် လူလာကို ထောက်ခံသူ ၅၀.၉ ရာခိုင်နှုန်း ရှိပြီး ဘော်ဆိုနာရိုကိုထောက်ခံသူ ၄၉.၁ ရာခိုင်နှုန်း ရှိ ကာ ရွေးကောက်ပွဲပြီးသွားပြီး နှစ်လကြာသည်အထိ ဘော်ဆိုနာရိုကို ထောက်ခံသူများက စစ်တန်းလျားများရှေ့တွင် ဆန္ဒပြကာ စစ်တပ်ကကြားဝင်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဘော်ဆိုနာရိုလက်ထက် အခြေအနေ ပိုဆိုးသွားသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဟန့်တားရန်သည် လူလာ၏ဦးစား ပေး တာဝန်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ပညာရေးစနစ် အဆင့်မြှင့်တင်ရန်၊ လူမျိုးရေး တန်းတူမရှိမှုကို ဖြေရှင်းရန် တာဝန်များလည်းကျန်သေးသည်။ ဘော်ဆိုနာရို လက်ထက် ထိန်းချုပ်မရဖြစ်ခဲ့သည့် လက်နက်ကိုင်ဆောင်မှုကို ကန့်သတ်ထိန်းချုပ်ရန်လည်း အရေးကြီးသည်။
နိုင်ငံတကာနှင့်ဆက်ဆံရေးတွင် လူလာက ဘော်ဆိုနာရိုလက်ထက် နိုင်ငံတကာ နှင့်ကင်းကွာစေခဲ့သည့် ဘရာဇီးကို ပြန်လည် နီးကပ်အောင် ကြိုးစားရလိမ့်မည်ဖြစ်ပြီး ဘရာဇီးသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသို့ ကြွေးမြီ ဒေါ်လာတစ်ဘီလျံနီးပါး တင်ထားသည်။
ဆင်းရဲငတ်မွတ်မှုကို ဖြေရှင်းရန်မှာလည်း ၎င်း၏အဓိကတာဝန်တစ်ရပ် ဖြစ်နေပြန်သည်။ ဘရာဇီးပြည်သူ ၁၂၅ သန်းသည် စားစရာချို့တဲ့မှုနှင့် ရင်ဆိုင်နေရပြီး (၎င်းသမ္မတအဖြစ် တာဝန်ယူခဲ့စဉ်က ဆင်းရဲတွင်းမှဆွဲတင်ပေးခဲ့သည့် ) ပြည်သူသန်း ၃၀ သည် ငတ်မွတ်မှုဒဏ် ခံစားနေရသည်။ စီးပွားရေးကို စိုးရိမ်ကြောင့်ကြနေရခြင်းက လူလာကို ထောက်ခံမဲပေးစေခဲ့သည့် အဓိက တွန်းအားတစ်ခုလည်းဖြစ်သည်။
သမ္မတနေရာကို လက်လွှတ်ရတော့မည့် ဘော်ဆိုနာရိုကမူ ၎င်း၏ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို အသိအမှတ်ပြု လက်မခံနိုင်ဆဲ ဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်က ပြည်ပခရီးတစ်ခုကို ထွက်သွားသည်။ လူလာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့်နေ့မတိုင်မီ နှစ်ရက်စောကာ အမေရိကန်သို့ ထွက်ခွာသွားခြင်း ဖြစ်သည်။
၎င်းသည် ဘော်ဆိုနာရိုက ၂၀၂၃ ခု နှစ်၊ ဇန်နဝါရီ ၁ ရက်တွင်ပြုလုပ်မည့် လူလာကျမ်းသစ္စာကျိန်ဆိုပွဲသို့ မတက်ရောက်ဆို သည့် အဓိပ္ပာယ်ဖြစ်ပြီး နောင်တက်မည့် သမ္မတသစ်ကို သမ္မတစလွယ် လွှဲပြောင်းပေးအပ်ရသည့် အစဉ်အလာကိုလည်း လျစ်လျူရှုလိုက်ခြင်းဖြစ်သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
