Top News

အီရန်အာဏာပိုင်များအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာသည့် လူထုဆန္ဒပြမှုများ
24htopnews | December 19, 2024 10:12 AM CST

ရက်တစ်ရာကျော် ရှိလာပြီဖြစ်သည့် အီရန်ဆန္ဒပြမှုများသည် အစဉ်အလာတားမြစ်ချက်များကို ချိုးဖျက်ကာ အာဏာပိုင်များ၏ ရက်ရက်စက်စက် ဖြိုခွင်းမှုများကို ဆန့်ကျင်အာခံလျက် အပြောင်းအလဲအတွက် တွန်းအားပေး လုပ်ဆောင်နေခြင်းဖြစ်ပြီး အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ သဘောတရားရေးရာမဏ္ဍိုင်ကိုပင် ကိုင်လှုပ်ခဲ့လေသည်။

ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း အသက် ၂၂ နှစ်အရွယ် မာဆာအာမီနီဟုအမည်ရသော အမျိုးသမီး သေဆုံးသွားပြီးနောက် စက်တင်ဘာလလယ်တွင် ဆန္ဒပြမှုများ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကာ ၎င်းဆန္ဒပြမှုများသည် စီးပွားရေးဆိုင်ရာ အားနည်းချက်များနှင့် လူမှုရေးကန့်သတ်ပိတ်ပင်မှုများနှင့်ပတ်သက်၍ မျိုသိပ်ထားရသည့် လူထု၏အမျက်ဒေါသကို ထင်ဟပ်နေသည်ဟု အကဲခတ်များက ဆိုသည်။

ယခင်က အီရန်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ဖူးသော်ငြားလည်း ကြာမြင့်သည့် အချိန်ကာလနှင့် နိုင်ငံတစ်ဝန်းရှိ အရပ်ဒေသအသီးသီးမှ လူမျိုးစုများနှင့် လူတန်းစားအလွှာအသီးသီးသို့ ပျံ့နှံ့သွားပုံမှာ မကြုံစဖူး အနေအထားပင်ဖြစ်ပြီး ဘာသာရေးခေါင်းဆောင်များ ကြီးစိုးထားသည့် အစိုးရစနစ် အဆုံးသတ်ရေးအတွက်လည်း ပေါ်ပေါ်ထင်ထင်တောင်းဆိုလာကြသည်။

အီရန်ဥသျှောင် ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီ၏ ရုပ်ပုံများကို မီးရှို့ဖျက်ဆီးမှုများ၊ အမျိုးသမီးများက ခေါင်းစည်းပဝါမခြုံဘဲ ရဲရဲတင်းတင်းလမ်းပေါ်ထွက်လာမှုများနှင့် ရံဖန်ရံခါဆိုသလို ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်းဖြစ်ပွားမှုများလည်း ပေါ်ပေါက်လာခဲ့သည်။

အီရန်အာဏာပိုင်များကမူ အဓိကရန်သူတော်အမေရိကန်နှင့် ဗြိတိန်၊ ပြင်သစ်အစရှိသည့် အနောက်နိုင်ငံများ ပါဝင်သော ရန်လိုသည့် ပြည်ပအင်အားကြီးနိုင်ငံများနှင့် ပြည်ပရောက်အတိုက်အခံအုပ်စုများက ပြည်တွင်း၌ ဆူပူအုံကြွမှု ဖြစ်လာစေရန် သွေးထိုးလှုံ့ဆော်နေသည်ဟု စွပ်စွဲထားသည်။

အီရန်အစိုးရသည် ဆန္ဒပြပွဲများအား ဖြိုခွင်းမှုကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ကာ ဆန္ဒပြမှုများနှင့် ဆက်နွှယ်နေသူနှစ်ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာလထဲတွင် ကွပ်မျက်ခဲ့သည့်အတွက် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုများ၊ ဒဏ်ခတ်အရေးယူမှု အသစ်များနှင့် ကြုံတွေ့ခဲ့ရသည်။

အမျိုးသမီးများ လိုက်နာရမည့် တင်းကျပ်သော ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းချက်ကို ချိုးဖောက်မှုဖြင့် အာမီနီကို ဖမ်းဆီးခဲ့သည့် ဘာသာရေးဆိုင်ရာ ကျင့်ဝတ်ထိန်းသိမ်းရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အီရန်အစိုးရရှေ့နေချုပ်က ဒီဇင်ဘာလအစောပိုင်းတွင် ကြေညာခဲ့သည်။

သို့ရာတွင် အမျိုးသမီးများ ခေါင်းစည်းပဝါ ဝတ်ဆင်ရန် ဥပဒေအရ ပြဋ္ဌာန်းထားဆဲဖြစ်သည့်အလျောက် တက်ကြွလှုပ်ရှားသူများက ၎င်း၏ကြေညာချက်အပေါ် သံသယရှိနေဆဲဖြစ်သည်။

“ဒါဟာ အမှန်တကယ် ပြောင်းလဲမှုလုံးဝမဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ တစ်နည်းတစ်ဖုံနဲ့ ဒဏ်ခတ်ခံနေရဆဲဖြစ်တယ်” ဟု လန်ဒန်အခြေစိုက် အီရန်ဆိုင်ရာ တရားမျှတမှုအဖွဲ့တည်ထောင်သူ ရှာဒီဆာဒါးက ဆိုသည်။

ထို့အတူ ၎င်းဆန္ဒပြလှုပ်ရှားမှု၏ အဓိကတောင်းဆိုချက်သည်လည်း ပြောင်းလဲမည်မဟုတ်ဘဲ ဆန္ဒပြသူများသည် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ ပညတ်ချက်များကို ကျောခိုင်းချင်နေကြသည်ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

မကြုံဖူးလောက်သည့် စိန်ခေါ်မှု

မကြာသေးမီ သီတင်းပတ်များအတွင်း ဆန္ဒပြမှုများသည် ပမာဏနှင့် အကြိမ်ရေအားဖြင့် လျော့ကျသွားပုံ ရသော်လည်း နိုင်ငံတစ်ဝန်း၌ ဆန္ဒပြပွဲများ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ကြောင်း အော်စလိုအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ (IHR) က ဆိုသည်။

အီရန်အစိုးရသည် လူထုအုံကြွမှုကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ဆန္ဒပြမှုများသည် လုံးဝနောက်ပြန်လှည့်ခြင်း မရှိကြောင်း IHR ၏ ဒါရိုက်တာဖြစ်သူ မာမွတ်အမီရီမိုဂက်ဒမ်က AFP သို့ ပြောကြားခဲ့သည်။

၁၉၇၉ ခုနှစ်တွင် အနောက်ယိမ်းသည့် လောကီသီးသန့်ဝါဒီ ရှားဘုရင်ကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံတည်ထောင်သူ အယာတိုလာ ရူဟိုလာခိုမေနီနှင့် ၎င်း၏အရိုက်အရာဆက်ခံသူ အယာတိုလာ အလီခါမေနီတို့က အုပ်ချုပ်လာခဲ့ခြင်းဖြစ်သည်။

အစ္စလာမ္မစ်သမ္မတနိုင်ငံ တည်ထောင်ပြီးပြီးချင်းမှာပင် အစ္စလာမ္မစ် ရှာရီယာဥပဒေပြဋ္ဌာန်းခြင်းနှင့် လူအများကြား သွားလာရာတွင် အမျိုးသမီးများကို ခေါင်းစည်းပဝါ မဖြစ်မနေ ဝတ်ဆင်စေသည့် စည်းကမ်းချက်များ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

ထိုစဉ်ကတည်းကစ၍ အီရန်အစိုးရသည် ပြည်ပ၌ ဥပဒေကျော်လွန် သတ်ဖြတ်ခြင်းနှင့် အဓမ္မဖမ်းဆီးခြင်း၊ ပြည်တွင်း၌ နိုင်ငံခြားသားများကို ဓားစာခံလုပ်ခြင်းကဲ့သို့သော အလွန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။

အီရန်သည် တရုတ်မှအပ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံအားလုံးထက် ကွပ်မျက်မှုများကို ပိုမိုလုပ်ဆောင်ထားသည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အဆိုအရ သိရသည်။ ၂၀၂၂ တစ်နှစ်တည်း၌ပင် အီရန်အာဏာပိုင်များက လူ ၅၀၀ ကျော်ကို ကွပ်မျက်ခဲ့သည်ဟု အီရန်လူ့အခွင့်အရေးအဖွဲ့ (IHR) ကလည်း ပြောကြားခဲ့သည်။

အီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အနောက်နိုင်ငံများနှင့် အခြေအနေတင်းမာနေဆဲဖြစ်ကာ လက်ဘနွန်နှင့် အီရတ်ရှိ ရှီးအိုက်မဟာမိတ်များမှတစ်ဆင့် အရှေ့အလယ်ပိုင်းဒေသတစ်ခွင်၌ သြဇာဖြန့်ကြက်ရန် ကြိုးပမ်းလျက်ရှိသည်။ အီရန်သည် ဆီးရီးယားပြည်တွင်းစစ်၌ ပါဝင်ပတ်သက်နေသကဲ့သို့ ယီမင်ပြည်တွင်းစစ်၌လည်း သူပုန်များကို ကျောထောက်နောက်ခံပေးနေသည်။

ဖိနှိပ်မှုများအပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုများနှင့် အနောက်နိုင်ငံများက ဒဏ်ခတ်အရေးယူမှုများ ဆက်တိုက်လုပ်ဆောင်မှုများကြောင့် ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်ကို မြန်မြန်ဆန်ဆန် ပြန်အသက်သွင်းနိုင်ရေး မျှော်လင့်ချက်များလည်း ပျောက်ကွယ်သွားခဲ့သည်။

ထို့အပြင် ယူကရိန်းကို ရုရှားက ကျူးကျော်မှုတွင်လည်း အီရန်က ပါဝင်ပတ်သက်လျက်ရှိပြီး မြို့တော်ကိယက်ဗ်နှင့် အခြားယူကရိန်းမြို့များကို တိုက်ခိုက်ရာတွင် ရုရှားက အသုံးပြုနေသည့် ဒရုန်းများကို အီရန်က ထောက်ပံ့ပေးနေသည်ဟု အနောက်နိုင်ငံများက စွပ်စွဲထားသည်။ အီရန်ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆန်ခဲ့သည်။

လက်ရှိတွင် အီရန်အာဏာပိုင်များသည် ပြည်တွင်း၌ အကြီးမားဆုံးစိန်ခေါ်မှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။

“အီရန်အစိုးရဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံသက်တမ်း ၄၃ နှစ်တာကာလအတွင်း မကြုံဖူးသေးတဲ့ အင်အားယုတ်လျော့မှုမျိုး ဖြစ်နေပုံရတယ်” ဟု Carengie Endowment for International Peace မှ စီနီယာဖဲလို တစ်ဦးဖြစ်သူ ကာရင်ဆာဂျာပူးရ်က သုံးသပ်သည်။

ဖိနှိပ်မှုယန္တရား

ဆန္ဒပြမှုများကို တုံ့ပြန်ရာတွင် အာဏာပိုင်များသည် ကျည်အစစ်အသုံးပြုခြင်း၊ လူအများအပြားကို ဖမ်းဆီးခြင်းနှင့် သေဒဏ်စီရင်ခြင်းကဲ့သို့သော ၎င်းတို့စနစ်တကျ ပြင်ဆင်ထားသည့် ဖိနှိပ်ရေးယန္တရားကို စုစည်းအသုံးပြုနေသည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားသည်။

အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူ ၆၄ ဦးအပါအဝင် လူပေါင်း ၄၇၆ ဦးထက်မနည်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်ဟု IHR ကလည်း ပြောကြားခဲ့သည်။

ကမ္ဘာကျော် အီရန်ရုပ်ရှင်မင်းသမီး တာရာနာအလီဒူစတီကဲ့သို့သော ထင်ပေါ်ကျော်ကြားသူအချို့အပါအဝင် လူပေါင်း ၁၄,၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်ဟုလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ ၎င်းသည် ခေါင်းစည်းပဝါကိုချွတ်လျက် ဆန္ဒပြလှုပ်ရှားမှုကို ထောက်ခံသည့်ပို့စ်များနှင့် ဆန္ဒပြသူများအား ကွပ်မျက်မှုကို ရှုတ်ချသည့်ပို့စ်များ ကိုတင်ခဲ့သည့်အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

ရက်ပ်အဆိုတော် တူမက်ဆာလေဟီသည်လည်း ဖမ်းဆီးခံထားရပြီး သေဒဏ်ကျခံရနိုင်သည့် အရေးနှင့် ရင်ဆိုင်နေရသည်။ အီရန်တရားရေးအာဏာပိုင်များသည် နောက်ထပ်လူကိုးဦးကိုလည်း သေဒဏ်ချမှတ်ထားပြီး ၎င်းတို့အနက်မှ နှစ်ဦးကိုမူ ပြန်လည်ကြားနာစစ်ဆေးသွားမည်ဖြစ်သည်။

ထို့အပြင် နောက်ထပ်လူ ၈၀ ကျော်သည်လည်း သေဒဏ်ကျခံရနိုင်သည့်စွဲချက်များနှင့် ရင်ဆိုင်နေရသည်ဟု IHR က ဆိုသည်။

ကွပ်မျက်မှုများ လုပ်ဆောင်ခြင်းဖြင့် အကြောက်တရားသွတ်သွင်းသည့် နည်းပရိယာယ်သည် ကျရှုံးနေပြီဖြစ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် ထိရောက်မှုမရှိတော့ဘဲ လူထု၏အမျက်ဒေါသကိုသာ လှုံ့ဆော်ပေးရာ ရောက်ခဲ့သည်ဟု IHR ၏ ဒါရိုက်တာဖြစ်သူ မိုဂက်ဒမ်က ပြောကြားသည်။

မုချအနိုင်ရလိမ့်မည်

၁၉၇၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းက ခိုမေနီအနေဖြင့် ရှားဘုရင်ကို ပြည်ပမှ အန်တုရင်ဆိုင်ခဲ့စဉ်ကနှင့် ကွဲပြားသည်မှာ အီရန်၏ လတ်တလော ဆန္ဒပြလှုပ်ရှားမှုကို ခေါင်းဆောင်တစ်ဦးတည်းက ဦးဆောင်နေခြင်း မဟုတ်ပေ။

အဆိုပါလှုပ်ရှားမှုကို အဓိကဦးဆောင်နေသူများအနက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် စည်းရုံးလှုံ့ဆော်သူ ဟော့စိန်ရိုနာဂီ၊ ထင်ရှားသော အတိုက်အခံတစ်ဦးဖြစ်သည့် မာဂျစ်တာဗာကိုလီနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ ၀ါရင့်တက်ကြွလှုပ်ရှားသူ ဖာတီမာစီပရီတို့လည်း ပါဝင်နေသည်။ ၎င်းတို့ထဲတွင် ရိုနာဂီနှင့် တာဗာကိုလီတို့မှာ ပြန်လွတ်မြောက်လာပြီဖြစ်ပြီး စီပရီမှာမူ ဖမ်းဆီးခံထားရဆဲဖြစ်သည်။

“အီရန်ပြည်တွင်းကနေ မိမိအနေနဲ့ စိတ်ဓာတ်ထက်သန်မှု၊ ပြင်းပြတဲ့ မျှော်လင့်ချက်တွေနဲ့အတူ တက်တက်ကြွကြွ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ မိမိတို့ အနိုင်ရလိမ့်မယ်လို့လည်း ယုံကြည်တယ်” ဟု ဆန္ဒပြပွဲများ မတိုင်မီကပင် ထိန်းသိမ်းခံထားရသည့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူ နာဂီစ်မိုဟာမက်ဒီက တီဟီရန်ရှိ အယ်ဗင်အကျဉ်းထောင်အတွင်းမှ ကြွေးကြော်ခဲ့သည်။ Ref:AFP


READ NEXT
Cancel OK