Top News

ထိုင်ဝမ်နယ်မြေထဲ တရုတ်လေကြောင်းကျူးကျော်မှုများ နှစ်ဆတိုးလာသည့်ပြဿနာ
24htopnews | December 19, 2024 10:12 AM CST

တရုတ်က ထိုင်ဝမ်ကို ခြိမ်းခြောက်မှုများ တိုးမြှင့်လုပ်ဆောင်လာသောအနေအထားတွင် ဂျက်တိုက်လေယာဉ်နှင့် ဗုံးကြဲလေယာဉ် ပျံသန်းမှုများ မြင့်တက်လာခြင်းနှင့်အတူ ၂၀၂၂ ခုနှစ်တွင် ထိုင်ဝမ်လေကြောင်းရန် ကာကွယ်ရေးဇုန်ထဲကို တရုတ်စစ်လေယာဉ် ကျူးကျော်ဝင်ရောက်မှုများသည် နှစ်ဆနီးပါးရှိလာသည်။

ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်နေသော ထိုင်ဝမ်သည် ကျူးကျော်မှုနှင့်သက်ဆိုင်သည့် အဆက်မပြတ်ခြိမ်းခြောက်မှုဖြင့် နေထိုင်နေရသည်။ ကွန်မြူနစ်ပါတီခေါင်းဆောင်များက ထိုင်ဝမ်ကျွန်းကို တရုတ်၏ ပိုင်နက်အစိတ်အပိုင်းအဖြစ် ပြောကြားနေကြပြီး တစ်ချိန်ချိန်တွင် ထိုင်ဝမ်ကျွန်းကို သိမ်းယူမည်ဟု ကြုံးဝါးထားကြသည်။

သို့သော်လည်း ရှီ၏စစ်တပ်က ကျူးကျော်ဝင်ရောက်မှုများကို တိုးမြှင့်ခဲ့ပြီး သြဂုတ်လတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ၏ခရီးစဉ်ကို ကန့်ကွက်သည့်အနေဖြင့် ဆယ်စုနှစ်များစွာအတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်လိုက်သောကြောင့်၂၀၂၂ ခုနှစ်တွင် ပိုမိုနက်ရှိုင်းသောဆက်ဆံရေး ယိုယွင်းမှုကို မြင်တွေ့ရသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်က ထိုင်ဝမ်၏လေကြောင်းရန်ကာကွယ်ရေးဇုန် (Air Defence Identification Zone-ADIZ) ထဲသို့ လေယာဉ်အကြိမ်ရေ ၁,၇၂၇ စေလွှတ်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော နေ့စဉ်နောက်ဆုံးရသတင်းများကို အခြေခံ၍အေအက်ဖ်ပီသတင်းဌာနက သိမ်းဆည်းထားသော ကွန်ပျူတာအချက်အလက်မှတ်တမ်းများအရ သိရသည်။

ထိုအရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် အကြိမ်ရေ ၉၆၀ နီးပါး ကျူးကျော်ဝင်ရောက်မှုနှင့် ၂၀၂၀ ခုနှစ်တွင် အကြိမ်ရေ ၃၈၀ နီးပါး ဝင်ရောက်မှုတို့နှင့် နှိုင်းယှဉ်၍ရသည်။

တိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၅၃၈ ကြိမ်မှ နှစ်ဆဖြစ်လာကာ ၁,၂၄၁ ကြိမ် ရှိလာပြီး နျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်သည့် ဗုံးကြဲလေယာဉ် H6 အပါအဝင် ဗုံးကြဲလေယာဉ်များ ကျူးကျော်မှုသည် အကြိမ်ရေ ၆၀ မှ ၁၀၁ ရှိလာသည်။

လွန်ခဲ့သောနှစ်တွင်လည်း ဒရုန်းများ ပထမဆုံးအကြိမ် ကျူးကျော်ဝင်ရောက်မှုကို မျက်ဝါးထင်ထင်မြင်ရသည်။ ပယ်လိုစီ၏ ခရီးစဉ်အပြီးတွင် စုစုပေါင်းဒရုန်း ၇၁ ကြိမ် ဝင်ရောက်လာသည်ဟု ထိုင်ဝမ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

တရုတ်က ထိုင်ဝမ်ကာကွယ်ရေးကို စူးစမ်းရန်၊ သက်တမ်းရင့်ထိုင်ဝမ်လေတပ် အင်အားကုန်ခန်းသွားစေရန်၊ ထိုင်ဝမ်အတွက် အနောက်ထောက်ပံ့မှု အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ ထောက်ပံ့မှုနှင့်ပတ်သက်၍ ဘဝင်မကျကြောင်း ပြသရန် ကျူးကျော်ဝင်ရောက်မှုများကို အသုံးချခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာဆန်းစစ်သူများက ပြောသည်။

“သူတို့က သူတို့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဆန္ဒကိုပြချင်တယ်။ အမေရိကန်ပြည်ထောင်စုကိုလည်း သူတို့ရဲ့ သတိပေးမျဉ်းနဲ့ သိပ်ကပ်မလာနဲ့ သတိပေးမျဉ်းကို မဖြတ်နဲ့ဆိုပြီး အကျပ်ကိုင်ချင်နေတယ်” ဟု ထိုင်ဝမ်စစ်ဦးစီးချုပ် ဟောင်းလီရှိမင်က အေအက်ဖ်ပီကို ပြောသည်။

ဗျူဟာကျကျ မပြတ်သားမှုလော

အမေရိကန်ပြည်ထောင်စုက သံတမန်ရေးအရ ထိုင်ဝမ်ထက် တရုတ်ကို အသိအမှတ်ပြုထားသည်ဆိုသော်လည်း အမေရိကန်သည် ထိုင်ဝမ်၏အရေးအပါဆုံး မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။

ထိုင်ဝမ်၏ အဆင့်အတန်းနှင့်ပတ်သက်၍ အင်အားသုံးလုပ်ဆောင်သော အပြောင်းအလဲမှန်သမျှကို အမေရိကန်က ဆန့်ကျင်ပြီး ကျွန်းအားခုခံကာကွယ်ရန် နည်းစနစ်များ ပံ့ပိုးပေးရေးအတွက် ကွန်ဂရက်ဥပဒေဖြင့် ဆောင်ရွက်သည်။

ထိုင်ဝမ်အတွက် ထောက်ပံ့မှုသည် အမေရိကန်ပါတီနှစ်ရပ်စလုံးသဘောတူသည့်  ရှားရှားပါးပါးအရေးကိစ္စတစ်ရပ်ဖြစ်ပြီး တရုတ်အနေဖြင့် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းဖွယ်ရှိ မရှိဆိုသည့်အပေါ် စိုးရိမ်မှုကြီးထွားလာသည်။

အမေရိကန်သည် ထိုင်ဝမ်နှင့်ပတ်သက်၍ ဗျူဟာကျကျမပြတ်မသားမူဝါဒကို ဆက်လက်ကိုင်စွဲထားပြီး ထိုင်ဝမ်အား အကာအကွယ်ပေးခြင်းပြုမပြုဆိုသည်ကို တမင်တကာခိုင်ခိုင်မာမာ ပြောကြားခြင်းမပြုပေ။

ကျူးကျော်မှုမှန်သမျှ၏ ဆုံးရှုံးနစ်နာမှုကို တရုတ်အနေဖြင့် အသေအချာ စဉ်းစားစေရန် ထိုဗျူဟာက ရည်ရွယ်ခြင်းဖြစ်ပြီး ထိုင်ဝမ်ကို လွတ်လပ်ရေးတရားဝင်ကြေညာခြင်းမှ ဟန့်တားထားခြင်းလည်းဖြစ်သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဗျူဟာကျကျမပြတ်သားမှုကိစ္စနှင့်စပ်လျဉ်း၍ စိတ်အပြောင်းအလဲမြန်နေသည်။

တရုတ်ကျူးကျော်လာပါက အမေရိကန်စစ်သားများက ထိုင်ဝမ်ကို အကူအညီပေးလိမ့်မည်ဟု ၎င်းက ထပ်တလဲလဲပြောကြားခဲ့ရာ အိမ်ဖြူတော်ကသာ ၎င်း၏မှတ်ချက်များကို ပြင်ဆင်၍ ပြောခဲ့ရသည်။

တရုတ်သည် ထူးထူးခြားခြားဖြစ်ရပ်များကို ဒေါသထွက်ကြောင်း ထုတ်ဖော်ရန် စစ်လေယာဉ်ကျူးကျော်ဝင်ရောက်မှုများကို အသုံးပြုခဲ့သည်။ အမေရိကန်နှင့် ထိုင်ဝမ်တို့၏ ပူးပေါင်ကြံစည်မှုနှင့် ရန်စမှုများတိုးလာသည်ကို တုံ့ပြန်ခြင်းဖြစ်သည်ဆိုကာ တရုတ်က ဒီဇင်ဘာ ၂၅ ရက်တွင် တိုက်ခိုက်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ရန် စစ်လေယာဉ် ၇၁ စင်းကို စေလွှတ်ခဲ့သည်။

ဘိုင်ဒင်က ထိုင်ဝမ်ကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံအထိပေးရန် လက်မှတ်ရေးထိုးလိုက်ပြီးနောက် ရက်ပိုင်းအတွင်း တရုတ်ကစစ်လေယာဉ်များ စေလွှတ်ခြင်းဖြစ်သည်။

သြဂုတ်လတွင် စံချိန်တင် တရုတ်စစ်လေယာဉ်အကြိမ်ရေ ၄၄၀ ပျံသန်းသည်ကို တွေ့မြင်ရပြီး ထိုလတွင် ပယ်လိုစီသည်ထိုင် ဝမ်သို့ ၂၅ နှစ်အတွင်း ပထမဆုံးလာရောက်သည့် အမေရိကန်၏ အဆင့်အမြင့်ဆုံးအရာရှိ ဖြစ်လာသည်။

မီးခိုးရောင်ဇုန် ဖိအား

“မကြာမကြာ လေယာဉ်တွေဝင်ရောက် ပျံသန်းတာဟာ စိုးရိမ်စရာကောင်းနေပါတယ်။ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) အနေနဲ့ ထိုင်ဝမ်ကို တိုက်ခိုက်ဖို့အတွက် သူတို့ကိုအကာအကွယ်အနေနဲ့ အသုံးမပြုဘူးဆိုတာ သေချာစေဖို့ ထိုင်ဝမ်ဘက်ကို မမြဲတမ်းသတိနဲ့နေရတဲ့အနေအထားဖြစ်စေပါတယ်” ဟု တိုင်ပေအခြေစိုက်နိုင်ငံရေးစစ်ရေး လေ့လာဆန်းစစ်သူ ဂျေမိုက်ကယ်ကိုးလ်က အေအက်ဖ်ပီကို ပြောသည်။

သို့သော်လည်း လေယာဉ်များဝင်ရောက်ပျံသန်းမှု များပြားလာခြင်းသည် တရုတ်အနေဖြင့် ထိုင်ဝမ်ကို အချိန်ပိုစောသော ရက်စွဲဖြင့် အင်အားသုံးရန် အဆင်သင့်ဖြစ်နေသည်ဆိုသည့်သဘောမဟုတ်ကြောင်း ၎င်းက ပြောကြားပြီး အနည်းဆုံး လပေါင်းများစွာ စစ်ရေးစည်းရုံးလှုပ်ရှားရန် လိုအပ်မည့် ကျူးကျော်အခြေအနေမျိုး မဟုတ်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်တို့အပါအဝင် နိုင်ငံအများအပြားသည် နိုင်ငံတစ်နိုင်ငံ၏ လေပြင်ပိုင်နက် (Airspace) နှင့်မတူသော လေကြောင်းရန်ကာကွယ်ရေးဇုန် (Air Defence Indetifiacation Zones) ကို ထိန်းသိမ်းစောင့်ရှောက်ထားကြသည်။

ထိုအစား လေကြောင်းရန်ကာကွယ်ရေးဇုန်တို့သည် ပိုမိုကျယ်ပြန့်သောဧရိယာကို လွှမ်းခြုံထားပြီး ၎င်းဇုန်ထဲတွင် ပြည်ပလေယာဉ်တစ်စီးအနေဖြင့် ဒေသဆိုင်ရာလေကြောင်းအာဏာပိုင်များထံ ၎င်းဘာသာ အသိပေးရမည်ဟု မျှော်လင့်ရသည်။

ထိုင်ဝမ်၏ကာကွယ်ရေးဇုန်ထဲကို တရုတ်၏ဝင်ရောက်စူးစမ်းမှုတိုးလာခြင်းသည် ထိုင်ဝမ်ကျွန်းကို ဖိအားပေးထားသည့် ပိုမိုကျယ်ပြန့်သောမီးခိုးရောင်ဇုန် နည်းဗျူဟာအစိတ်အပိုင်းဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ထိုင်ဝမ်စစ်တပ်ကို အမှည့်ချွေစစ်ပွဲဆင်နွှဲနေခြင်းဖြစ်သည်ဟု လုံခြုံရေးလေ့လာမှုများအတွက် အမျိုးသားချန်းချီတက္ကသိုလ်၏ ထိုင်ဝမ်ဌာနဒုတိယဒါရိုက်တာ ရစ်ချက်ယူက ပြောသည်။

တရုတ်က ထိုင်ဝမ်၏ ကြားဖြတ်တိုက်ခိုက်မှုများ မည်သို့မည်ပုံ လျင်မြန်မည်၊ မည်သည့်နေရာကနေ စတင်မည်ဆိုသည်တို့လို အရေးပါသော ထောက်လှမ်းရေးသတင်းနှင့် အသင့်ပြင်ဆင်မှုမူဘောင်များရရှိရန် ရည်ရွယ်နေခြင်းဖြစ်သော်လည်း ကျူးကျော်မှုမှာ အလွန်တရာအန္တရာယ်ကြီးမားပြီး တန်ဖိုးကြီးမားသော ကြိုးပမ်းအားထုတ်အဖြစ် ဆက်လက်တည်ရှိနေသည်။

တောင်တန်းထူထပ်သော ကျွန်းသည် သိမ်းပိုက်စိုးမိုးရန် မည်သည့်စစ်တပ်အတွက်မဆို ဖြုံလောက်စရာ ကောင်းသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါလိမ့်မည်။

“ထိုင်ဝမ်ကို အင်အားသုံးပြီးသိမ်းယူမယ်ဆိုရင် တရုတ်အနေနဲ့ ထိုင်ဝမ်ရေလက်ကြား တစ်ဖက်ကို စစ်သားထောင်ပေါင်းများစွာ စေလွှတ်ရတာမျိုးလို အလွန်အရေးပါတဲ့ စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်နေရဆဲပါပဲ” ဟု အငြိမ်းစားဗိုလ်ချုပ်ရစ်ချက်ယူက ပြောကြားခဲ့သည်။

Ref:AFP


READ NEXT
Cancel OK