Top News

ဆေးကျမှုကြောင့် ဘောလုံးကစားခွင့်ယာယီပိတ်ပင်ခံရပြီးနောက် ၎င်းအနေဖြင့် အမှားလုပ်ထားခြင်းမရှိကြောင်း ချယ်လ်ဆီးတိုက်စစ်ကစားသမား မူဒရစ် ထုတ်ပြန်
24htopnews | December 19, 2024 12:12 AM CST

 

ချယ်လ်ဆီးတိုက်စစ်ကစားသမား မူဒရစ်က ဆေးကျမှုကြောင့် ဘောလုံးကစားခွင့် ယာယီပိတ်ပင်ခံရပြီးနောက် မိမိအနေဖြင့် အမှားလုပ်ထားခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ယူကရိန်းလက်ရွေးစင်တောင်ပံကစားသမား မူဒရစ်အား ဆေးစစ်ရာတွင် ဆီးအတွင်း၌ တားမြစ်ဆေးသုံးစွဲထားသည်ကို တွေ့ရှိခဲ့ရသည်ဟု ၎င်းတို့ကို အကြောင်းကြားခဲ့ကြောင်း ချယ်လ်ဆီးအသင်းက ဒီဇင်ဘာ (၁၇)ရက်(အင်္ဂါနေ့)တွင် ထုတ်ပြန်ခဲ့သည်။ FA ၏စည်းကမ်းအရ ကစားသမားတစ်ဦးအနေဖြင့် တားမြစ်ဆေးစစ်ဆေးမှုတွင် Positive ပြပါက ဘောလုံးကစားခွင့် ယာယီပိတ်ပင်ခံရမည်ဟု ဖော်ပြထားရာ မူဒရစ်အနေဖြင့် ဘောလုံးကစားခွင့်ရရှိဦးမည်မဟုတ်ပေ။ 

ချယ်လ်ဆီးအသင်းက မူဒရစ် ဆေးကျမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည်ဟု ထုတ်ပြန်ခဲ့ပြီး မူဒရစ်ကမူ မိမိအနေဖြင့် တားမြစ်ဆေးသုံးစွဲကြောင်း သိရှိခြင်းမရှိသလို၊ FA မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ 

မူဒရစ်က "FA က ကျွန်တော့်ကို တားမြစ်ထားတဲ့ဆေး သုံးစွဲတယ်ဆိုပြီး အကြောင်းကြားခဲ့တာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ အဲဒီအရာက ကျွန်တော့်ကို လုံးဝအံ့သြတုန်လှုပ်စေခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ဘယ်တုန်းကမှ တားမြစ်ဆေးသုံးစွဲကြောင်း သိရှိခဲ့ခြင်းမရှိသလို၊ စည်းမျဉ်းတွေကိုလည်း ဖောက်ဖျက်ခဲ့ခြင်းရှိပါဘူး။ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာကို အသင်းနဲ့အတူ ကျွန်တော့်အနေနဲ့ ရှာဖွေသွားမှာပါ။ ကျွန်တော့်အနေနဲ့ ဘာအမှားမှ မလုပ်ထားဘူးဆိုတာကို ကျွန်တော် သိပါတယ်။ မကြာခင် ဘောလုံးပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ၎င်း၏ Inatagram တွင် ရေးသားခဲ့သည်။ 

မူဒရစ် ဆေးကျခြင်းနှင့်ပတ်သက်ပြီး ၎င်းသုံးစွဲသည့် တားမြစ်ဆေးကို FA က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။  မူဒရစ်(၂၃ နှစ်)သည် ၂၀၂၃ က ရှက်တာဒိုးနက်မှာ ချယ်လ်ဆီးသို့ ပေါင် (၈၉)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည်။ ၎င်းသည် ချယ်လ်ဆီးအတွက် နိုဝင်ဘာ (၂၈) ရက်က နောက်ဆုံးကစားခဲ့ပြီး နောက်ဆုံး(၅)ပွဲဆက် လွဲချော်ထားသည်။ တားမြစ်ဆေးသုံးစွဲသည့် ကစားသမားအနေဖြင့် FIFA စည်းမျဉ်းအရ (၄)နှစ်ထိ ပွဲပယ်ခံရနိုင်ကြောင်း သိရသည်။ 


READ NEXT
Cancel OK