Top News

ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခြင်း ခံထားရသော ပန်ဆယ်လိုအမှုတွင် တရားခံပြ သက်သေစာရင်းတွင် မပါသည့် သက်သေကို စစ်ဆေးရန် တင်ပြမှု တရားလိုဘက်က ကန့်ကွက်
24htopnews | December 18, 2024 10:12 PM CST

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မဖွယ်မရာရေးသားခြင်း အပါအဝင် ၆၆(ဃ) ဖြင့် တရားစွဲဆိုခြင်း ခံထားရသော ပန်ဆယ်လိုအမှုတွင် တရားခံပြ သက်သေစာရင်းတွင် မပါသည့် သက်သေအား စစ်ဆေးရန် တင်ပြမှု တရားလိုဘက်မှ ကန့်ကွက်ခဲ့ကြောင်း တရားလိုဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ဌေးက ပြောကြားသည်။

ဇူလိုင် ၂၈ ရက် ရုံးချိန်းတွင် စွပ်စွဲခံရသူ ပန်ဆယ်လိုမှာ တရားရုံးသို့ ရောက်ရှိလာပြီး တရားခံပြ သက်သေစာရင်းတွင် မပါသည့် အခြားသက်သေကို ထပ်တိုးထည့်သွင်း စစ်ဆေးရန် တင်ပြမှု တရားလိုဘက်မှ ကန်ကွက်ခဲ့ပြီး လာမည့်  သြဂုတ် ၆ ရက်ရုံးချိန်းတွင် ကန့်ကွက်လျှောက်လဲချက် ပေးမည် ဖြစ်ကြောင်း သိရသည်။

“ ဒီနေ့ရုံးချိန်းမှာ ဦးထွန်းထွန်းဆိုတဲ့ သက်သေကို သက်သေခုံပေါ် တင်လာတယ်။ တရားသူကြီးက သက်သေစာရင်းထဲက ဘယ်သက်သေလဲ မေးတယ်။ ပန်ဆယ်လိုရှေ့နေက မအိအိပုလဲ ပယ်မယ်။ ဒီသက်သေကို နောက်တိုးစစ်မယ် ပြောတယ်။ တရားလိုရှေ့နေက ကန့်ကွက်တယ်။ ဘာလို့ ကန့်ကွက်လဲဆိုတော့ မူလတင်ပြထားတဲ့ သက်သေ မဟုတ်ဘဲ အခြားသက်သေကို ထပ်တိုးထည့်သွင်း စစ်ချင်တယ်ဆိုရင် နောက်တိုးသက်သေ ပြသခွင့်ပြုဖို့ကို ရုံးကိုလျှောက်ရတယ်။ ရုံးက ခွင့်ပြုမှ စစ်ခွင့်ရှိတယ်။ နောက်တိုးသက်သေ လျှောက်ထားခြင်းမရှိ ရုံးက ခွင့်ပြုတဲ့အမိန့်လည်း မရှိဘဲ ပန်ဆယ်လိုရှေ့နေက နောက်တိုး သက်သေကို သူ့သဘောနဲ့သူ ခေါ်လာတယ်။ သက်သေခုံပေါ်တင်ပြီး တစ်ခါထဲစစ်ဖို့ လုပ်တာဟာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီလို့ ကန့်ကွက်ရခြင်း ဖြစ်တယ်။ သြဂုတ် ၆ ရက် ရုံးချိန်းမှာတော့ ကန့်ကွက်လျှောက်လဲချက် ပေးရပါ့မယ်”ဟု တရားလိုဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ဌေးက ပြောကြားသည်။

ယင်းအမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ ရှစ်ဦးကို တရားစွဲဆိုအဖွဲ့က တင်ပြခဲ့ပြီး တရားရုံးက သုံးဦးကို စစ်ဆေးခဲ့ရာ စစ်ဆေး ပေါ်ပေါက်သဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှုအား မတ် ၁၂ ရက်တွင် စွဲချက်တင်ခဲ့ပြီးနောက် အမှုစစ်ဆေးခြင်းအား မြန်ဆန်စေရန် CMP စနစ်ဖြင့် ဆောင်ရွက်ရန် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမှုဖွင့်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ တရားလိုဖြစ်သည့် ဦးမောင်မောင်တာက ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ရင်ကြည်စားသောက်ဆိုင်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ရှင်းလင်းပြောကြားခဲ့သည်။

အိမ့်ပိုးဥ (ခ) ပန်ဆယ်လို အကောင့်ပိုင် ရှင်သည် ၎င်း၏လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်၌ ရိုက်နှက်ခံရသော ဘုန်းကြီးကိစ္စနှင့် ပတ်သက်၍ ဘာသာသာသနာညှိုးနွမ်းစေသည့် အသုံးအနှုန်းများကို ရေးသားပြောဆိုခဲ့ခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပတ်သက်၍ မဖွယ်မရာ ရေးသားဖော်ပြမှု၊ ဆရာတော်ဦးဝီရသူအား ပုတ်ခတ်ပြောဆို ရေးသားခြင်းတို့ကြောင့် တာမွေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အိမ့်ပိုးဥ(ခ)ပန်ဆယ်လို အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် တာမွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။              


READ NEXT
Cancel OK