Top News

လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဇနီးက ခင်ပွန်းကို သံတူရွင်းဖြင့် ခုတ်သတ်မှု လှည်းကူးမြို့နယ်တွင် ဖြစ်ပွား
24htopnews | December 18, 2024 10:12 PM CST

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဇနီးက ခင်ပွန်းကို သံတူးရွင်းဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၉ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာအုပ်စု၊ စက်စုကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သိရသဖြင့် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ဝင်များ  သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ယင်းကျေးရွာနေ ဦးခင်ဇော်မိုး (၅၀ နှစ်) ဆိုသူဖြစ်ကြောင်း သိရပြီး ချိုစောင်းပြတ်ရှ ဒဏ်ရာတစ်ချက်၊ လက်မောင်းပြတ်ရှ ဒဏ်ရာတစ်ချက်၊ ခြေဖမိုးပြတ်ရှ ဒဏ်ရာတစ်ချက်၊ လက်ဖျံပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိပြီး နေအိမ်တွင် သေဆုံးနေကြောင်း သိရသည်။

ဆက်လက်စစ်ဆေးရာ ၎င်းသည် ယင်းနေ့နံနက်က ရွာထဲသို့ သွားရောက်ပြီး အရက်မူး၍ ပြန်လာစဉ် ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်း (၄၉ နှစ်) နှင့် စကားများရန်ဖြစ်ကာ ဒေါ်ဖြူဖြူဝင်းက နေအိမ်ရှိ သံတူးရွင်းဖြင့် ခုတ်လိုက်သဖြင့် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ရန်ဖြစ်ရတဲ့ အကြောင်းကတော့ ယောကျ်ားက မနက်ပိုင်းမှာ ရွာထဲသွားတယ်။ ပြန်လာတော့ အရက်မူးလာတာပေါ့။ နေအိမ်ရောက်တော့ သူ့မိန်းမနဲ့ စကားများရန်ဖြစ် သတ်ပုတ်ရာကနေ မိန်းမဖြစ်သူက အိမ်မှာရှိတဲ့ သူတို့အရပ်ခေါ်တာ တူးရွင်းပေါ့။ အရိုးအသွားကတော့ ငါးပေလောက်ရှိတယ်။ အသွားကတော့ နှစ်လက်မကျော်လောက်ပဲ ရှိပါတယ်။ လက်ကိုင်တော့ သစ်သားရိုး တပ်ထားတာပေါ့။ လက်ရှိမှာကတော့ မြို့မရဲစခန်းက ဆက်လက် စစ်ဆေးနေပါတယ်” ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူ အမျိုးသမီးမှာ အခင်းဖြစ်သည့်နေ့ ည ၁၀ နာရီခွဲခန့်တွင် လှည်းကူးမြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ပြီး လက်ရှိတွင် ၎င်းကို လှည်းကူးမြို့မရဲစခန်းက (ပ) ၁၃၃၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ တရားစွဲဆိုတင်ပို့ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။


READ NEXT
Cancel OK