Top News

သရုပ်ဆောင်မင်းရာဇာ အမှုနှစ်မှုတွင် ဇနီးဖြစ်သူက အာမခံလျှောက်ထားမှု ပယ်ချခံရ
24htopnews | December 18, 2024 10:12 PM CST

သရုပ်ဆောင်မင်းရာဇာ အမှုနှစ်မှုတွင် ဇနီးဖြစ်သူ အာမခံလျှောက်ထားမှုအပေါ် တရားရုံးက လက်မခံဘဲ ပယ်ချခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ပြောကြားသည်။

သြဂုတ် ၅ ရက် ရုံးချိန်းတွင် သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၎င်း၏ဇနီး မဖူးပွင့်ငုံနှင့် ယာဉ်မောင်း ရခိုင်လေးဆိုသူတို့ကို ရုံးထုတ်ခဲ့ပြီး တရားလို လာရောက်ခြင်းမရှိခဲ့၍ တရားလိုပြသက်သေ နှစ်ဦးအား စစ်ဆေးခဲ့ကြောင်း၊ သြဂုတ် ၁၂ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။

“ ရာဇသတ်ကြီးအမှုအမှတ် ၁၀၈၁ အမှုက စွပ်စွဲခံရတဲ့ အချုပ်တရားခံ မင်းရာဇာပါသုံးဦး ရုံးရှေ့အချုပ်ဖြင့် တင်ပို့လာပါတယ်။ အလားတူရာဇသတ်ကြီး အမှုအမှတ် ၁၀၈၂ အမှုက စွပ်စွဲခံရသူ ဦးမောင်မောင်အေး ရုံးခံဝန်နဲ့ ရုံးရှေ့လာရောက်ပါတယ်။ အဆိုပါအမှု နှစ်မှုလုံးအတွက် စွပ်စွဲခံရသူများရဲ့ ရှေ့နေတွေ ရုံးရှေ့လာရောက်ပါတယ်။ တရားလို ဒေါ်သင်းသင်းခိုင် ရုံးရှေ့လာရောက်ခြင်းမရှိပါဘူး။ ယနေ့ရုံးချိန်းမှာ အမှုနှစ်မှုလုံးအတွက် တရားလိုပြသက်သေ နှစ်ဦးစီ စစ်ဆေးထားတာကို အမှုတွဲအရ တွေ့ရပါတယ်။ စွပ်စွဲခံရသူ အချုပ်တရားခံ မဖူးငုံပွင့်မှ အာမခံလျှောက်ထားမှုကို လက်မခံဘဲ ပယ်ခဲ့ကြောင်း ဆုံးဖြတ်ထားတာကို အမှုတွဲအရ တွေ့ရပါတယ်။  အမှုနှစ်မှုလုံးကို မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ရက်ပေါင်း ၂၇၀ အတွင်း အပြီးဆောင်ရွက်ရန် စီစဉ်ထားတာကို အမှုတွဲအရ တွေ့ရပါတယ်။  အမှုနှစ်မှုလုံးအတွက် တရားလိုပြသက်သေ ၁၄ ဦး တင်ပြထားပါတယ်။ ယနေ့တွင် ၂ ဦး စစ်ဆေးပြီးဖြစ်လို့ ၁၂ ဦးစီ စစ်ဆေးရန် ကျန်ပါတော့တယ်။ လာမည့်ရုံးချိန်းမှာတော့ လိုပြသက်သေ နှစ်ဦး စစ်ဆေးပါ့မယ်။ သြဂုတ် ၁၂ ရက် ရုံးချိန်းပေးခဲ့ပါတယ် ”  ဟု မြောက်ဥက္ကလာပမြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ပြောကြားသည်။

အိမ်အကူအမျိုးသမီးအား အက်ဆစ်ဖြင့်ပက် မုဒိမ်းကျင့်သည်ဆိုခြင်းမှာ မဟုတ်ကြောင်း၊ အမှန်တရားကို ချပြသွားမည်ဖြစ်ကြောင်း စွပ်စွဲခံထားရသူ သရုပ်ဆောင်မင်းရာဇာက မီဒီယာများအား ပြောကြားထားသည်။

တရားလိုဘက်မှ မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည့် သရုပ်ဆောင်မင်းရာဇာ အမှုအပါအဝင် ၎င်း၏ယောက္ခမဖြစ်သူအမှုနှင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ထပ်မံတရားစွဲထားသည့် ပုဒ်မ ၃၇၆ အမှုကို တပေါင်းတည်း စစ်ဆေးမှုပြုရန်အတွက် အရှေ့ပိုင်းခရိုင်တရားရုံးသို့ ရုံးပြောင်းလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ဇွန် ၂၂ ရက်က သရုပ်ဆောင်မင်းရာဇာအမှုနှင့် ၎င်း၏ ယောက္ခမဖြစ်သူအမှုကို တရားလိုဘက်က အရှေ့ပိုင်းခရိုင်တရားရုံးသို့ ရုံးပြောင်းလျှောက်ထားမှုအား ပယ်ချသည်ဟု တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ယခင် မေ ၇ ရက်ရုံးချိန်းတွင် သရုပ်ဆောင်မင်းရာဇာ၊ မဖူးငုံပွင့်နှင့် မင်းရာဇာ၏ ယာဉ်မောင်းဖြစ်သူ ရခိုင်လေးတို့ကို ပုဒ်မ ၃၂၆/၃၄ ဖြင့် တရားစွဲခဲ့ပြီး ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးအား ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့် တရားစွဲဆိုခဲ့ကာ ရာဇဝတ်ကျင့်ထုံး ၄၉၆ အရ အာမခံပေးခဲ့သည်။

သရုပ်ဆောင်မင်းရာဇာ၊ မဖူးငုံပွင့် နှင့် ရခိုင်လေးတို့အား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှာ ဘေးဖြစ်စေတတ်သောလက်နက်ဖြင့် သို့တည်းမဟုတ် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှုဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထို့ပြင် မင်းရာဇာတို့အား ရာဇသတ်ကြီးပုဒ်မ ၃၂၆ အပြင် ၃၄ ကိုလည်း တွဲကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။ ပုဒ်မ ၃၄ ဆိုသည်မှာ အကြံတူတစ်ခုကို ပူးပေါင်းပါဝင်ကြောင်း ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။

မင်းရာဇာ၏ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၂၅ မှာ အပြင်းအထန် နာကျင်စေမှုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

သရုပ်ဆောင်မင်းရာဇာ အပါအဝင် လေးဦးအား အက်ဆစ်ဖြင့် အပက်ခံရသည့် အမျိုးသမီးငယ်၏ မိခင်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

အက်ဆစ်ဖြင့် အပက်ခံရသည့် အမျိုးသမီးငယ်၏ မိခင်ဖြစ်သူမှာ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သရုပ်ဆောင်မင်းရာဇာ၏ ဇနီးတင်ထားသည့် လူမှုရေးဖောက်ပြန်မှု အသံဖိုင်ကို ကြားသိရသဖြင့် သမီးဖြစ်သူထံ သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့မေးမြန်းရာ ရွှေပေါက္ကံရှိနေအိမ်သို့ သရုပ်ဆောင်မင်းရာဇာနှင့် ၎င်း၏ဇနီးတို့ ရောက်ရှိလာပြီး ဘောင်းဘီချွတ်ကာ အက်စစ်ဖြင့် ပက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ရက်ခန့်ကလည်း မင်းရာဇာ၏ ယောက္ခမဖြစ်သူက ဦးခေါင်းကိုတူဖြင့် ထုသည့်အတွက် သွေးထွက်ဒဏ်ရာများ ရရှိသည်ဟု ပြောကြားခြင်းကြောင့် အမှုဖွင့် တိုင်ကြားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ယခင်က ရွှေပေါက္ကံရဲစခန်းက သရုပ်ဆောင်မင်းရာဇာ အပါအဝင် လေးဦးကို (ပ) ၅၀၅၊ ရာဇသတ်ကြီးပုဒ်မ- ၃၂၄/၃၂၅/၃၅၄ နှင့် ၁၁၄ စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သရုပ်ဆောင်မင်းရာဇာမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေကြောင်း သိရသည်။


READ NEXT
Cancel OK