Top News

မြောက်ဒဂုံမြို့နယ်ရှိ အလှပြင်ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်၍ ဓားဖြင့်ခြိမ်းခြောက်ကာ ပိုက်ဆံများယူဆောင်သွားသူနှစ်ဦးအား ဖမ်းဆီးရမိ
24htopnews | December 18, 2024 10:12 PM CST

မြောက်ဒဂုံမြို့နယ်ရှိ အလှပြင်ဆိုင် တစ်ဆိုင်အတွင်း ဝင်ရောက်၍ ဓားဖြင့်ခြိမ်းခြောက်ကာ ပိုက်ဆံများ ယူဆောင်သွားသူနှစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သြဂုတ် ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁ ရက် ည ၉ နာရီခွဲခန့်တွင် မြောက်ဒဂုံမြို့နယ် ၃၇ ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ အလှပြင်ဆိုင်တစ်ဆိုင်၌ ဆိုင်ရှင် ဦး...... သည် ဆိုင်ပိတ်၍ ၎င်း၏မန်နေဂျာနှင့်အတူ လချုပ်စာရင်းများ ပြုလုပ်နေစဉ် နှာခေါင်းစည်းတပ်ဆင်ထားသည့် အမျိုးသားနှစ်ဦးမှာ ငှက်ကြီးတောင်ဓားနှင့် ဘီယာပုလင်းခွံတို့ကို ကိုင်ဆောင်၍ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းသို့ရောက်ရှိလာပြီးနောက် ၎င်းတို့နှစ်ဦးက “မင်းတို့ဆီမှာရှိတဲ့ပိုက်ဆံ ထုတ်ပေး၊ မပေးရင်သတ်ပစ်မယ်” ဟု ခြိမ်းခြောက် ပြောဆိုသဖြင့် ဦး......က ကောင်တာစားပွဲပေါ်တွင် တင်ထားသော ငွေကျပ် ၁၈၃၀၀၀ ကိုထုတ်ပေးခဲ့ပြီး ၎င်းတို့ကယူဆောင်ကာ ထွက်သွားခဲ့ကြကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ဦး......က မြောက်ဒဂုံမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ပြီး ရဲစခန်းက အမှုဖွင့်ကာ ကျူးလွန်သူ နှစ်ဦးအား ဖမ်းဆီးရမိရေး ရဲလုပ်ငန်းစဉ်များအတိုင်း စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိရေးစုံစမ်းရာ ပြစ်မှုကျူးလွန်သူနှစ်ဦးမှာ ဒဂုံအရှေ့မြို့နယ် ၁၂၄ ရပ် ကွက်၊ မင်းရဲကျော်စွာလမ်းနေ ဝဏ္ဏ (ခ) သက်ပိုင်ထွန်းနှင့် မြောက်ဥက္ကလာပမြို့နယ် (ဆ) ရပ်ကွက် သုနန္ဒာ (၁၂) လမ်းနေ ချမ်းငြိမ်း (ခ) ခေါလေးတို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ၎င်းတို့ကို သြဂုတ် ၅ ရက် ညနေ ၆ နာရီခန့်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ သက်သေခံပိုက်ဆံများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦးအား သက်ဆိုင်ရာ မြောက်ဒဂုံမြို့မရဲစခန်းက အခြားပြစ်မှုများ ကျူးလွန်ခြင်းရှိမရှိ ဆက်လက်စစ်ဆေးနေပြီး တရားစွဲဆိုတင်ပို့ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 


READ NEXT
Cancel OK