Top News

Asean Cup ပြိုင်ပွဲအတွက် MNL ပြိုင်ပွဲ ခေတ္တရပ်နားထားချိန် အား/ကာသိပ္ပံအသင်းနည်းပြချုပ် ဦးချစ်နိုင် အသင်းနှင့်လမ်းခွဲ
24htopnews | December 18, 2024 2:12 PM CST

 

မြန်မာနေရှင်နယ်လိဂ်ကလပ် အား/ကာသိပ္ပံအသင်း နည်းပြချုပ် ဦးချစ်နိုင်သည် Asean Cup ပြိုင်ပွဲအတွက် ပြည်တွင်းလိဂ်ပြိုင်ပွဲ ခေတ္တရပ်နားထားချိန်တွင် အသင်းနှင့် လမ်းခွဲသွားပြီဖြစ်ကြောင်း သိရသည်။

ဦးချစ်နိုင်သည် အား/ကာသိပ္ပံအသင်း နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ၎င်း၏ Facebook မှတစ်ဆင့် အသိ ပေးထားခြင်းဖြစ်သည်။ ဦးချစ်နိုင်က "အသင်းနဲ့ လမ်းခွဲလိုက်ပြီဆိုတာ ဟုတ်ပါတယ်။ လောလောဆယ်တော့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် မရသေးပါဘူး"ဟု ပြောကြားခဲ့သည်။ 

ဦးချစ်နိုင်သည် အား/ကာသိပ္ပံအသင်း နည်းပြချုပ်အဖြစ် ၂၀၂၂ ခုနှစ်တွင် စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး တတိယမြောက်ရာသီတွင် ရာသီမပြီးဆုံးမီ လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ဦးချစ်နိုင်သည် ပြီးခဲ့သည့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် အား/ကာသိပ္ပံအသင်း ကို အဆင့် ၄ နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံး ရပ်တည်မှုလည်းဖြစ်သည်။ 

ဦးချစ်နိုင်လက်ထက်တွင် အား/ကာသိပ္ပံ အသင်းသည် ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ တိုးတက်လာပြီး MNL ပြိုင်ပွဲတွင် အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးရပ်တည်မှုရခဲ့သလို ယခုရာသီတွင်လည်း ပွဲစဉ် (၁၄) အပြီး  ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၅ နေရာ ပို့ဆောင်ပေးထားသည်။

ဦးချစ်နိုင်သည် မြန်မာ့ဘောလုံး ပရော်ဖက်ရှင်နယ်စနစ် ကူးပြောင်းပြီးနောက်ပိုင်း မကွေးအသင်းတွင် လက်ထောက်နည်းပြအဖြစ် ကာလရှည်ဆောင်ရွက်ခဲ့ပြီး ယင်းနောက် စီးတီးရန်ကုန်အသင်းနှင့် အား/ကာသိပ္ပံအသင်း နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သည်။ 

မကွေးအသင်းမှ ထွက်ခွာပြီးနောက် မြန်မာ ယူ-၂၂ အသင်း လက်ထောက်နည်းပြ၊ မြန်မာ ယူ-၁၉ အသင်းနှင့် မြန်မာ ယူ-၁၆ လူငယ်လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဦးချစ်နိုင်သည် လူငယ်ဘောလုံးသမားများကို ပျိုးထောင်ရာတွင် နာမည်ကောင်းရထားသည့် နည်းပြတစ်ဦးဖြစ်ပြီး ကစားသမားကောင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ဦးချစ်နိုင်သည် အစောဆုံး လာမည့်ရာသီမှသာ အသင်းသစ်တစ်သင်း ကိုင်တွယ်ဖွယ်ရှိနေသည်။


READ NEXT
Cancel OK