Top News

၁၅ နှစ်တိုင် ရပ်တည်ခဲ့သည့် အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်း၏ လုပ်ငန်းများ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ရပ်နားမည်
24htopnews | December 18, 2024 3:12 AM CST

၁၅ နှစ်တိုင် ရပ်တည်ခဲ့သည့် အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်း၏ လုပ်ငန်းများ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ရပ်နားမည်ဖြစ်ကြောင်း အဆိုပါဖောင်ဒေးရှင်းက ထုတ်ပြန်သည်။

" အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းကို ပိတ်သိမ်းရခြင်းဟာ ဖြေရှင်းဖို့ခက်ခဲတဲ့ တွန်းအားများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရဲ့ အကြပ်အတည်း၊ ကိုဗစ်ကပ်ရောဂါနောက်ဆက်တွဲ အဆင်မပြေမှုများ အားလုံးပါဝင်နေပါတယ်။ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပေမဲ့ အင်းလေးအမွေအနှစ်ကနေ ရရှိခဲ့တဲ့ အောင်မြင်မှုများအတွက် အတူတူ လုပ်ဆောင်နိုင်ခဲ့တာကို ဂုဏ်ယူဝမ်းမြောက်နေကြဖို့ ကိုပဲရွေးချယ်ချင်ပါတယ်" ဟု အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းအား ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတက်ရပ်နားမည်ဖြစ်ပြီး Chian Exploration and Research Society (CERS) အဖွဲ့အစည်း၏ ကမကထပြုမှုနှင့် မြန်မာနိုင်ငံတွင် မတွေ့ရတော့သည့် မြန်မာ့မျိုးရင်း ဗမာကြောင်ကို မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိစေရန်နှင့် အများသူငါလေ့လာသိရှိစေရန် ရည်ရွယ်ပြီး ပြန်လည်ခေါ်ဆောင်လာခြင်းမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ်တွင် အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန်အတွက် ပုံမှန်ဝင်ငွေရရှိစေမည့် စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် ခရီးသွားဧည့်သည်များအတွက် နားခိုနေထိုင်နိုင်ရန်နှင့် အင်းလေးဒေသလူနေမှုပုံစံများ သိရှိစေရန် ခြေတံရှည်အိမ်များကို တိုးချဲ့ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် အဆိုပါဖောင်ဒေးရှင်းမှ ဟိုတယ်သက်မွေးမှု သင်တန်းကျောင်း ထပ်မံဖွင့်လှစ်ခဲ့ပြီး လူငယ် ၃၆၆ ဦးအထိ သင်ကြားပေးနိုင်ခဲ့ကြောင်း၊ အင်းလေးအမွေအနှစ် ဟိုတယ်သက်မွေးမှုသင်တန်းကျောင်းသည် ရှမ်းပြည်နယ်တွင် တစ်ခုတည်းသော အမျိုးသားအဆင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့ အသိအမှတ်ပြုသင်တန်းဌာန တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါဖောင်ဒေးရှင်းမှ ဖွင့်လှစ်သည့် စားသောက်ဆိုင်၊ ခြေတံရှည်အိမ်များသို့ ယခင်က ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK