Top News

COVID-19 ကာလအတွင်း တရုတ်နိုင်ငံက လူကုန်ကူးခံရသူ ၁၄၉ ဦး လွှဲပြောင်းမှုရှိခဲ့ပြီး ရောဂါဖြစ်ပွားစဉ် ကာလအတွင်း အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းတို့ကို အခွင့်ကောင်းယူကာ လူကုန်ကူးသူများက Social Media ပေါ်မှ အဆက်အသွယ်ပြုလုပ်ပြီး လူကုန်ကူးမှုများ ပြု
24htopnews | December 18, 2024 12:13 AM CST

COVID-19 ကာလအတွင်း တရုတ်နိုင်ငံမှ လူကုန်ကုးခံရသူ ၁၄၉ ဦး လွှဲပြောင်းမှုရှိပြီး ရောဂါဖြစ်ပွားစဉ် ကာလအတွင် အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းတို့ကို အခွင့်ကောင်းယူကာ လူကုန်ကူးသူများက Social Media ပေါ်မှ အဆက်အသွယ်လုပ်ပြီး လူကုန်ကူးမှု ပြုလုပ်လာကြောင်း သိရသည်။

“၂၀၂၀ ဇန်နဝါရီ ၁ ရက်ကနေ ယနေ့အချိန်ထိ တရုတ်နိုင်ငံဘက်ကနေ လူကုန်ကူးခံရတဲ့သူဆိုပြီး ခေါင်းစဉ်နဲ့ လွှဲပေးတာ ၁၄၉ ဦး ရှိတယ်။ ၁၄၉ ဦးမှာမှ ၁၉ ဦးက ကျွန်တော်တို့ကနေပြီးတော့ ရွှေလီ နယ်စပ်ဆက်ဆံရေးရုံးနဲ့ ပီကင်းမှာရှိတဲ့ မြန်မာသံရုံးကို စာပို့ အကူအညီတောင်းခံပြီးတော့ ကယ်တင်နိုင်တာက ၁၉ ယောက်ရှိတယ်။ ၂၀၁၉ ခုနှစ် ကျွန်တော်တို့ မူဆယ်တပ်ဖွဲ့စုက တစ်နှစ်လုံး ၃၉ မှု ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ပြီး ၁၄၄ ယောက်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ အဲဒီထဲက ၃၉ မှုမှာဆိုရင် အမှုပေါင်း ၂၇ မှု ပြီးပြတ်သွားပြီ။ ၁၂ မှုကတော့ တရားရုံးစစ်ဆေးဆဲ ဖြစ်ပါတယ်။ ပြီးပြတ်တဲ့ ၂၇ မှုမှာဆိုလို့ရှိရင် အနည်းဆုံး တရားခံတွေကို ပြစ်ဒဏ်ချမှတ်တာက ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံးကတော့ ပုဒ်မ ၂၀ (က) ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ အုပ်စုတွေကို အနည်းဆုံး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်”ဟု မူဆယ်မြို့နယ် အမှတ် ၁၇ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲမှူး မင်းနိုင်က ဆိုသည်။

COVID-19 ကာလအတွင်း အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းတို့ကို အခွင့်ကောင်းယူကာ လူကုန်ကူးသူများက Social Media ပေါ်မှ အဆက်အသွယ်ပြုလုပ်ပြီး လူကုန်ကူးမှုများ ပြုလုပ်လာခြင်း ဖြစ်ကြောင်း ရဲမှူးမင်းနိုင်က ပြောကြားသည်။

“လက်ရှိ COVID-19 ကာလမှာ နဂိုကမှ အလုပ်အကိုင်က ရှားပါးတယ်။ လုပ်ခလစာ နည်းတယ်။ COVID-19 ဖြစ်တော့ ပိုပြီးဆိုးတာပေါ့။ စားဝတ်နေရေးအတွက် အလုပ်တစ်ခုတစ်ခု လုပ်မှဖြစ်တဲ့အတွက် အလုပ်ရှာကြတယ်။ အလုပ်ရှာတဲ့အခါမှာ များသောအားဖြင့်က ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ Facebook ပေါ်ကနေ ကြည့်ရင်းကြည့်ရင်းနဲ့ အဲဒီမှာတင် အဆက်အသွယ်တွေ ရကြတယ်။ ဟိုဘက်ကလည်း တစ်ဖက်ရဲ့ အားနည်းတဲ့ အခွင့်အရေးကို အခွင့်ကောင်းယူပြီးတော့ ဘာအလုပ်ရမှာ၊ လစာ ဘယ်လောက်ရမယ်ဆိုပြီး မက်လုံးပေးပြီး ခေါ်တယ်။ ဒီဘက်ကလည်း စားဝတ်နေရေး အခက်အခဲရှိတဲ့အတွက် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းနဲ့ ပတ်သက်ပြီးတော့ သိထားသင့်တဲ့ အချက်အလက်တွေကို သိအောင် မလုပ်တော့ဘဲနဲ့ အလုပ်ရရင်ပြီးရော ပုံစံမျိုးနဲ့ ဘာမှမေးမြန်းမှုမရှိတော့ဘဲနဲ့ တစ်ဖက်သားကို ယုံကြည်ပြီးတော့ လိုက်သွားတဲ့အခါမှာ ဟိုဘက်မှာက ကိုယ်ထင်တာနဲ့ တခြားစီဖြစ်ပြီးတော့ ရောင်းစားခံရတာ၊ လူကုန်ကူးခံရတာ ဖြစ်တာပါတယ်”ဟု မူဆယ်မြို့နယ် အမှတ် (၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲမှူးမင်းနိုင်က ပြောကြားသည်။

“လူကုန်ကူးခံရလို့ ပြန်လည်ကယ်တင် ရရှိတဲ့အခါ မေးတဲ့အခါမှာ သူတို့ကိုပို့တဲ့ လူပွဲစား လူကုန်ကူးတဲ့သူကို ဖော်ထုတ် အရေးယူချင်တယ်။ သို့သော် သူတို့က အချက်အလက် ပြည့်ပြည့်စုံစုံ မပြောနိုင်တဲ့အတွက် ကျွန်တော်တို့မှာ တအားကြီးအခက်အခဲနဲ့ ကြုံတွေ့ရတယ်။ ဒါကြောင့်မို့  လူကုန်တားတပ်ဖွဲ့အနေနဲ့ မေတ္တာရပ်ခံချင်တာက အလုပ်သွားရောက် လုပ်ကိုင်မယ့်သူတွေသည် ကိုယ့်ကို ပို့မယ့်သူ ဘယ်သူဘယ်ဝါ လိပ်စာ၊ ပို့ဆောင်ခွင့်လိုင်စင် ရှိ မရှိ ပထမဦးဆုံးသိဖို့ လိုတယ်။ ဒါပြီးမှသာလျှင် ကိုယ်သွားမယ့် နေရာဒေသ၊ အလုပ်ရဲ့သဘောသဘာဝ၊ ကိုယ့်ရမယ့် အခွင့်အရေး၊ ကိုယ်သိသင့် သိထိုက်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ သိပြီးတော့မှ သွားရောက် အလုပ်လုပ်ကိုင်မယ်ဆိုလို့ရှိရင် လူကုန်ကူးခံရမှုတွေ လျော့နည်း ကျဆင်းသွားမှာပါ”ဟု မူဆယ်မြို့နယ် အမှတ် (၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲမှူးမင်းနိုင်က ဆက်လက် ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ လူကုန်ကူးမှု ဖော်ထုတ်ဖမ်းဆီးနိုင်မှုမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၂ မှု၊ ရှမ်းပြည်နယ်တွင် ၁၅ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ရှစ်မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ခြောက်မှု၊ ကချင်ပြည်နယ်တွင် ငါးမှု၊ ပဲခူးတိုင်းဒေသကြီးတွင် သုံးမှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်မှု၊ နေပြည်တော်တွင် တစ်မှုနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်မှု၊ မကွေးတိုင်းဒေသကြီးတွင် နှစ်မှု စုစုပေါင်း ၆၅ မှု ဖော်ထုတ်နိုင်ခဲ့ပြီး စုစုပေါင်းတရားခံ ၂၀၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကာ လူကုန်ကူးခံရသူ စုစုပေါင်း ၁၁၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK