Top News

သရုပ်ဆောင်အောင်ရဲထွေး သေဆုံးသည့်အမှုတွင် အာမခံရရှိထားသူသုံးဦးအား ခရိုင်တရားရုံးမှ အာမခံပြန်လည်ရုပ်သိမ်း
24htopnews | December 18, 2024 12:13 AM CST

သရုပ်ဆောင်အောင်ရဲထွေး သေဆုံးသည့်အမှုတွင် အာမခံရရှိထားသူ သုံးဦးအား အရှေ့ပိုင်းခရိုင်တရားရုံးမှ ဩဂုတ် ၁၈ ရက်တွင် အာမခံပြန်လည်ရုပ်သိမ်းခဲ့သည်။

အမှုအား အရှေ့ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်ပြီး အာမခံရရှိထားသူ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့အား တရားရုံးမှ ဩဂုတ် ၁၈ ရက် ရုံးချိန်းတွင် အာမခံပြန်လည်ရုပ်သိမ်းပြီး ဖမ်းဆီးခဲ့ကြောင်း တရားရုံးမှ စုံစမ်းသိရှိရသည်။

သရုပ်ဆောင်အောင်ရဲထွေးသေဆုံးမှုမှ ဖမ်းဆီးထားသူသုံးဦးကို ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ တစ်ဦးလျှင် ကျပ်သိန်းတစ်ရာတန် နှစ်ယောက်ဖြင့် အာမခံပေးထားကြောင်း သိရသည်။

မူလက ယင်းအမှုအား အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ သန်းထွဋ်အောင် (ခ) သားကြီးတို့အား လူသတ်မှုပုဒ်မ ၃၀၂ (၂) ဖြင့်လည်းကောင်း၊ ကျော်ဇောဟန် (ခ) ကျော်ဇောအား လူသတ်ရန် အားပေးကူညီမှု ပုဒ်မ ၃၀၂ (၂)/ ၁၁၄ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ယင်းသို့ တရားစွဲဆိုခဲ့ခြင်းအပေါ် စွပ်စွဲခံရသူများက ရန်ကုန်တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်ချက် တက်ရောက်ခဲ့ရာ နှစ်ဘက်တင်သွင်းချက်များကို စစ်ဆေးပြီး အာမခံ လျှောက်ထား၍ရသည့် ပုဒ်မဖြစ်သည့် အပြင်းအထန်နာကျင်စေမှုဖြင့် စွဲချက်တင်ရန် ဒီဇင်ဘာ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်မှ အမိန့်ချမှတ်ခဲ့သည်။

ယင်းသို့ ဆုံးဖြတ်မှုအပေါ် တရားလိုဘက်မှ အဆိုပါအမှုတွဲအား ပြည်တော်စုအဆင့်သို့ တင်ပြဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းနောက် ပြည်ထောင်စုအဆင့်က အမှုတွဲအား ပြန်လည်စစ်ဆေးဆုံးဖြတ်ရာ စွဲချက်တင်ထားသည့် ပုဒ်မများဖြင့်  ဆက်လက်စစ်ဆေးရန် အမိန့်ချခဲ့သဖြင့် စွပ်စွဲခံရသူ သုံးဦးအား အာမခံ ပြန်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

အောင်ရဲထွေးအမှုနှင့်ပတ်သက်ပြီး ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ သန်းထွဋ်အောင် (ခ) သားကြီးတို့ကို လူသတ်မှုပုဒ်မ ၃၀၂ (၂) ဖြင့်လည်းကောင်း၊ ကျော်ဇောဟန် (ခ) ကျော်ဇောကို လူသတ်ရန် အားပေးကူညီမှု ပုဒ်မ ၃၀၂ (၂) / ၁၁၄ တို့ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ စွဲချက်တင်ခဲ့သည်။

Facebook ပေါ်တွင် ဟာသဗီဒီယိုများ တင်ရာမှလူသိများလာခဲ့သည့် ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် ၂၀၁၈ နှစ်သစ် The One Entertainment တွင် ပြုလုပ်သည့်ဖျော်ဖြေရေးပွဲသို့ သွားရောက်ရာမှ အမည်မသိ လူတစ်စု၏ ဝိုင်းဝန်းရိုက်နှက်ခံရခဲ့ပြီး ဦးခေါင်းခွံကြေမွဒဏ်ရာ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ဇန်နဝါရီ ၂ ရက် ညနေက သေဆုံးခဲ့သည်။

သရုပ်ဆောင်အောင်ရဲထွေး၏အသုဘကို ဇန်နဝါရီ ၃ ရက်က ရေဝေးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အုပ်စုဖွဲ့ ရိုက်နှက်သူများကို ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇောတို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး သုဝဏ္ဏနယ် မြေရဲစခန်းကပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ကာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှု စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းအမှုမှာ တစ်နှစ်ကျော်ကြာမြင့်လာပြီးဖြစ်ပြီး စွပ်စွဲခံရသူသုံးဦးမှာ မူလပုဒ်မများဖြင့်သာ စစ်ဆေးခံရန် အမိန့်ချမှတ်ခဲ့သဖြင့် အမှုအား မူလပုဒ်မများဖြင့်သာ ပြန်လည်စစ်ဆေးမည်ဖြစ်သည်။


READ NEXT
Cancel OK