Top News

မြန်မာဘိလိယက်လက်ရွေးစင် ပေါက်စ ဝင်ရောက်ယှဉ်ပြိုင်မည့် စင်ကာပူအိုးပင်းနှင့် ကမ္ဘာ့ချန်ပီယံရှစ်ဘိလိယက်ပြိုင်ပွဲ ဆုကြေးငွေများ ထုတ်ပြန်
24htopnews | December 18, 2024 12:13 AM CST

 

မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ပေါက်စ ဝင်ရောက်ယှဉ်ပြိုင်မည့် စင်ကာပူအိုးပင်း ဘိလိယက်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ် ဘိလိယက်ပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုကြေးများ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံအနေဖြင့် ကမ္ဘာ့ပရော်ဖက်ရှင်နယ် ဘိလိယက်နှင့် စနူကာအဖွဲ့အစည်း (WPBSA) က ပြုလုပ်မည့် ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံမကျင်းပမီ စင်ကာပူအိုးပင်း ဘိလိယက်ပြိုင်ပွဲ ကျင်းပခြင်း ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြားမှ ပရော်ဖက်ရှင်နယ် ဘိလိယက်ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ပြိုင်ပွဲကျင်းပရေး၏ ထုတ်ပြန်ချက်အရ ဆုကြေးများအဖြစ် စင်ကာပူအိုးပင်း ဘိလိယက်ပြိုင်ပွဲတွင် ပထမ ပေါင် ၆၄၀၊ ဒုတိယ ပေါင် ၃၂၀၊ ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိသူများကို ပေါင် ၁၆၀၊ ကွာ တားဖိုင်နယ်အဆင့် ရောက်ရှိသူများကို ၈၅ ပေါင်၊ ၁၆ ဦးရှုံးထွက်အဆင့် ရောက်ရှိသူများကို ပေါင် ၅၀၊ ၂၄ ဦးအဆင့် ရောက်ရှိသူများ ကို ၂၅ ပေါင်၊High Break ထိုးနိုင်သူကို ပေါင် ၄၀၊ ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲတွင် ပထမ ပေါင် ၄၀၀၀၊ ဒုတိယ ပေါင် ၂၀၀၀၊ ဆီမီးဖိုင် နယ်အဆင့် ရောက်ရှိသူကို ပေါင် ၁၀၀၀၊ ကွာတားဖိုင်နယ်အဆင့် ရောက်ရှိသူကို ပေါင် ၄၀၀၊ ၁၆ ဦးရှုံးထွက်အဆင့် ရောက်ရှိသူကို ပေါင် ၂၀၀ ချီးမြှင့်သွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ကျင်းပပြီးစီးခဲ့သည့် ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင်  ဘိလိယက်တစ်ဦးချင်း ရွှေတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ပေါက်စ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းနှင့်အတူ အခြားကစားသမားအချို့လည်း စေလွှတ်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ဘိလိယက် နှင့် စနူကာအဖွဲ့ချုပ်က စီစဉ်လျက်ရှိသည်။ ပေါက်စသည် လာမည့်နှစ် မေလတွင်ကျင်းပ မည့် ၃၂ ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းစ် ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသူဖြစ်ပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ 

စင်ကာပူ အိုးပင်းဘိလိယက်ပြိုင်ပွဲကို နိုဝင်ဘာ ၁၉၊ ၂၀ ရက်၊ ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲ ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ပြုလုပ် သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘိလိယက် နှင့် စနူကာအဖွဲ့ချုပ်သည် IBSF က ပြုလုပ် သည့် ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲ၊

စနူကာပြိုင်ပွဲ များတွင် ပုံမှန်ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိပြီး WPBSA က ပြုလုပ်မည့် ကမ္ဘာ့ပြိုင်ပွဲတွင်မူ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ပြင် ပေါက်စသည် IBSF က ပြုလုပ်မည့် ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


READ NEXT
Cancel OK