Top News

ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ လူတစ်ဦး ခုန်ချမှုဖြစ်ပွားပြီး ရှာဖွေမှုများ ပြုလုပ်လျက်ရှိ
24htopnews | December 18, 2024 12:12 AM CST

ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ လူတစ်ဦး ခုန်ချမှု သြဂုတ် ၁၁ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ပြီး ရေပြင်ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်း တိုင်အမှတ်  RP 6 မှ ဧရာဝတီမြစ်အတွင်းသို့ လူတစ်ဦး ခုန်မှုဖြစ်စဉ်ကို စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊  စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့  (SERT) တို့က  ရေပြင်ရှာဖွေ ကယ်ဆယ်မှုများ လိုက်လံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

“၂ နာရီ ၂၅ မိနစ်မှာ လူတစ်ဦး ခုန်ချသွားတဲ့ ဖုန်းသတင်းဝင်လာနဲ့ ကျွန်တော်တို့ မီးသတ်ဌာနက ဖြစ်ပွားတဲ့နေရာမှာ သွားရောက်ရှာဖွေမှုတွေ ဆောင်ရွက်နေပါတယ်။ တံတားအလယ် နှစ်ကုန်းမြောက်ကနေ ခုန်ချသွားတာဖြစ်လို့ ရေစီးနဲ့ မျောပါသွားနိုင်ပြီး ရှာလို့ခက်သွားပြီ” ဟု စစ်ကိုင်းခရိုင် မီးသတ်ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က ပြောကြားသည်။

အဆိုပါ ခုန်ချသွားသူမှာ စစ်ကိုင်းမြို့ တကောင်းရပ်ကွက် နယ်မြေ ၄ နေ ဦးသိန်းထိုက် (၃၉ နှစ်) ဆိုသူ ဖြစ်ကြောင်းသိရပြီး ၎င်းကို ယင်းသို့ ခုန်မချမီ နံနက်ပိုင်းက တံတားပေါ်တွင်  ကခုန်နေသည်ကို တွေ့ရ၍ လှည့်ကင်းရဲတပ်ဖွဲ့က ပြန်လည်စေလွှတ်ခဲ့ရသည်ဟု သိရသည်။

၎င်းမှာ အရက်ကြောင်ကြောင်ပြီး ယင်းကဲ့သို့ တံတားပေါ်မှ ခုန်ချသွားခြင်း ဖြစ်သည် ဟု မီးသတ်ဌာန၏ ကနဦးသတင်းပေးပို့ချက် မှတ်တမ်းအရ သိရသည် ။

လက်ရှိအချိန်တွင် စစ်ကိုင်း (အင်းဝ)တံတားနှင့် ဧရာဝတီတံတား (ရတနာပုံ) တို့ ပေါ်မှ ခုန်ချသည့်ဖြစ်စဉ် မကြာခဏဖြစ်ပေါ် နေမှုအရ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ အဆိုပါ တံတားနှစ်စင်းတွင် လှည့်ကင်း၊ ပတ်ကင်းများ ဖြင့် ချထားဆောင်ရွက်လျက်ရှိပြီး ဇွန်လကုန် ပိုင်းက ခုန်ချရန် ကြံစည်နေသည့် စတုတ္ထနှစ် တက္ကသိုလ်ကျောင်းသားတစ်ဦးကို အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း သိရသည် ။

ယခုနှစ်အတွင်း အဆိုပါ  စစ်ကိုင်း (အင်းဝ) တံတားပေါ်မှ အမြွှာညီအစ်မနှစ်ဦး ခုန်ချခဲ့သည့် ဖြစ်စဉ်တစ်ခုနှင့် ရတနာပုံ တံတားပေါ်မှ ကျောင်းသားတစ်ဦး ခုန်ချသည့်ဖြစ်စဉ်တစ်ခု ရှိခဲ့ပြီး ပြီးခဲ့သည့် နှစ်အတွင်းကလည်း အဆိုပါ တံတားနှစ်စင်းပေါ်မှ ခုန်ချသည့်ဖြစ်စဉ် ခုနစ်ကြိမ် ရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ခုန်ချသည့် ဖြစ်စဉ်များတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် ဖြစ်စဉ် တစ်ကြိမ်သာ ရှိခဲ့ကြောင်း သိရသည်။                                              


READ NEXT
Cancel OK