NLD ပါတီ နာယက ဦးတင်ဦးသို့ ပြည်သူတစ်ဦးက ဆေးဝါးကုသစရိတ် ငွေလှူဒါန်းမှုကို အလွဲသုံးစားလုပ်သည်ဟုဆိုကာ ပါတီဝင်တစ်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား အမှုဖွင့်ခဲ့အပေါ် ယနေ့ (ဩဂုတ် ၁၂ ရက်) တွင် ငွေပြန်လွှဲပေးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားသူ ဦးမြင့်စိုး၏ရှေ့နေ ဦးတင်မောင်ဝင်းက ပြောကြားသည်။
ထိုသို့ငွေလွှဲရာတွင် ရန်ကုန်မှ ငွေလွှဲဝင်လာခြင်းဖြစ်သော်လည်း ငွေလွှဲမည့်အကြောင်းကို အမှုဖွင့်ခံရတစ်ဦးဖြစ်သည့် ပါတီဝင်ဦးကျော်သူဆွေ၏ ရှေ့နေဖြစ်သူမှ အကြောင်းကြားခြင်းဖြစ်ကြောင်း ရှေ့နေ ဦးတင်မောင်ဝင်းက ပြောကြားသည်။
“ ဟုတ်ကဲ့။ ကျွန်တော့်ဆီကိုပဲ ဖုန်းနဲ့ဆက်သွယ်လာပြီး ပိုက်ဆံပြန်လွှဲပေးမယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့သလို ဒီကနေ့ ( ဩဂုတ် ၁၂ ရက်) တစ်နာရီမှာလည်း ငွေလွှဲကို လက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့် သူတို့ကို စွဲဆိုထားတဲ့အမှုကို ပိတ်သိမ်းဖို့ ဆောင်ရွက်နေပါတယ်” ဟု ရှေ့နေ ဦးတင်မောင်ဝင်းက ပြောကြားသည်။
NLD ပါတီ နာယက ဦးတင်ဦး ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသမှုများအတွက် ငွေကြေးလှူဒါန်းရန် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၅) တွင် နေထိုင်သည့် အသက် ၇၂ နှစ်အရွယ်ရှိ ဦးမြင့်စိုး (ဒုညွှန်မှူးအငြိမ်းစား) သည် ၂၀၁၇ ခုနှစ် ဇွန်အတွင်းက ပြင်ဦးလွင်မြို့နယ်မှ NLD ပါတီအဖွဲ့ဝင် ဦးကျော်သူဆွေထံသို့ ဆက်သွယ်ခဲ့ရာ ၎င်းက ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးထံမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပြောသဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့ကြောင့် ဒေါ်မေစိုး၏ ဧရာဝတီဘဏ်အကောင့်နံပါတ်သို့ ငွေကျပ်သိန်း ၅၀ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြောင်း၊ ယင်းသို့လှူဒါန်းအပြီး ဦးမြင့်စိုးသည် ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသမှုခံယူခဲ့ပြီး ၂၀၂၀ ဇွန်အတွင်းတွင် ကျန်းမာရေးပြန်ကောင်းလာသဖြင့် ရန်ကုန်မြို့နေ NLD ပါတီ နာယက ဦးတင်ဦးထံသို့ ကိုယ်တိုင်ဂါရဝပြုရန် သွားရောက်ခဲ့စဉ် ၂၀၁၇ ခုနှစ်အတွင်းက ၎င်းလှူဒါန်းထားသည့် ငွေကျပ်သိန်း ၅၀ သည် ဦးတင်ဦးလက်ဝယ် မရောက်ရှိခဲ့သည်ကို သိရှိခဲ့ရသဖြင့် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု တိုင်ချက်တွင် ဖော်ပြချက်အရ သိရသည်။
ယခုဖြစ်စဉ်တွင် အမှုဖွင့်ခံရသူတစ်ဦးဖြစ်သည့် ဦးကျော်သူဆွေက ၎င်းအနေဖြင့် NLD ပါတီ နာယက ဦးတင်ဦး ထံ ငွေလှူနိုင်ရန် ဒေါ်မေစိုးထံ လမ်းညွန်ပေးခဲ့ခြင်းသာဖြစ်ပြီး ငွေပေးငွေယူကိစ္စများတွင် မပါဝင်ကြောင်း မီဒီယာတစ်ခုအား ဖြေကြားထားချက်အရ သိရသည်။
ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေစိုးမှာ အစိုးရကို ထိပါးစေနိုင်သည့် ဝေဖန်ချက်များကို Facebook လူမှုကွန်ရက်တွင် ရေးသားထုတ်ဖော်သည်ဟုဆိုကာ ယခုနှစ် မေလတွင် NLD ပါတီမှထုတ်ပယ်ခံထားရသူဖြစ်သည်။
ထို့နောက် ဦးတင်ဦးထံ လှူဒါန်းခဲ့သည့်ငွေကို ကိုယ်ကျိုးတွက် အလွဲသုံးခဲ့သည်ဟုဆိုကာ ဦးကျော်သူဆွေနှင့် ဒေါ်မေစိုးတို့ကို ပြင်ဦးလွင်မြို့မရဲစခန်းတွင် (ပ)၂၈၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၀၆/၁၁၄ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
