Top News

စစ်ကိုင်းမြို့တွင် ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း မူးယစ်ရမ်းကားသည့် အမျိုးသားတစ်ဦး ဓားဖြင့် ထိုးသတ်ခံရ
24htopnews | December 18, 2024 12:12 AM CST

စစ်ကိုင်းမြို့တွင် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း  မူးယစ်ရမ်းကားသည့် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ သိရသည်။

သြဂုတ် ၁၃ ရက် ည ၉ နာရီခန့်၌ စေတီယပါလ ဘုန်းတော်ကြီးကျောင်းရှိ ခန်းနေဦးဇင်း ဝေပုလ္လ(ခ)လှမျိုး (၄၉ နှစ်)၊ (၃) ဝါသည်  ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓ၊ ဦးဇဝနတို့နှင့်အတူ အခန်းပေါက်ရှေ့၌ အတူရှိနေစဉ် ရွှေမင်းဝံ ရပ်ကွက်၊ (ည) နယ်မြေ ကျူးကျော်ရပ်နေ မျိုးဝင်း (၄၈) နှစ်သည် အရက်သေစာ သောက်စား မူးယစ်ပြီး ကျောင်းဝန်းအတွင်းကို ရောက်ရှိလာသည့်အတွက် ဦးဇင်းဝေပုလ္လမှ “မင်းအရက်မူးနေတာ မဟုတ်လား၊ နေအိမ်ပြန်” ဟု ပြောဆိုရာ မျိုးဝင်းက မပြန်ဘဲ ကျောင်းဝန်းအတွင်း ပြဿနာ ရှာနေခဲ့သည့် အတွက်  ဦးဇင်းဝေပုလ္လမှ ဝါးတုတ်တစ်ချောင်းဖြင့် မျိုးဝင်း၏ နောက်ကျောအား တစ်ချက်ရိုက်ပြီး ကျောင်းဝန်းထဲမှ ထွက်သွားရန် နှင်ထုတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ နှင်ထုတ်သည်ကို မကျေနပ်၍ မျိုးဝင်းက ည ၁၀ နာရီ ၄၅ မိနစ်ခန့်၌ ကျောင်းဝန်းအတွင်းသို့  ပြန်လည် ရောက်ရှိလာပြီး  ဦးဇင်းဝေပုလ္လအား ဆဲဆိုကြိမ်းမောင်းရာ ဦးဇင်းဝေပုလ္လက အရိုး ၆ လက်မ၊ အသွား ၁၁ လက်မ၊ ဗျက် ၁ လက်မ အသားရိုးတပ် ဓားဦးချွန်ဖြင့် မျိုးဝင်း၏  ဝဲဘက်ရင့်ညွန့်အား ထိုးသွင်းခဲ့သည့် အတွက် မျိုးဝင်းမှာ အခင်းဖြစ် နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ မျိုးဝင်း၏ အလောင်းကို  ရဲဆေးစာဖြင့် စစ်ကိုင်းမြို့ ကုတင်၂၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ ပေးပို့ထားရှိပြီး ပြစ်မှုကျူးလွန်သူ ဦးဇင်းဝေပုလ္လ(ခ)လှမျိုးကို ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓမှ သိက္ခာချ လူဝတ်လဲပေး ခဲ့သဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်းနှင့် ဖြစ်စဉ်နှင့်  ပတ်သက်ပြီး သေဆုံးသူ မျိုးဝင်း၏ဇနီး မသန်းသန်းနု (၄၄) နှစ်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့သည့်အတွက် ဦးဇင်းဝေပုလ္လ (ခ) လှမျိုးကို စစ်ကိုင်းမြို့မ ရဲစခန်းကနေ (ပ) ၅၅၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


READ NEXT
Cancel OK