Top News

ထိုင်းနိုင်ငံ စံခလဘူရီမြို့မှ ထောင်ဖာဖွန်မြို့သို့သွားသည့် စက်လှေတစ်စင်းပေါ်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး
24htopnews | December 17, 2024 7:12 PM CST

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စံခလဘူရီမြို့မှ ထောင်ဖာဖွန်မြို့သို့ သွားသည့် စက်တပ်လှေတစ်စင်းပေါ်မှ တရားမဝင်ရွှေ့ပြောင်းလာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်း ဘက်မှလာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက် နံနက်အစောပိုင်းက စံခလဘူရီမြို့မှ ထောင်ဖာဖွန်မြို့သို့ သွားရောက်ရာ ဗာဂျီရာလေင်ကွန်ဆည်အတွင်းရှိ လုံခြုံရေးကင်းတဲရှိ ထိုင်းအာဏာပိုင်များက မသင်္ကာဖွယ်ရာ ၎င်းင်းစက်တပ်လှေအား ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့သော်လည်း စက်တပ်လှေမှာ ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာ ဖြတ်သန်းမောင်းနှင်ထွက်ပြေးသွားသည့်အတွက်ကြောင့် ထောင်ဖာဖွန်မြို့ လှေဆိပ်အတက်၌ ၎င်းင်းစက်တပ်လှေအား  ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များက ၎င်းင်းစက်တပ်လှေမောင်းနှင်သည့် ထိုင်းလူမျိုး အမျိုးသားနှစ်ဦးအား စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ရာ စက်တပ်လှေပေါ်တွင် လိုက်ပါလာကြသူ ၁၁ ဦးမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း၊ ၎င်းင်းတို့အား သယ်ဆောင်လာရန်အတွက် လှေစီးခအနေဖြင့် တစ်ဦးလျှင် ဘတ် ၇၀၀ ရယူခဲ့ကြောင်းကို ထွက်ဆိုခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။

ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁ ဦးမှ အချို့မှာ ထိုင်းနိုင်ငံအတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် တစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၃၀၀၀ အထိ ပွဲစားများအား ပေးဆောင်ခဲ့ကြရကြောင်း၊ အချို့မှာ မလေးရှားနိုင်ငံသို့ ဆက်လက်သွားရောက်ရန်အတွက် သတ်မှတ် ထားသည့်နေရာသို့ ရောက်ရှိပါက ပွဲစားအားတစ်ဦးလျှင် စင်္ကာပူဒေါ်လာ ၅၅၀၀ အထိထပ် မံပေးဆောင်ကြရမည်ဖြစ်သည်ဟု အသီးသီးထွက်ဆိုချက်ပေးထားကြောင်းလည်း သိရသည်။

 


READ NEXT
Cancel OK