Top News

အာဆီယံဖလားပြိုင်ပွဲတွင် မိမိတို့အသင်းအတွက် ပွဲစဉ်ရေးဆွဲထားမှုမှာ လွန်စွာခက်ခဲကြောင်းနှင့် သုံးရက်တစ်ပွဲကစားနေရကြောင်း လာအိုနည်းပြ ဆို
24htopnews | December 17, 2024 6:12 PM CST

လာအိုလက်ရွေးစင်အသင်းနည်းပြဖြစ်သူ တောင်ကိုရီးယားနိုင်ငံသား ဟာဟေးဂျွန်က ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲတွင် မိမိတို့အသင်းအတွက် ပွဲစဉ်ရေးဆွဲထားမှုမှာ လွန်စွာခက်ခဲကြောင်းနှင့် သုံးရက်တစ်ပွဲကစားနေရကြောင်း ညည်းတွားပြောဆိုခဲ့သည်။

လာအိုလက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်ဒီဇင်ဘာ ၁၅ ရက်က အုပ်စုတတိယပွဲအဖြစ် အိမ်ကွင်းတွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

ယင်းပွဲတွင် လာအိုအသင်းက ပထမပိုင်းပြီးဆုံးချိန်အထိ(၁-၀) ဂိုးဖြင့် အနိုင်ရနေခဲ့ပြီး ဒုတိယပိုင်း၌ ပေးလိုက်ရသည့် ချေပဂိုးကြောင့်သာ သရေကျသွားရခြင်းဖြစ်သည်။

ယင်းပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လာအိုအသင်းနည်းပြ ဟာဟေးဂျွန်က ''ဒီနေ့ပွဲ(ဖိလစ်ပိုင်) က ကျွန်တော်တို့ အနိုင်သုံးမှတ် ရယူနိုင်ခဲ့သင့်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက ပွဲပန်းတဲ့ဒဏ်ကို ကြုံတွေ့နေရပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ အခွင့်အရေးတချို့ကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီပြိုင်ပွဲအတွက် ပွဲစဉ်ရေးဆွဲထားမှုက ကျွန်တော်တို့အသင်းအတွက် အလွန်ခက်ခဲသလို အလွန်လည်း ပင်ပန်းရပါတယ်။ ကျွန်တော်တို့အသင်းက ပြိုင်ပွဲမှာ သုံးရက်တစ်ပွဲနှုန်း မနားတမ်း ကစားနေရပါတယ်။ ဒီ့အတွက် ကျွန်တော့်ကစားသမားတွေမှာ အနားယူရတဲ့အချိန် မရှိဘူး။ ပင်ပန်းတဲ့ဒဏ်တွေကို ပြန်ဖြည့်ဖို့ အချိန်လည်းမရဘူး။ အခုလည်း ကျွန်တော်တို့ဟာ မြန်မာအသင်းနဲ့ ကစားရဖို့ ခရီးသွားရပါဦးမယ်''ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲအတွက် ပွဲစဉ်ရေးဆွဲထားမှုနှင့် ပတ်သက်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိသည်။

လာအိုအသင်းသည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲတွင် အုပ်စုတွင်းလေးပွဲကို သုံးရက်တစ်ပွဲနှုန်းဖြင့် မနားတမ်းဆက်တိုက် ကစားနေရလျက်ရှိသည်။

လာအိုအသင်းသည် ဒီဇင်ဘာ ၉ ရက်က အုပ်စုပထမပွဲအဖြစ် အိမ်ကွင်းတွင် ဗီယက်နမ်အသင်းနှင့် ကစားခဲ့ရာ(၁-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ထို့နောက် လာအိုအသင်းသည် နှစ်ရက်ခြားပြီး အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ကာ ဒီဇင်ဘာ ၁၂ ရက်တွင် အုပ်စုဒုတိယပွဲအဝေးကွင်းအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၃-၃) ဂိုးဖြင့် သရေကျခဲ့သည်။

ထို့နောက် လာအိုအသင်းသည် လာအိုနိုင်ငံသို့ပြန်လာကာ နှစ်ရက်ခြားပြီး ဒီဇင်ဘာ ၁၅ ရက်က အုပ်စုတတိယပွဲ အိမ်ကွင်းအဖြစ် ဖိလစ်ပိုင်အသင်း နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

ထို့နောက် လာအိုအသင်းသည် ရန်ကုန်မြို့သို့ထွက်ခွာခဲ့ပြီး နှစ်ရက်ခြားကာ ဒီဇင်ဘာ ၁၈ ရက်တွင် အုပ်စုနောက်ဆုံးပွဲ အဝေးကွင်းပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ယင်းအုပ်စုတွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအိုအသင်း ငါးသင်း ပါဝင်နေပြီး ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာအသင်းများမှာ ပွဲတစ်ပွဲနှင့် တစ်ပွဲကြား အနားယူချိန် ငါးရက်စီရရှိကြပြီး လာအိုနှင့် ဖိလစ်ပိုင် အသင်းနှစ်သင်းမှာမူ အုပ်စုလေးပွဲကို သုံးရက်တစ်ပွဲနှုန်းဖြင့်  ဆက်တိုက်ကစားနေရလျက်ရှိသည်။

 


READ NEXT
Cancel OK