Top News

သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသားနှစ်ဦး ဖဲရိုက်ရင်း စကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားပြီး ကျူးလွန်သူက ရဲစခန်းတွင် လာရောက် အဖမ်းခံ
24htopnews | December 17, 2024 11:12 AM CST

သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသား နှစ်ဦး ဖဲအတူရိုက်ရင်း စကားများရန်ဖြစ်ရာမှ ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း မတ် ၁၃ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၃ ရက် နံနက် ၀၀ နာရီ ၁၅ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဉ် စခန်းသို့ အမျိုးသားတစ်ဦး ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် တာဝန်ရှိသူများက မေးမြန်းရာ ၎င်းမှာ ပဲခူးတိုင်းဒေသကြီးတွင် နေထိုင်ပြီး လက်ရှိတွင် သင်္ဃန်းကျွန်းမြို့နယ် ကျိုက်/ နောက်ရပ်ကွက်ရှိ ကျောင်းတိုက် တစ်တိုက်တွင် ခေတ္တနေထိုင်သည့် သက်ပိုင် (၂၅နှစ်) ဆိုသူဖြစ်ကြောင်းနှင့် ၎င်းသည် အလုပ်လုပ်ရင်း အတူတည်းခိုနေထိုင်သည့် အမျိုးသားတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု လာရောက် ပြောဆိုခဲ့ကြောင်း သိရသည်။

“ သူက အတူနေတဲ့သူကို ဓားနဲ့ထိုးသတ်ခဲ့တယ်ဆိုပြီး စခန်းကို လာပြီးပြောတာပေါ့။ သူ ထိုးသတ်ခဲ့တယ်ဆိုတဲ့ ဓားကို ကိုင်ပြီး စခန်းကို လာအဖမ်းခံတာလို့ သိရတယ် “ ဟု အရှေ့ ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဆက်လက် စစ်ဆေးရာ သက်ပိုင်မှာ ၎င်းနှင့်အတူနေသည့် ရခိုင်ပြည်နယ်နေ ကို.....(၂ဝနှစ်) ဆိုသူနှင့်အတူ မတ် ၁၂ ရက် ည ၁၀ နာရီခွဲခန့်က နှစ်ဦးတည်း ဖဲရိုက်နေစဉ် ကို....(၂ဝနှစ်) မှ အရက်မူးပြီး ရန်ရှာသဖြင့် ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ထို့နောက် တာဝန်ရှိသူများမှ အခင်းဖြစ်နေရာအား သွားရောက် စစ်ဆေးရာ ကို....(၂ဝနှစ်) မှာ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ငါးချက်၊ မေးစေ့ပြတ်ရှဒဏ်ရာ တစ်ချက်တို့ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူ သက်ပိုင် အား သင်္ဃန်းကျွန်းမြို့မရဲစခန်းက (ပ) ၃၂၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK