Top News

အိမ်အကူမိန်းကလေးကို မျက်လုံးတစ်လုံးနှင့် မျက်နှာတစ်ခြမ်းပျက်စီးစေသည်အထိ အက်ဆစ်ဖြင့် လောင်းခဲ့သော အိမ်ရှင်အမျိုးသမီးအား အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး လူကုန်ကူးမှုနှင့် ပတ်သက်၍ ဆက်လက် စစ်ဆေးနေ
24htopnews | December 17, 2024 11:12 AM CST

အိမ်အကူမိန်းကလေးကို မျက်လုံးတစ်လုံးနှင့် မျက်နှာတစ်ခြမ်း ပျက်စီးစေသည်အထိ အက်ဆစ်ဖြင့် လောင်းခဲ့သော အိမ်ရှင်အမျိုးသမီးကို အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်ကျခံစေရန် ချမ်းမြသာစည်မြို့နယ် တရားရုံးက ဖေဖော်ဝါရီလ ၂၇ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး လူကုန်ကူးမှုနှင့် ပတ်သက်၍ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

“မနန်းမေဇင်ဦးကို အက်ဆစ်နဲ့ ပက်လောင်းစေမှုအတွက် မနီနီနုနွယ်ကို အပြင်းအထန် နာကျင်စေမှုရယ်၊ ပိတ်လှောင်မှုရယ် ပုဒ်မ၂ခုနဲ့စွဲဆို ထားတာပါ။ ယောက်ခမဖြစ်သူ ဒေါ်မိုးမိုးနဲ့ သူ့အမျိုးသားကိုတော့ ပိတ်လှောင်မှုကို အားပေးကူညီတယ်ဆိုပြီး ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ စွဲတင်ခဲ့တာပါ။ စစ်ဆေးတွေ့ရှိချက်တွေအရ မနီနီနုနွယ်ကိုတော့ အပြင်းအထန် နာကျင်စေမှုအတွက် အလုပ်နဲ့ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တာပါ။ နောက်တစ်ခုဖြစ်တဲ့ ပိတ်လှောင်မှုနဲ့ ပတ်သက်ပြီး အပြစ်မရှိတဲ့အတွက် လွှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် ယောက်ခမဖြစ် သူနဲ့ခင်ပွန်းဖြစ်သူကို စွဲဆိုထားတဲ့ ပိတ်လှောင်ခြင်းကို အားပေးကူညီမှုကလည်း မမြောက်တာကြောင့် သူတို့လည်း လွှတ်ပေးခဲ့တာပါ။ ဒါပေမယ့် မနီနီနုနွယ်နဲ့ ယောက်ခမဖြစ်သူ ဒေါ်မိုုးမိုးကတော့ မန္တလေးခရိုင် တရားရုံးမှာ လူကုန်ကူးမှုနဲ့ စွဲဆိုခံနေရတာကြောင့် အချုပ်နဲ့ပဲ အမှုကို ဆက်လက်ရင်ဆိုင်နေ ကြပါတယ်” ဟု ချမ်းမြသာစည် မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက အမှုအမိန့်ချမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

 အက်ဆစ်ဖြင့် ပက်ခံခဲ့ရခြင်းကြောင့် မျက်လုံးတစ်ဖက်ကွယ်ကာ မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ရသည့် အိမ်အကူ မိန်းကလေးကို ရှစ်နှစ်ခန့်ကြာ ပိတ်လှောင်ခဲ့သည့် ဟုဆိုကာ မနီနီနုနွယ်နှင့် ဒေါ်မိုမိုးတို့အား ရဲမှူးမျိုးဇင်မှ တရားလိုပြုလုပ်ကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ  ၂၄/၃၂ အရ အမှုဖွင့် ဖမ်းဆီးခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လဆန်းပိုင်းက မန္တလေးခရိုင် တရားရုံးသို့ တရားစွဲဆိုခဲ့ရာ နိုဝင်ဘာလ ၁၉ ရက်တွင် စွဲချက်တင်မိန့် ချမှတ်ခဲ့ပြီး ပြန်ခေါ်သက်သေများကို စစ်ဆေးနေသည်ဟု သိရသည်။

၂၀၀၈ ခုနှစ်ခန့်က ရွာငံမြို့နယ်၊ နဘမ်းကြီးကျေးရွာတွင် နေထိုင်သည့် မနန်းမေဇင်ဦးအား ဒေါ်မိုးမိုးဆိုသူမှ   မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ ကုန်စုံဆိုင်တွင်  တစ်လတစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်မိုးမိုးကုန်စုံဆိုင် ပိတ်လိုက်သဖြင့် ဒေါ်မိုးမိုး၏ အစ်ကိုဖြစ်သူ ကုန်စုံဆိုင်သို့ ထပ်မံအလုပ်လုပ်ခဲ့ရကာ ထိုသို့ အလုပ်လုပ်နေစဉ် ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုးချွေးမ တော်စပ်သူ မနီနီနုနွယ်၏ သူငယ်ချင်းများနှင့် သင်္ကြန်လည်ခဲ့ကြောင်း သိရသည်။

ထိုသို့သင်္ကြန်လည်စဉ် မနီနီနုနွယ်သူငယ်ချင်းဆိုသူ ဟိန်းကိုကိုမှ မနန်းမေဇင်ဦးအား ချစ်ကြိုက်ကြောင်း ပြောဆိုရာမှစ၍ မနီနီနုနွယ်မှ သူမကို ရိုင်းပြစွာ ဆက်ဆံလာခဲ့ပြီး ၂၀၁၀ ခုနှစ်၊ သင်္ကြန် နှစ်ဆန်းတစ်ရက်တွင် သူမရေချိုးနေစဉ် မနီနီနုနွယ်မှ အက်ဆစ်ဖြင့်ပက်ခဲ့ရာ ဝဲဘက်မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ပြီး ဝဲဘက်မျက်လုံး ကွယ်ခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့အက်ဆစ်ဖြင့် လောင်းခံရသည့် ဒဏ်ရာများကြောင့် မနန်းမေဇင်ဦးကို ဒေါ်မိုးမိုးမှပြုစု ပေးခဲ့ကြောင်းသိရပြီး ဖခင်ဖြစ်သူ ရောက်လာချိန်တွင် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ကာ ဆေးကုသပေးမည် ဖြစ်သဖြင့် အမှုမဖွင့်ရန် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ ဖခင်ဖြစ်သူကို ငွေကျပ်တစ်သိန်းတစ်ကြိမ်၊ သုံးလခန့်အကြာတွင် ငွေကျပ်နှစ်သိန်း တစ်ကြိမ်ပေးခဲ့ကြောင်း၊ အဆိုပါ အက်ဆစ်ဖြင့် ပက်ခဲ့သည့် ဒဏ်ရာများကြောင့် အခန်းတွင်း ပိတ်လှောင်ထားခဲ့ရာ လေးနှစ်ခန့် ကြာခဲ့သည်ဟု သိရသည်။

အက်ဆစ်ဖြင့် ပက်ခံရသည့် ဒဏ်ရာများ ရရှိကတည်းက အိပ်ခန်းထဲ ပိတ်လှောင်ထားသည်မှာ လေးနှစ်ခန့် ကြာမြင်ခဲ့ပြီး ရေချိုးချိန်လောက်သာ အပြင်ထုတ်ပေးခဲ့ကာ ဒဏ်ရာများ သက်သာတော့မှသာ အိမ်ထဲတွင်ပင် ထိုင်သွားလာခွင့်ရပြီး အိမ်အလုပ်များ လုပ်ပေးခဲ့ရကြောင်း၊ စုစုပေါင်း ရှစ်နှစ်ခန့် ရှိပြီဖြစ်ကာ အိမ်ကထွက်လာ ခဲ့သည်မှာ ၁၄ နှစ်အရွယ်သာရှိခဲ့ပြီး အက်ဆစ်ဖြင့် ပက်ခံရသည့် ဒဏ်ရာများကြောင့် မျက်လုံးတစ်ဖက် ကွယ်လွန်ခဲ့ကာ  ခန္ဓာကိုယ်တစ်ခြမ်းလုံး အက်ဆစ်ပက်ထားသည့် ဒဏ်ရာများ ခံစားခဲ့ရပြီး ဆေးကုသမှုကို တစ်နှစ်ကျော်ကြာ ပြုလုပ်ခဲ့ရသည်။

မနန်းမေဇင်ဦးသည် ၎င်းတို့အလစ်တွင် နေအိမ်မှ ထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ကာ  တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 


READ NEXT
Cancel OK