Top News

ပရီးမီးယားလိဂ်၌ ပွဲဦးထွက်မန်ချက်စတာဒါဘီတွင် ဂန္ထဝင်နည်းပြ ဖာဂူဆန်နောက်ပိုင်း ပထမဆုံးအနိုင်ရသည့် မန်ယူနည်းပြအဖြစ် အာမိုရင်မ် မှတ်တမ်းဝင်
24htopnews | December 16, 2024 6:12 PM CST

မန်ယူအသင်း၏ နည်းပြသစ် အာမိုရင်မ်သည် ပရီးမီးယားလိဂ်၌ ပွဲဦးထွက်မန်ချက်စတာဒါဘီတွင် ဂန္ထဝင်နည်းပြ ဖာဂူဆန်နောက်ပိုင်း ပထမဆုံးအနိုင်ရရှိသည့် မန်ယူနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဂန္ထဝင်နည်းပြ ဖာဂူဆန်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်သည့် ၁၉၉၂-၉၃ ဒါဘီတွင် ပထမဆုံးယှဉ်ပြိုင်ခဲ့သည့် မန်ချက်စတာဒါဘီပွဲ၌ မန်စီးတီးအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

၎င်းနောက်ပိုင်း ကိုင်တွယ်ခဲ့သည့် မန်ယူနည်းပြများမှာမူ အာမိုရင်မ် မတိုင်မီအထိ ပရီးမီးယားလိဂ်တွင် ပထမဆုံးယှဉ်ပြိုင်ကစားရသည့် မန်ချက်စတာဒါဘီပွဲစဉ်များ၌ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိရုံသာမက ရှုံးပွဲနှင့်သာ ရင်ဆိုင်ခဲ့ကြရသည်။

ဒေးဗစ်မွိုက်စ်က၂၀၁၃-၁၄ ရာသီတွင် (၁-၄)ဂိုး၊ ဗန်ဟားလ်က ၂၀၁၄-၁၅ ရာသီတွင် (၀-၁)ဂိုး၊ မော်ရင်ဟိုက ၂၀၁၆-၁၇ ရာသီတွင် (၁-၂)ဂိုး၊ ဆိုးလ်ရှားက ၂၀၁၈-၁၉ ရာသီတွင် (၀-၂)ဂိုး၊ ရန်းညက်က ၂၀၂၁-၂၂ ရာသီတွင် (၁-၄)ဂိုး၊ တန်ဟက်ဂ်က ၂၀၂၂-၂၃ ရာသီတွင် (၃-၆)ဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အာမိုရင်မ်လက်ထက်တွင်မူ (၂-၁)ဂိုးဖြင့် အနိုင်ယူကာ ဖာဂူဆန်နောက်ပိုင်း မန်ချက်စတာဒါဘီမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် မန်ချက်စတာဒါဘီ အဝေးကွင်းပွဲစဉ်တွင် ပွဲချိန်(၈၇)မိနစ်အထိ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပြီးမှ နောက်ကျဂိုးများဖြင့် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ချေပဂိုးနှင့် အနိုင်ဂိုးကို (၁)မိနစ်နှင့် (၅၅)စက္ကန့်အတွင်း သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းအတွက် ချေပဂိုးကို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အာမက်ဒီယာလိုကြောင့် ရရှိသည့် ပယ်နယ်တီအား ကန်သွင်းကာ ရယူခဲ့ခြင်းဖြစ်ပြီး အနိုင်ဂိုးကို အာမက်ဒီယာလိုက လှလှပပသွင်းယူခဲ့ခြင်းဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်တွင် ပယ်နယ်တီ(၂၅)ကြိမ် ကန်သွင်းရာတွင် (၂၁)ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့ခြင်းကြောင့် ပယ်နယ်တီ(၂၈) ကြိမ်၌ ဂိုး(၂၀)ဝင်အောင် ကန်သွင်းနိုင်ခဲ့သည့် တိုက်စစ်မှူးဟောင်း ရွန်နီကို  ကျော်ဖြတ်ကာ အများဆုံးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။

အာမက်ဒီယာလိုမှာလည်း ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းကို မိနစ်(၉၀)တွင် အနိုင်ဂိုးသွင်းယူနိုင်သည့် ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အသက်အငယ်ဆုံးအဖြစ် စံချိန်တင်ထားသူမှာ ၂၀၀၄ ခုနှစ်က လက်ရှိချန်ပီယံအာဆင်နယ်အသင်းကို ဂိုးသွင်းယူခဲ့သည့် လီဗာပူးလ်ကစားသမား နေးလ်မယ်လာဖြစ်ပြီး (၂၂ နှစ်၊ ၂၄ ရက်) ဖြင့် စံချိန်တင်ထားခြင်းဖြစ်သည်။

အာမက်ဒီယာလိုက (၂၂ နှစ်၊ ၁၅၇ ရက်)ဖြင့် ဒုတိယအသက်အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူနည်းပြ အာမိုရင်မ်သည် ယခုပွဲတွင် အဓိက ကစားသမားနှစ်ဦးဖြစ်သည့် ရပ်ရှ်ဖို့ဒ်နှင့် ဂါနာချိုတို့ကို အရန်စာရင်းမှာပင် ထည့်သွင်းခြင်းမရှိခဲ့သည့်အတွက် စွန့်စားလွန်းသော လုပ်ရပ်အဖြစ် သုံးသပ်မှုများလည်း ရှိခဲ့သည်။

အာမိုရင်မ်ကမူ ကစားသမားများ၏စွမ်းဆောင်ရည်အပေါ် ဘက်ပေါင်းစုံမှအကဲဖြတ်ကာ ရိုုးရှင်းစွာ ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK