Top News

ရလဒ်များ တိုးတက်မလာခဲ့ပါက မိမိကို မန်စီးတီးအသင်း ရာထူးမှ ထုတ်ပယ်နိုင်သည်ဟု ဂွါဒီယိုလာ ပြောကြား
24htopnews | December 16, 2024 6:12 PM CST

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်း၏ ရလဒ်များ တိုးတက်မလာခဲ့ပါက မန်စီးတီးအသင်းသည် မိမိကို နည်းပြရာထူးမှ ထုတ်ပယ်နိုင်သည်ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် မန်ယူအသင်းအား ရှုံးနိမ့်ခဲ့သည့် မန်ချက်စတာဒါဘီပွဲမတိုင်မီ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

Sky Sports နှင့်တွေ့ဆုံရာတွင် ဂွါဒီယိုလာက ''အသင်းပိုင်ရှင်တွေက အခြေအနေဆိုးရွားနေတာ၊ ရှုံးပွဲတွေနဲ့ စတင်နေရတာကို သိပါတယ်။ ဒါကို လက်မခံနိုင်တော့တဲ့အခါ နောက်လ ဒါမှမဟုတ် နောက်နှစ်လအတွင်း ကျွန်တော် ဒီမှာ ရှိတော့မှာ မဟုတ်ပါဘူး။ အတိတ်မှာ လုပ်ဆောင်ခဲ့တာတွေကို ကြည့်ပြီး လူတွေက ကျွန်တော် ထုတ်ပယ်ခံရမှာမဟုတ်ဘူးလို့ ထင်ကြပေမဲ့ ကျွန်တော်တို့က နေ့စဉ် တရားစီရင်ခံနေရတဲ့ နည်းပြတွေပါ။ ဆိုးရွားတဲ့ ရာသီတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတာနဲ့ ထွက်သွားရနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် မန်ချက်စတာဒါဘီတွင် ရှုံးနိမ့်ခဲ့သည့်အတွက် ယခုအခါ ဖိအားပိုတိုးသွားခဲ့ပြီဖြစ်သည်။

ဂွါဒီယိုလာသည် ပြိုင်ပွဲစုံနောက်ဆုံး (၁၁)ပွဲတွင် နော်တင်ဟမ်ဖောရက်စ်နှင့်တစ်ပွဲကိုသာ အနိုင်ရခဲ့ပြီး (၂)ပွဲ သရေကျကာ (၈)ပွဲအထိ ရှုံးနိမ့်ခဲ့သည်။

၎င်းက မန်ယူနှင့်ပွဲတွင် မိမိအနေဖြင့် လုံလောက်မှုမရှိခဲ့ကြောင်းနှင့် လက်ရှိအချိန်၌ နည်းပြတစ်ဦးအနေဖြင့် အသင်း၏ပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေသော်လည်း မလုပ်ဆောင်နိုင်သေးကြောင်း ဝန်ခံပြောကြားခဲ့သည်။


READ NEXT
Cancel OK