Top News

တိုက်စစ်မှူးအသစ် ခေါ်ယူအားဖြည့်ရန် တိုက်တွန်းမှုများရှိနေသော်လည်း မိမိအနေဖြင့် ဇန်နဝါရီစျေးကွက်ကို မည်သည့်အခါကမျှ မျှော်လင့်လေ့မရှိဟု အာတီတာ ပြောကြား
24htopnews | December 16, 2024 6:12 PM CST

အာဆင်နယ်နည်းပြ အာတီတာက တိုက်စစ်မှူးအသစ် ခေါ်ယူအားဖြည့်ရန် တိုက်တွန်းအကြံပြုမှုများရှိနေသော်လည်း မိမိအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ်ခေါ်ယူနိုင်ရန်  မည်သည့်အခါကမျှ မျှော်လင့်လေ့မရှိဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုရာသီတွင် ထောင့်ကန်ဘောနှင့် တည်ကန်ဘော(Set-piece)များမှ ဂိုးများစွာ သွင်းယူထားနိုင်သော်လည်း ပုံမှန်ကစားကွက်(Open Play)မှ ဂိုးသွင်းယူနိုင်မှုမှာမူ လျော့ကျလာခဲ့သည်။

မှတ်တမ်းများအရ အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင် Open Play မှ ဂိုးသွင်းယူနိုင်ခြင်းမရှိသည်မှာ မိနစ်(၃၀၀)နီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် အာဆင်နယ်အသင်းအနေဖြင့် ယခုရာသီတွင် ပြီးခဲ့သည့် နှစ်ရာသီထက် တိုက်စစ်စွမ်းဆောင်ရည် ကျဆင်းလာကြောင်းလည်း Opta က ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နောက်ဆုံးနှစ်ရာသီဆက် ဒုတိယနေရာရရှိခဲ့သည့်အသင်းဖြစ်ပြီး တိုက်စစ်ပိုင်းအနေဖြင့် ၂၀၂၂-၂၃ ရာသီ၌ (၈၈)ဂိုး သွင်းယူကာ ၂၀၂၃-၂၄ ရာသီတွင် (၉၁)ဂိုး သွင်းယူခဲ့သည်။

၂၀၂၂-၂၃ ရာသီတွင် ပွဲစဉ်(၁၆)ပွဲကစားပြီးချိန်၌ ဂိုး(၄၀) သွင်းယူခဲ့ပြီး ၂၀၂၃ -၂၄ ရာသီတွင် ပွဲစဉ်(၁၆)ကစားပြီးချိန် ၌ (၃၃)ဂိုး သွင်းယူနိုင်ခဲ့သည်။

ယခုရာသီတွင်မူ ပွဲစဉ်(၁၆) ကစားပြီးချိန်၌ (၂၉)ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် ပြီးခဲ့သည့်(၂) ရာသီတွင် သွင်းယူခဲ့သော ဂိုးအရေအတွက်ထက် လျော့ကျခဲ့သည့်အပြင် ဂိုးကန်သွင်းမှုနှုန်းလည်း ကျဆင်းခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၁၆)အပြီး မှတ်တမ်းများအရ ၂၀၂၂ -၂၃ ရာသီတွင် ဂိုးကန်သွင်းမှု (၂၅၂)ကြိမ်၊ ၂၀၂၃-၂၄ ရာသီတွင် (၂၄၃)ကြိမ်ရှိခဲ့ပြီး ယခုရာသီတွင် (၂၂၆)ကြိမ်သာရှိခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုရာသီထက် တိုက်စစ်စွမ်းဆောင်ရည်ကောင်းခဲ့သည့် ရာသီများမှာပင် ကမ္ဘာ့အဆင့်တိုက်စစ်မှူး ခေါ်ယူအားဖြည့်သင့်ကြောင်း အကြံပြုမှုများရှိခဲ့သော်လည်း လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။

အဲဗာတန်နှင့်ပွဲမတိုင် ဇန်နဝါရီစျေးကွက်နှင့်ပတ်သက်၍ မေးမြန်းရာတွင်လည်း အာတီတာက ''ဇန်နဝါရီမှာ ထူးထူးကဲကဲအလုပ်များဖို့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ အံ့အားသင့်စရာတချို့ကတော့ အမြဲရောက်လာတတ်ပါတယ်။ ကျွန်တော်ကတော့ လက်ရှိ လူစာရင်းက လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ ပိုကောင်းလာဖို့  မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

သို့သော် အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီစျေးကွက်တွင် ကစားသမားသစ် ခေါ်ယူအားဖြည့်ရန် အလားအလာရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

အာဆင်နယ်အသင်းသည် ကာလရှည်ပစ်မှတ်ထားနေသည့် ဂျူဗင်တပ်စ်အသင်းမှ ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ဇန်နဝါရီစျေးကွက်တွင်ပင် ခေါ်ယူဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။

အာဆင်နယ်အသင်းသည် ဗလာဟိုဗစ်နှင့်အတူ နယူးကာဆယ်အသင်းမှ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်နှင့် စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်တို့ကိုလည်း ပစ်မှတ်ထားနေသည်။

လေ့လာသူအချို့ကမူ အာဆင်နယ်အသင်းသည် ဇန်နဝါရီတွင် တိုက်စစ်မှူးတစ်ဦးကို အငှားဖြင့်ခေါ်ယူမှုသာ ပြုလုပ်ဖွယ်ရှိကြောင်းလည်း သုံးသပ်ထားသည်။


READ NEXT
Cancel OK