Top News

မက်ဆီနှင့် နှိုင်းယှဉ်နေခြင်းမှာ ယမားလ်အတွက် ဖိအားဖြစ်စေလိမ့်မည်ဟု ဘာစီလိုနာဂန္ထဝင် ပူယိုးလ် သတိပေး
24htopnews | December 16, 2024 6:12 PM CST

ဘာစီလိုနာဂန္ထဝင် ပူယိုးလ်က လူငယ်တိုက်စစ်ကစားသမား ယမားလ်အား ကမ္ဘာကျော်ဘောလုံးသမား မက်ဆီနှင့် နှိုင်းယဉ်နေခြင်းမှာ ယမားလ်အတွက် ကြီးမားသည့်ဖိအား ဖြစ်စေလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။

အသက် (၁၇) နှစ်အရွယ် စပိန်လူငယ်ကစားသမား ယမားလ်သည် မက်ဆီကဲ့သို့ နာမည်ကျော်ဘာစီလိုနာအကယ်ဒမီ လာမာစီယာထွက် ကစားသမားဖြစ်ပြီး မက်ဆီကဲ့သို့ပင် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ဘာစီလိုနာအသင်းတွင် ပွဲထွက်ခွင့်ရခဲ့သူဖြစ်သည်။

ယမားလ်သည် အသက် (၁၆)နှစ်အရွယ်မှာပင် ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်း၏အဓိကကစားသမား ဖြစ်လာခဲ့သူဖြစ်သည်။

၎င်းသည် ဘာစီလိုနာအတွက် ခြေစွမ်းပြကစားနေသလို၊ ပြီးခဲ့သည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း ချန်ပီယံ စပိန်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သည်။

ထို့ကြောင့် ယမားလ်သည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သလို၊ Golden Boy ဆုကိုလည်း ရရှိထားသည်။

ယမားလ်အနေဖြင့် ယခုရာသီတွင်လည်း ဘာစီလိုနာအတွက် လာလီဂါ (၁၅) ပွဲတွင် (၅) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၉) ကြိမ် ပြုလုပ်ထားသည်။

ထို့ကြောင့် ယမားလ်အား မက်ဆီနှင့် နှိုင်းယှဉ်မှုများ ပိုများလာခဲ့ပြီး ယင်းမှာ လူငယ်ကစားသမားအတွက် ဖိအားဖြစ်စေလိမ့်မည်ဟု ပူယိုးလ်က သတိပေးခဲ့ခြင်းဖြစ်သည်။

ပူယိုးလ်က ''ယမားလ်ကို မက်ဆီနဲ့ ခိုင်းနှိုင်းနေတာက သူအတွက် ကြီးမားတဲ့ ဖိအားတွေကို ဖြစ်စေမှာပါ။ မက်ဆီ လုပ်ခဲ့တာတွေ၊ မက်ဆီ အခုလုပ်နေတာတွေက အရမ်းကို အံ့သြစရာကောင်းပြီး မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့အနေနဲ့ မက်ဆီလို ကစားသမားမျိုး နောက်ထပ်တွေ့ရဖို့ဆိုတာ မလွယ်ပါဘူး''ဟု ဆိုခဲ့သည်။ 


READ NEXT
Cancel OK