Top News

Fergie Time တွင် မှော်ဆန်သည့်အရာလုပ်ပြနိုင်ခဲ့ဟု မန်ယူအသင်းနည်းပြ အာမိုရင်မ် ချီးကျူးပြောကြား
24htopnews | December 16, 2024 6:12 PM CST

မန်ယူအသင်းနည်းပြ အာမိုရင်မ်က မန်ချက်စတာဒါဘီပွဲစဉ်၌ Fergie Time တွင် မှော်ဆန်သည့်အရာလုပ်ပြနိုင်ခဲ့ကြောင်း ချီးကျူးပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်က အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားသည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် မန်ယူအသင်းက မန်စီးတီးအသင်းအား နောက်ကျဂိုးများနှင့်အတူ (၁-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။

မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ၃၆ မိနစ်တွင် ဂဗာဒီယိုလ်က ခေါင်းတိုက်သွင်းယူခဲ့ပြီး ၈၇ မိနစ်အထိ ဦးဆောင်ထားနိုင်သော်လည်း ၈၈ နှင့် ၉၀ မိနစ်တွင် မန်ယူအသင်းက ချေပဂိုးနှင့် အနိုင်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းအတွက် လူငယ်တောင်ပံကစားသမား အာမက်ဒီယာလို ခြေစွမ်းပြနိုင်ခဲ့ပြီး ပယ်နယ်တီချေပဂိုးမှာ ၎င်းကြောင့်ရရှိခြင်းဖြစ်သလို အနိုင်ဂိုးကိုလည်း ကိုယ်တိုင်သွင်းယူပေးခဲ့သည်။

သို့ဖြစ်ရာ အာမိုရင်မ်က ဂန္ထဝင်နည်းပြ ဖာဂူဆန်လက်ထက်၌ နာမည်ကျော်ခဲ့သည့် Fergie Time (နောက်ကျဂိုးများ) နှင့် နှိုင်းယှဉ်၍ ချီးကျူးခဲ့ခြင်းဖြစ်သည်။

''ဒါက မယုံနိုင်လောက်အောင်ပါပဲ။ ကျွန်တော်တို့က အဲဒါနဲ့ ထိုက်တန်မှုရှိတယ်လို့ ထင်ပါတယ်။ ဒါက အရမ်းခက်ခဲတဲ့ပွဲပါ။ ဒါပေမဲ့ ကျွန်တော်တို့ နောက်ဆုံးချိန်အထိ ယုံကြည်မှုရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရဖို့ လိုအပ်တယ်။ အဲဒါက ကျွန်တော်တို့အတွက်ရော ပရိသတ်တွေအတွက်ပါ အရေးကြီးပါတယ်။ ကျွန်တော်တို့ ကစားပွဲထဲမှာ မိနစ် ၉၀ လုံးရှိနေခဲ့ပြီး အဲဒါက အရမ်းကောင်းပါတယ်။ အာဆင်နယ်နဲ့ပွဲအကြောင်းပြောရရင် ပထမပိုင်းမှာ ကျွန်တော်တို့ကစားပုံအရမ်းကောင်းပေမဲ့ သူတို့ (ကစားသမားတွေ) က အနိုင်ရမယ်ဆိုတာ ယုံကြည်မှုမရှိခဲ့ဘူး။ ဒီနေ့ကတော့ အရမ်းကိုခြားနားပါတယ်။ ကျွန်တော်လည်း ဒါကို ယုံကြည်မှုရှိပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ Fergie Time ရခဲ့ပြီး အတူတူစုပေါင်းပြီးတော့ မှော်ဆန်တဲ့အရာတစ်ခုကို လုပ်နိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်'' ဟု အာမိုရင်မ်က ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK