Top News

၂၀၂၀ ပြည့်နှစ်အတွင်း မွန်ပြည်နယ်၌ ယာဉ်မတော်ဆမှုပေါင်း ၈၅၈ မှုဖြစ်ပွားခဲ့ပြီး ၂၄၇ ဦး သေဆုံးခဲ့ကာ ၁၃၂၄ ဦး ဒဏ်ရာရရှိခဲ့
24htopnews | December 16, 2024 5:12 PM CST

၂၀၂၀ ပြည့်နှစ်အတွင်း မွန်ပြည်နယ်၌ ယာဉ်မတော်ဆမှုပေါင်း ၈၅၈ မှုဖြစ်ပွားခဲ့ပြီး ၂၄၇ ဦး သေဆုံးခဲ့ကာ ၁၃၂၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် ယာဉ်မတော်တဆမှု ပိုမိုများပြားခဲ့ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မွန်) မှ သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်စဉ်များ တိုးလာရခြင်းနှင့် ပတ်သက်ပြီး အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မူးယစ်သောက်စားပြီး မောင်းနှင်ခြင်းများကြောင့် ဖြစ်ကြောင်း၊ လက်ရှိ ယာဉ်မတော်တဆမှု ဖြစ်စဉ်များအား ကြည့်ပါက မော်တော်ကားထက် မော်တော်ဆိုင်ကယ်များ ပို၍အဖြစ်များသည်ကို တွေ့ရကြောင်းနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရန်မှာ ယာဉ်မောင်းသူများအပေါ်တွင်သာ မူတည်နေကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မွန်) မှ ဒုတပ်ဖွဲ့ခွဲမှူး၊ ရဲမှူးဉာဏ်လင်းက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဓိက ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းအရင်းတွေက မိမိအရှိန်၊ မိမိနိုင်အောင် မထိန်းနိုင်ဘဲနဲ့ အရှိန်ပြင်းပြင်းနဲ့ မောင်းကြတာတွေ ရှိနေတယ်။ စည်းနဲ့ကမ်းနဲ့ မမောင်းနှင်ကြဘူး။ နောက်ပြီး ကားတွေမှောက်ရတဲ့ အကြောင်းကလည်း မိမိကိုယ်ကို မထိန်းနိုင်လောက်အောင်ကို သောက်စားမူးယစ်ပြီးတော့ မောင်းနှင်ကြတာတွေလည်း ရှိပါတယ်။ အများအားဖြင့်က မော်တော်ဆိုင်ကယ်တွေကြောင့် ယာဉ်တိုက်မှုက အများဆုံးဖြစ်တာပါ။ ယာဉ်တိုက်မှုဖြစ်စဉ်များမှာလည်း မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်တာတွေကလည်း အများဆုံးပါပဲ။ ယာဉ်တိုက်မှု ၁၀ မှုမှာဆိုရင် မော်တော်ဆိုင်ကယ်ကြောင့်က ခြောက်မှု၊ ခုနစ်မှုလောက် ဖြစ်နေတယ်”ဟု ပြောကြားသည်။

မွန်ပြည်နယ်၌ ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၀၅ မှုရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်အတွင်း ယာဉ်မတော်တဆမှု ပေါင်း ၈၅၈ မှုဖြစ်ပွားခဲ့ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း COVID-19 ကူးစက် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလ ဖြစ်နေသော်လည်း ယာဉ်တိုက်မှုမှာ လျော့ကျသွားခြင်း မရှိကြောင်းလည်း ရဲမှူးဉာဏ်လင်း၏ ပြောကြားချက်များအရ သိရသည်။

“ယာဉ်တိုက်မှုဖြစ်စဉ်တွေ လျော့ကျဖို့ ဆိုရင် အဓိကအချက်က ယာဉ်မောင်းတွေအပေါ်မှာပဲ မူတည်ပါတယ်။ ယာဉ်မောင်းနှင်တဲ့ သူတွေကသာ ကိုယ့်အရှိန်လေးနဲ့ကိုယ် ထိန်း ထိန်းသိမ်းသိမ်းလေးနဲ့ ထိန်းနိုင်သိမ်းနိုင်တဲ့ အရှိန်နဲ့သာ မောင်းနှင်သွားလာကြမယ်ဆိုရင် တကယ်တမ်း ဘာမှတိုက်စရာကို မကြောင်းမရှိဘူး” ဟု ရဲမှူးဉာဏ်လင်းက ဆက်လက် ပြောကြားသည်။

မွန်ပြည်နယ်၌ ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၇၀၅ မှုဖြစ်ပွားခဲ့ပြီး လူ ၂၄၀ သေဆုံးခဲ့ကာ ၁၁၀၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မွန်) မှ သိရသည်။          


READ NEXT
Cancel OK