Top News

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်နှင့် (၁၇) ကြိမ်မြောက် ပန်းပွဲတော် ကျင်းပ
24htopnews | December 16, 2024 10:12 AM CST

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်နှင့် (၁၇) ကြိမ်မြောက် ပန်းပွဲတော် အခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက် က ဖွင့်ပွဲအခမ်းအနားဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ထိ ရက်ပေါင်း ၃၀ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

"ယခုနှစ် ကျင်းပတဲ့ ပန်းပွဲတော်ကို ကန်တော်ကြီး ပန်းတေးကဗျာ "Floral Fantasia" လို့ အမည်ပေးထားပါတယ်။ ပန်းပွဲတော်မှာ အနယ်နယ်အရပ်ရပ်မှ ခရီးသွားများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်စေဖို့ ဥယျာဉ်ကို လာရောက်လည်ပတ်ခြင်းဖြင့် သစ်တော သစ်ပင်များရဲ့အရေးပါမှု အကျိုးပြုမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ပိုမိုသိရှိတန်ဖိုးထားတတ်လာစေဖို့ ခရီးသွားများအနေဖြင့် ပွဲတော်အတွင်း စိတ်ကြည်နူးစွာပါဝင်ဆင်နွှဲရုံသာမက ဗဟုသုတတိုးပွားရေး လေ့လာလည်ပတ်ရကျိုးနပ်စေဖို့ ခရီးသွားကဏ္ဍအထောက်အကူပြုစေခြင်းဖြင့် အမျိုးသားကန်တော်ကြီးနှင့် ပန်းပွဲတော်အစဉ်အလာကို ရည်ရှည်တည်တန့်စေရေးအတွက် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်ပြီး ပွဲတော်ကျင်းပရခြင်းဖြစ်ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ ဝင်  စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး မှ ပြောကြားခဲ့သည်။

"အမျိုးသားကန်တော်ကြီးဥယျာဉ်ဟာ ၁၉၂၄ ခုနှစ်မှာ စတင်တည်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၄ ဆိုရင် နှစ်ပေါင်း ၁၀၀ တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသားကန်တော်ကြီးဟာ သမိုင်းအစဉ်အလာအရ နှစ်ပေါင်း ၁၀၀ သက်တမ်း ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း  ယခုအချိန်အထိ ရောင်စုံပန်းများဖြင့် လန်းဆန်းစွာ လှပနေဆဲဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားဟာ နှစ်ပေါင်း ၁၀၀ မှာ တစ်ကြိမ်သာ ကြုံကြိုက်ရတဲ့ ကြုံတောင့် ကြုံခဲ အထိမ်းအမှတ်အခမ်းအနား ဖြစ်ပါတယ်"ဟု  စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး မှ ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ်ပန်းပွဲတော် ပန်းများစိုက်ပျိုးရာတွင် မြင်ကွင်းကျယ် ပုံစံဖြင့် ဖန်တီးစိုက်ပျိုးထားခြင်း၊ ယခုနှစ်၏ ထူးခြားချက်အနေဖြင့် အရောင်အသွေးစုံလင်သော မွှေးရနံ့ သင်းပျံ့သည့် နှင်းဆီပန်းများစွာစိုက်ပျိုးထားသော နှင်းဆီဥယျာဉ်ငယ်၊ ပန်းပွဲတော်ကာလအတွင်း ပြင်ဆင်ပြောင်းလဲလိုက်သော ရှုခင်းပုံစံအသစ်များတွင် နွေမိုးဆောင်း ရာသီပန်းများကို အရောင်အသွေးစုံလင်စွာဖြင့် အရေအတွက် ၂သိန်းကျော် မျိုးစိတ် ၄၀ ခန့် စိုက်ပျိုးပြသထားကြောင်း၊  ပွဲတော်ကာလအတွင်း နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များနှင့် စျေးပွဲတော်များလည်း ထည့်သွင်းထားကြောင်း သိရှိရပါသည်။

 


READ NEXT
Cancel OK