Top News

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S (မွန်) သို့ ရောက်ရှိလာသည့် တိုင်ကြားမှုများ၌ ပြည်သူလူထုအား ခြိမ်းခြောက်ခြင်းနှင့် ငွေကြေးကောက်ခံသည့်ကိစ္စ အများဆုံးဖြစ်နေဟုဆို
24htopnews | December 15, 2024 7:12 PM CST

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S (မွန်) သို ့ရောက်ရှိလာသည့် တိုင်ကြားမှုများ၌ ပြည်သူလူထုအား ခြိမ်းခြောက်ခြင်းနှင့် ငွေကြေးကောက်ခံသည့်ကိစ္စ အများဆုံးဖြစ်ကြောင်း၊ JMC-S (မွန်) မှ အတွင်းရေးမှူး (၁) ဖြစ်သူ KNU မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ ့အစည်း ကိုယ်စားလှယ် ဗိုလ်မှူးစောကျော်မြင့်က နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီက မော်လမြိုင်မြို့ရှိ  JMC-S (မွန်) ရုံး၌ ပြုလုပ်ခဲ့သော မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဝင်များနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“JMC-S (မွန်) ကို ၂၀၁၆ ခုနှစ် ဇွန်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီကို စတင်ဖွဲ ့စည်းလိုက်တဲ့ အချိန်ကနေ အခု နိုဝင်ဘာ ၃ ရက်အထိ တိုင်ကြားမှုပေါင်း ၁၉ ခု ရောက်ရှိပါတယ်။ တိုင်ကြားမှု ၁၇ ခုကို ဖြေရှင်းပေးခဲ့ပြီးတော့ ကျန်နှစ်ခုကိုတော့ စိစစ်နေဆဲ ဖြစ်ပါတယ်။ အဲဒီတိုင်ကြားမှု ၁၉ ခုမှာ ပြည်သူလူထုအား ခြိမ်းခြောက်ခြင်းနှင့် ငွေကြေးကောက်ခံတဲ့ကိစ္စက ပထမအများဆုံး ဖြစ်ပါတယ်။ မြေယာကိစ္စကတော့ တိုင်ကြားမှုမှာ ဒုတိယအများဆုံး ဖြစ်ပါတယ်” ဟု KNU မှ ဗိုလ်မှူးစောကျော်မြင့်က ဆိုသည်။

ငွေကြေးကောက်ခံခြင်းနှင့် ပြည်သူလူထုအား ခြိမ်းခြောက်သည့်ကိစ္စ တိုင်ကြားမှုများသည် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများတွင် အများဆုံး ဖြစ်ပွားခဲ့ပြီး ရပ်ရွာများတွင် လူထုများအား ငွေကြေးတောင်းခံသည့် ကိစ္စများ ခြိမ်းခြောက်သည့် ကိစ္စများအား တိုင်ကြားနိုင်ကြောင်း JMC-S (မွန်)မှ တာဝန်ရှိသူများက ပြောကြားသည်။

“ကျွန်တော်တို့ဆီမှာ တိုင်ကြားစာတွေရှိတယ်။ မြေယာကိစ္စက JMC အနေနဲ့ တိုက်ရိုက်သက်ဆိုင်တာ မရှိပေမယ့် တာဝန်ယူပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ကို အကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းပေးတယ်။ မြေယာကိစ္စက အရပ်သား အချင်းချင်းဖြစ်တဲ့ ပြဿနာ၊ တပ်တွေဖြစ်တဲ့ ပြဿနာတွေ ရှိတယ်။ ဘယ်သူတိုင်လဲဆိုတာ ပြောလို့မရဘူး။ အရပ်သား အချင်းချင်းဖြစ်တဲ့ ပြဿနာဆို ရင်အစိုးရကို လွှဲပေးတယ်။ တပ်ကိစ္စဆိုရင် ပြန်စိစစ်တယ်။ အစိုးရနဲ့ ရှင်းရမယ်ဆိုရင် အစိုးရကို ပြန်လွှဲပေးတယ်” ဟု JMC-S (မွန်) မှ အတွင်းရေးမှူး (၂) ဖြစ်သူအရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ အစိုးရ ကိုယ်စားလှယ်ဖြစ်သူ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး နေယုက ပြောကြားသည်။

ထို့ပြင် မွန်ပြည်သစ်ပါတီ အနေဖြင့် JMC-S (မွန်)တွင် အဖွဲ့ဝင် မဖြစ်သေးသော်လည်း မွန်ပြည်သစ်ပါတီနှင့် သက်ဆိုင်သည့် ကိစ္စများကို JMC-S (မွန်) တွင် တိုင်ကြားလိုပါက တိုင်ကြားနိုင်ကြောင်း၊ မွန်ပြည်သစ်ပါတီနှင့် သက်ဆိုင်သည့် တိုင်ကြားမှုများကိုလည်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်ရေးရာဝန်ကြီးထံသို့ လွှဲပြောင်းပေးမှုနှင့် မွန်ပြည်သစ်ပါတီရုံးသို့ စာများပေးပို့ခြင်း ပြုလုပ်ပေးကြောင်း ဒုတိယဗိုလ်မှူးကြီး နေယုက ဆက်လက်ပြောကြားသည်။

JMC-S (မွန်) သည် ယခင်က ပဋိပက္ခ ဖြစ်ပွားခဲ့သည့် မြို့နယ်များတွင် လူထုတွေ့ဆုံပွဲ (၁၉) ကြိမ် ပြုလုပ်ခဲ့ပြီး ချောင်းဆုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တွင် ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။

မွန်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S (မွန်) အား၂၀၁၆ ခုနှစ် ဇွန် ၃၀ ရက်က မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အောင်ဆန်းခန်းမတွင် ပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S ဖွဲ့စည်းရေး ပထမအကြိမ် အစည်းအဝေးအပြီးတွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။                     


READ NEXT
Cancel OK