Top News

NLD အစိုးရလက်ထက်တွင် မီဒီယာလွတ်လပ်ခွင့် မြင့်တက်လာမည်ဟု အကောင်းမြင်စိတ်ရှိခဲ့ကြသော်လည်း အစိုးရ၏ ဆက်တိုက် ပျက်ကွက်မှုများကြောင့် စိတ်ပျက်စရာအဖြစ်သို့ ပြောင်းလဲသွားကြောင်းနှင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်မှာလည်း အလွန်နိမ့်ကျနေကြောင်း FEM စစ်တမ်းတွင် ဖော
24htopnews | December 15, 2024 3:12 AM CST

NLD အစိုးရလက်ထက်တွင် မီဒီယာလွတ်လပ်ခွင့် ပိုမိုမြင့်တက်လာမည်ဟု သတင်းထောက်များက အကောင်းမြင်စိတ် ရှိခဲ့ကြသော်လည်း အစိုးရ၏ ဆက်တိုက်ပျက်ကွက်မှုများကြောင့် စိတ်ပျက်စရာအဖြစ်သို့ ပြောင်းလဲသွားကြောင်းနှင့် သတင်းလွတ်လပ်ခွင့် သုံးနှစ်ဆက်တိုက် ကျဆင်းနေကာ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်မှာလည်း အလွန်နိမ့်ကျနေကြောင်း FEM (Free Expression Myanmar) ၏ “လွတ်လပ်မျှတခြင်းများ ဆုံးရှုံးနေသော မြန်မာ့မီဒီယာ” စစ်တမ်းတွင် ဖော်ပြထားသည်။

သတင်းထောက်များသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရှေ့တန်းမှ ခုခံကာကွယ်နေသူများဖြစ်သည့် အတွက်ဖိအားပေးနှောက်ယှက်မှု၊ ခြိမ်းခြောက်မှု၊ ဖမ်းဆီးထိန်းသိမ်းမှုနှင့် အကျဉ်းချမှုများ အရင်ဆုံးခံ ရလေ့ရှိသဖြင့် သတင်းထောက်များသည် မီဒီယာလွတ်လပ်ခွင့်အတွက်သာမက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အခြေအနေကိုပါ ပို၍ကျယ်ကျယ်ပြန့်ပြန့် တိုင်းတာထောက်ပြနိုင်သည့် အကောင်းဆုံးညွှန်း ကိန်းများဖြစ်သည်။ FEM သည် အမှန်တကယ် လုပ်ငန်းခွင်ဝင်နေသည့် သတင်းထောက်များ၏ သဘောထားအမြင်ကို ၂၀၁၅ ခုနှစ်မှစပြီး စစ်တမ်းကောက်ယူခဲ့ကာ ၂၀၁၈ ခုနှစ် စစ်တမ်းအရ ကျဆင်းလာနေသော မီဒီယာလွတ်လပ်ခွင့်၌ အစိုးရသည် မီဒီယာလွတ်လပ်ခွင့်အား အဓိက ခြိမ်းခြောက်သူဖြစ်လာခဲ့သည်ဟု စစ်တမ်းတွေ့ရှိချက်အချို့က ဆိုသည်။ ယခုနှစ်စစ်တမ်းတွင် သတင်းစာဆရာ ၂၂၀ ကို မေးခွန်း ၄၁ ခုကို မေးမြန်းခဲ့ပြီး စစ်တမ်းကာလမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၀ ပြည့်နှစ် ဧပြီအထိ ခရီးသွားပြီး စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်တမ်းတွင် ကောက်ခံခဲ့သူ ၂၂၀ တွင် အကြီးတန်းသတင်းထောက်များမှာ ၂၉ ရာခိုင်နှုန်း၊ ဓာတ်ပုံ/ ဗီဒီယိုနှင့် ဂရပ်ဖစ်သတင်းထောက်များမှာ ၂၆ ရာခိုင်နှုန်း၊ အငယ်တန်းသတင်းထောက် ၂၃ ရာခိုင်နှုန်းနှင့် အယ်ဒီတာ ၁၆ ရာခိုင်နှုန်းပါဝင်ပြီး မီဒီယာပိုင်ရှင်များမှာ ငါးရာခိုင်နှုန်းပါဝင်သည်။  အမျိုးသား ၇၅ ရာခိုင်နှုန်းနှင့် အမျိုးသမီးမှာ ၂၅ ရာခိုင်နှုန်းဖြစ်ပြီး ဗမာလူမျိုး ၃၉ ရာခိုင်နှုန်း၊ ရခိုင် ၁၂ ရာခိုင်နှုန်း ချင်းရှစ်ရာခိုင်နှုန်း၊ မွန် ခြောက်ရာခိုင်နှုန်းနှင့် ထုတ်မပြောသည့် သတင်းထောက်များမှာ ၂၄ ရာခိုင်နှုန်းဖြစ်ကာ အခြားသော တိုင်းရင်းသားလူမျိုး သတင်းထောက်များထံမှလည်း စစ်တမ်းကောက်ယူမှုပါဝင်ခဲ့သည်။

စစ်တမ်းတွင် ဖော်ပြထားမှုအရ လက်ရှိအချိန်သည် ၂၀၁၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ နိမ့်ကျနေသည် သို့မဟုတ် အလွန်နိမ့်ကျနေသည်ဟု ပထမဆုံးအကြိမ် ရှုမြင်လာခဲ့ပြီး ထိုသို့ရှုမြင်သူအရေအတွက်မှာ တစ်နှစ်ထက်တစ်နှစ် တိုးလာရာ ယခုစစ်တမ်း၌ ၄၆ ရာခိုင်နှုန်းမှ ၅၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက လွတ်လပ်မှု ပိုမိုနည်းပါးလာသည်ဟု ဆန္ဒပြုသူ ၄၃ ရာခိုင်နှုန်းရှိကာ အလားတူအခြေအနေဖြစ်ကြောင်း ဆန္ဒပြုသူမှာ ၅၁ ရာခိုင်နှုန်းရှိပြီး ပိုကောင်းလာသည်ဟု ထင်မြင်မှု ခြောက်ရာခိုင်နှုန်းပါဝင်ခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရယန္တရားအစိတ် အပိုင်းအားလုံးသည် မီဒီယာလွတ်လပ်ခွင့်အတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု သတင်းထောက်များက ယုံကြည်နေကြပြီး အသိသာ အထင်ရှားဆုံး ခြိမ်းခြောက်မှုအန္တရာယ်မှာ တရားစွဲခံရနိုင်ခြင်းဖြစ်သည်။ ထို့ပြင် အထူးဥပဒေများနှင့် ဥပဒေပြဋ္ဌာန်းချက်များ၏ ခြိမ်းခြောက်မှုရန်ကိုလည်း မကြာခဏဆိုသလို ခံနေရသည်ဟု စစ်တမ်းအားလုံးတွင် ဖြေဆိုခဲ့ကြသည်။ မီဒီယာလွတ်လပ်ခွင့်အပေါ် အကြီးမားဆုံးခြိမ်းခြောက်မှုမှာ အရပ်သားအစိုးရ မှ ၂၃ ရာခိုင်နှုန်း၊ တပ်မတော်မှ ၂၈ ရာခိုင်နှုန်း၊ ဥပဒေများမှ ၂၉ ရာခိုင်နှုန်း၊ တရားရုံးများက ၁၃ ရာခိုင်နှုန်းအထိ ရှိနေသည်။

သတင်းထောက်တစ်ဦးချင်းစီအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုများအဖြစ် တရားစွဲဆိုခြင်းမှာ ရာခိုင်နှုန်း ၅၀၊ ကိုယ်ထိလက်ရောက်အပါအဝင် ပစ်မှတ်ထားခြိမ်း ခြောက်ခြင်းမှာ ၂၉ ရာခိုင်နှုန်းနှင့် အလျဉ်းသင့်၍ အကြမ်းဖက်ခြင်းမှာ ၂၁ ရာခိုင်နှုန်း အထိရှိနေသည်။ သတင်းစာဆရာများအပေါ် ခြိမ်းခြောက်မှု အများဆုံးဥပဒေများမှာ ဆက်သွယ်ရေးဥပဒေ ၁၈ ရာခိုင်နှုန်း၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ၁၇ ရာခိုင်နှုန်း၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ၁၄ ရာခိုင်နှုန်း၊ ရာဇသတ်ကြီး ၁၃ ရာခိုင်နှုန်း၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုဥပဒေ ရှစ်ရာခိုင်နှုန်း၊ မတရားအသင်းဥပဒေ ၁၂ ရာခိုင်နှုန်းဖြစ်ပြီး ခြိမ်းခြောက်မှုအများဆုံး ရာဇသတ်ကြီးဆိုင်ရာပုဒ်မများတွင်မူ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၄၂ ရာခိုင်နှုန်း၊ အသရေဖျက်မှု ၂၂ ရာခိုင်နှုန်း၊ ဘာသာရေးစော်ကား မှု ၂၁ ရာခိုင်နှုန်း စသည်ဖြင့် ပါဝင်ခဲ့မှုများရှိကြောင်း သိရသည်။

ပြီးခဲ့သောနှစ်အတွင်း အစိုးရသည် မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ရမည့် ကတိကဝတ်ကိုဖော်ဆောင်ရန် သိသိသာသာပျက်ကွက်ခဲ့သည်ဟု သတင်းထောက်များက ရှုမြင်ကာ အစိုးရ၏ မီဒီယာလွတ်လပ်မှုအပေါ် ကာကွယ်စောင့်ရှောက်မှုများသည် အောင်မြင်မှုမရှိသေးဟု လက်ခံထားပြီး ပြီးခဲ့သည့် စစ်တမ်းမှစကာ အစိုးရ၏ လုပ်ဆောင်မှုများအပေါ် ပိုမိုစိတ်ပျက်လာကြကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် မီဒီယာလွတ်လပ်ခွင့် ကိုကာကွယ်ရန် ပျက်ကွက်ခဲ့ခြင်းမှာ သတင်းသမားများ၏ အသံကို နားမထောင်သလို သတင်းသမားများ၏ အမှန်တကယ်လိုအပ်ချက်ကိုလည်း မသိသောကြောင့်ဖြစ်သည်ဟု သတင်းထောက်အများစုက ယုံကြည်ထားသည်။ မီဒီယာလွတ်လပ်ခွင့်အား အစိုးရက အကာအကွယ်ပေးရာတွင်  အလွန်နိမ့်သည်ဟု ဆန္ဒပြုမှုမှာ ၃၅ ရာခိုင်နှုန်း၊ နိမ့်သည်ဟုဆန္ဒပြုသူ ၄၂ ရာခိုင်နှုန်းနှင့် အလယ်အလတ်အဆင့်သာရှိသူ ဆန္ဒပြုသူမှာ ၂၁ ရာခိုင်နှုန်းရှိပြီး မြင့်မားသည်ဟု ထင်မြင်မှု နှစ်ရာခိုင်နှုန်းရှိခဲ့သည်။

ထို့ပြင် သတင်းထောက်များအပေါ် ပြင်းပြင်းထန်ထန် အကြမ်းဖက်နေခြင်းကိုဖြစ်စေ၊ ပြစ်မှုကျုးလွန်သူများ အပြစ်ပေးအ ရေးယူမခံရဘဲ လွတ်မြောက်နေသည့်ကိစ္စကိုဖြစ်စေ တားမြစ်ကိုင်တွယ်ရန် အစိုးရသည် မည်သည့်အလုပ်ကိုမဆို လုပ်ချင်ကိုင်ချင်စိတ် နည်းပါးလာနေသည်ဟု သတင်းထောက်များက ယုံကြည်ထားသည်။ သတင်းထောက်အများစုသည် အကြမ်းဖက်မှုမြင့်တက်လာမှုအတွက် အစိုးရနှင့် တပ်မတော်ကို ပြစ်တင်ဝေဖန်ကြပြီး သတင်းထောက်များအပေါ် အကြမ်းဖက်မှုကို အစိုးရက ဖြေရှင်းပေးလိုသည့် ဆန္ဒမရှိသည့်အတွက် ရလဒ်အနေဖြင့် ပြစ်မှုကျုးလွန်သူများမှာ စုံစမ်းစစ်ဆေး၊ အပြစ်ပေးအရေးယူမခံရဘဲ လွတ်မြောက်နေခြင်းဖြစ်သည်ဟု လက်ရှိတွင် သတင်းထောက်အများစုက လက်ခံထားပြီး ထိုသို့ လက်ခံသူ ဦးရေမှာလည်း တိုးပွားလာနေသည်။ ယမန် နှစ်နှင့်နှိုင်းယှဉ်ပါက သတင်းစာဆရာများ ကြုံတွေ့ရသော အကြမ်းဖက်မှုပမာဏမှာ တိုးလာသည်ဟု ၃၅ ရာခိုင်နှုန်းက ဖြေဆိုပြီး ယခင်အတိုင်းဖြစ်သည်ဟု ၅၈ ရာခိုင်နှုန်းက ရှုမြင်သည်။ သတင်းထောက်များရင်ဆိုင်ရသည့် ပစ်မှတ်ထားအကြမ်းဖက်ခြင်းမှ ၅၈ ရာ ခိုင်နှုန်းရှိနေပြီး အလျဉ်းသင့်၍ အကြမ်းဖက် ခြင်းမှာ ၄၂ ရာခိုင်နှုန်း ရှိနေသည်။ သတင်းစာဆရာများ ကြုံတွေ့နေရသည့် အကြမ်းဖက်ခံရမှုများ မရပ်တန့်ဘဲ ဆက်လက်တည်ရှိနေမှု အပေါ် တာဝန်အရှိဆုံးမှာ အစိုးရဖြစ်သည်ဟု ရာခိုင်နှုန်း ၇၀ က ယုံကြည်ကြပြီး ရဲနှင့် တရားစွဲရှေ့နေက ၁၆ ရာခိုင်နှုန်း အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ခုနစ်ရာခိုင်နှုန်း၊ တရားရုံးတွင် တာဝန်ရှိသည်ဟု ထင်မြင်မှုမှာ ငါးရာခိုင်နှုန်းရှိနေသည်ဟု သတင်းထောက်များက ဖြေဆိုကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ အဆိုပါ သတင်းစာဆရာများ ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက် မှုများအားရပ်တ့ံရန် အစိုးရအနေဖြင့် စိတ်ဆန္ဒရှိမှု အလွန်နိမ့်နေသည်ဟု ၃၅ ရာခိုင်နှုန်းက ဖြေဆိုပြီး နိမ့်နေသည်ဟု ဖြေဆိုသူ ၄၄ ရာခိုင်နှုန်းရှိကာ အလယ်အလတ်ဟု ဖြေဆိုသူမှာ ၁၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဥပဒေများကို တရားရုံးများက ခေတ်နောက်ပြန်ဆွဲ၍ လိုသလိုအနက် ဖွင့်ဆိုနေခြင်းမှာ မီဒီယာလွတ်လပ်ခွင့်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေသည်ဟု သတင်းထောက်များက ဆိုကြပြီး မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ရန်အတွက် အခြားဒီမိုကရေစီနိုင်ငံများနည်းတူ တရားသူကြီးများနှင့် တရားရုံးများကို ပြုပြင်ပြောင်းလဲရန် သတင်းထောက်များက လိုလားနေသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ရာတွင် အောင်မြင်မှုနည်းသည် သို့မဟုတ် အလွန်နည်းသည်ဟု သတင်းထောက်အများစု လက်ခံယုံကြည်ထားပြီး အဆိုပါ အရေအတွက်မှာလည်း တိုးသထက် တိုးလာနေသော်လည်း သတင်းစာဆရာ အများစုကမူ မီဒီယာနှင့်ပတ်သက်သောအမှုများကို မီဒီယာကောင်စီသို့ လွှဲပေးစေလိုသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

နိမ့်ကျနေသော မီဒီယာလွတ်လပ်ခွင့် ကို ကာကွယ်နိုင်ရေးအတွက် အစိုးရနှင့် တပ်မတော်က အားလုံးအကျုံးဝင်သော တရားဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အလေးပေးဆောင်ရွက်ရန်၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် မီဒီယာများသတင်းရယူခွင့်တားဆီး ပိတ်ပင်ထားမှုအားလုံးကို ချက်ခြင်းဖယ်ရှားပေးရန်နှင့် တစ်ပြိုင်နက်တည်းတွင် သတင်းမီဒီယာသမားအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးရန် နိုင်ငံတော်၏ ဒေသအားလုံးသို့ အမိန့်ထုတ်ပြန်ပေးရန်၊ တရားဥပဒေဆိုင်ရာ၌ သတင်းမီဒီယာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးစီးသည့်တိုင်အောင် မည်သည့် အစိုးရအရာရှိကမျှ သြဇာအာဏာသုံးပြီး မည်သည့်သတင်းသမားကိုမျှ ရာဇဝတ်ကြောင်းအရ တိုင်ကြားအရေးယူခြင်းမရှိစေရန်၊ သတင်းမီဒီယာသမားများအပေါ်တွင် အကြမ်းဖက်သည်ဟု စွပ်စွဲထားမှုများ အားလုံးကို ထိရောက်လျင်မြန်စွာဖြင့် ဘက်လိုက်မှုမရှိဘဲ ပွင့်လင်းမြင်သာစွာစစ် ဆေးသင့်ကြောင်း အကြံပြုထားသည်။ ထို့ပြင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာသမားများနှင့် သက်ဆိုင်သော ရာဇဝတ်မှုများအတွက် တရားရုံးများနှင့် ရှေ့နေများထံ ကျွမ်းကျင်ပညာရှင်သက် သေခံချက်ကို အသင့်တင်သွင်းနိုင်ရန် အဖွဲ့တစ်ခုကို ဖွဲ့စည်းသင့်ကြောင်း အကြံပြုထားသည်။

 


READ NEXT
Cancel OK