မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အထည်ချုပ်ကဏ္ဍသည် အဓိကကျသော ကဏ္ဍမှပါဝင်သည်။ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်များတွင် အများဆုံးတင်ပို့ထားသည့်ပို့ကုန်ဖြစ်ပြီး လုပ်သားအင်အားအခြေပြုသည့် ကုန်ထုတ်လုပ်ငန်းများ၊ Labour Intensive Industry မှ အလားအလာ အကောင်းဆုံးမှာ အထည်ချုပ်လုပ်ငန်းများဖြစ်သည်။
မြန်မာ့အထည်ချုပ်လုပ်ငန်းများမှာ CMP လက်ခစားစနစ်ဖြင့် ချုပ်ထည်များတင်ပို့နေခြင်းဖြစ်ရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာတစ်ဘီလျံရရှိရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာသုံးဘီလျံအထိ ပို့ကုန်တင်ပို့မှုတန်ဖိုး တိုးတက်လာသဖြင့် ငါးနှစ်အတွင်း ပို့ကုန်သုံးဆတိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) ၏ တရားဝင်အချက်အလက်များအရ ၂၀၁၉ ခုနှစ်အတွင်း စက်ရုံ ၆၀၀ နီးပါး၏စက်ရုံအလုပ်ရုံများမှ ခန့်အပ်ထားသည့် အမျိုးသားနှင့် အမျိုးသမီးဝန်ထမ်း စုစုပေါင်းငါးသိန်းမှ ဒေါ်လာ ၄ ဒသမ ၃၇ ဘီလျံနှင့် ညီမျှသော အထည်အလိပ်များ ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၏ ၁၀ နှစ်တာ မဟာဗျူဟာတွင် အထည်ချုပ်လုပ်ငန်းသည် နိုင်ငံအတွင်းရှိ တရားဝင်အလုပ်အကိုင် ဖန်တီးပေးနိုင်မှု အမြင့်ဆုံးဖြင့် အလျင်မြန်ဆုံးတိုးတက်နေသော စီးပွားရေးကဏ္ဍဖြစ်ပြီး ယင်းကဏ္ဍအနေဖြင့် အလုပ်အတိုင်ဖန်တီးပေးနိုင်မှု ၁ ဒသမ ၅ သန်းခန့်အထိ ဖန်တီးပေးလာနိုင်မည်ဖြစ်ပြီး ဒေါ်လာရှစ်ဘီလျံမှ ၁၀ ဘီလျံခန့်တန်ဖိုးရှိ ထုတ်ကုန်များ တင်ပို့နိုင်မည်ဟု MGMA က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို အဓိကအားဖြင့် CMP လက်ခစားစနစ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်းစသည်တို့အပြင် အခြားသော လုပ်ငန်းများကိုလည်း CMP စနစ်ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။
CMP စနစ်ဆိုသည်မှာ ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့် လုပ်ငန်းဖြစ်သည်။
(၁)
ပြည်တွင်းအထည်ချုပ် လုပ်ငန်းများသည် CMP စနစ်ဖြင့်သာ ဆောင်ရွက်နေရသည့်အတွက် ပြည်တွင်း၌ချုပ်လုပ်ပြီး ထွက်ရှိလာသည့် အဝတ်အထည်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ချုပ်ခအနေဖြင့် ရရှိခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းအထည်ချုပ်တစ်ခုတည်းကို မှီခိုအားထားနေရသည့် အလုပ်သမားဦးရေ ငါးသိန်းကျော်ရှိနေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း စက်ရုံအရေအတွက် များလာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် စက်ရုံ ၁၅၄ ရုံသာရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၇၂၀ အထိ တိုးမြင့်လာခဲ့သည်။
သို့သော် ၂၀၂၀ ပြည့်နှစ်အတွင်း သတင်းထုတ်ပြန်ချက်များအရ COVID-19 ကာလအတွင်း ပိတ်သွားသော သို့မဟုတ် ယာယီပိတ်ထားသော စက်ရုံပေါင်း ၁၁၄ ရုံရှိပြီး အထည်ချုပ်စက်ရုံ ၆၀၆ ရုံသာ လုပ်ငန်းလည်ပတ်လျက်ရှိကာ ရာခိုင်နှုန်း ၉၀ မှာ အဓိကအားဖြင့် ပို့ကုန်ကိုသာ အားထားလုပ်ကိုင်ခဲ့ကြသည်ဟု သိရသည်။
ယခုနောက်ပိုင်းတွင် ပြည်တွင်းစျေးကွက်လိုအပ်ချက် များပြားလာသဖြင့် အထည်ထုတ်လုပ်သူများသည် ပြည်ပပို့ကုန်များသာမက ပြည်တွင်းနှင့်ပြည်ပစျေးကွက်နှစ်ခုစလုံးအတွက် ထုတ်လုပ်ရန်အခွင့်အလမ်း ရှိလာခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံရှိအထည်ချုပ်စက်ရုံအများစုသည် နိုင်ငံခြားသားပိုင်စက်ရုံများ သို့မဟုတ် တရုတ်၊ ထိုင်ဝမ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများရှိ စက်ရုံများ၏ ရုံးခွဲများဖြစ်သည်။ မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်း ၆၀၆ ခုအနက် ၃၅၅ ခုသည် နိုင်ငံခြားသားပိုင်ဖြစ်သည်။
၂၀၁၉ ခုနှစ် သြဂုတ်လအထိ စာရင်းများအရ လုပ်ငန်း ၆၀၆ ခုအနက် လုပ်ငန်း ၂၈ ခုကသာလျှင် စက်ရုံတစ်ရုံလျှင် လုပ်သား ၂၀၀၀ ကျော် ခန့်ထားနိုင်ပြီး စက်ရုံအရေအတွက် လျင်မြန်စွာများလာခဲ့သကဲ့သို့ အလုပ်သမားအရေအတွက် ၅၀၀ အောက်ရှိ စက်ရုံအသေးများကလည်း မြန်မာနိုင်ငံရှိ စက်ရုံအရေအတွက် စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းနီးပါးအထိ တိုးတက်လာသည်။
အဆိုပါစက်ရုံ ၆၀၆ ခုတွင် လုပ်ကိုင်နေသော လုပ်သားပေါင်း ၄၅၀၀၀ ကျော်ရှိပြီး ရာခိုင်နှုန်း ၈၀ မှာ နိုင်ငံခြားသားပိုင်စက်ရုံတွင် လုပ်ကိုင်နေပြီး ၁၅ ရာခိုင်နှုန်းက နိုင်ငံသားပိုင်စက်ရုံတွင် လုပ်ကိုင်ကာ ငါးရာခိုင်နှုန်းက ဖက်စပ်စက်ရုံများတွင် လုပ်ကိုင်နေကြသည်။
မြန်မာနိုင်ငံတွင် လုပ်သား ၂၀၀၀ အထက် စက်ရုံများ ငါးရာခိုင်နှုန်း၊ လုပ်သား ၁၀၀၁ မှ ၂၀၀၀ ကြားရှိ စက်ရုံကြီး ၂၁ ရာခိုင်နှုန်း၊ လုပ်သား ၅၀၁ မှ ၁၀၀၀ ကြားရှိ အလတ်စား စက်ရုံ ၃၂ ရာခိုင်နှုန်း၊ လုပ်သား ၅၀၀ အောက်စက်ရုံအသေး ၄၂ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့် Position paper တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်)တင်ပို့မှုကိုလေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည်တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ရောက်ရှိသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့သည်။ပို့ကုန်စျေးကွက်တွင်လည်း အီးယူစျေးကွက်သို့တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့သည်။
သို့သော်လည်း COVID-19 ၏ သက်ရောက်မှုများ၊ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများ၊ ကုန်ကြမ်းရရှိချိန်ကြန့်ကြာမှုအခက်အခဲများ စသည်တို့ကြောင့် လုပ်ငန်းရပ်ဆိုင်းရခြင်းများ ရှိလာခဲ့ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သိရသည်။
(၂)
ဒိန်းမတ် လက်လီကုမ္ပဏီကြီး Best - seller သည် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများမှ အော်ဒါသစ်များမှာယူမှုကို ရပ်နားထားကြောင်း ကြေညာခဲ့သည်ဟု Ecotextile သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အထည်ချုပ်လုပ်သားများအတွက် COVID-19 ရောဂါဆိုင်ရာ အကာအကွယ်ပေးမှု ကင်းမဲ့နေသည့်အပေါ် စိုးရိမ်မှုများကြောင့် ယခုလို ရပ်နားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ IndustriALL နှင့် မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) တို့က IWFM အဖွဲ့ဝင်နှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးခဲ့ပြီး စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် ၁၀၀ ကျော် ရောဂါကူးစက်ခံရကြောင်း ကြေညာခဲ့ပြီးနောက်တွင် Bestseller က ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်။
သက်ရောက်မှုအပေါ် ဆန်းစစ်အကဲဖြတ်မှုများကို စေ့စပ်သေချာစွာ မလုပ်ဆောင်ရသေးမီနှင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားများ၏အကျိုးကို အဓိကရှေးရှုပြီး ကျွမ်းကျင် သူများ၊ NGO အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ တခြားသက်ဆိုင်သူများနှင့် မဆွေးနွေးရသေးမီ အချိန်အထိ မြန်မာနိုင်ငံမှ အပ်ထည်သစ်များမှာယူမည် မဟုတ်ကြောင်း Bestseller က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းနှင့် နိုင်ငံတကာသမဂ္ဂများသည် စိတ်ချယုံကြည်ရသည့် ကုန်ပစ္စည်းပေးသွင်းမှုများအတွက် အဓိကမိတ်ဖက်များထဲတွင် ပါဝင်ပြီး မြန်မာနိုင်ငံတွင် ဖေဖော်ဝါ ရီ ၁ ရက်မှစပြီး အထည်ချုပ်လုပ်သားများ ကြုံတွေ့နေရသည့် အခက်အခဲများကို နားလည်သိရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိမိတို့၏ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကြောင့် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ဆန်းစစ်အကဲဖြတ်ရန် မိမိတို့တွင် တာဝန်ရှိကြောင်းနှင့် မှာယူပြီးသား အော်ဒါများကို ဆက်လက်ထားရှိပြီး အထည်ချုပ်စက်ရုံလုပ်သားများအတွက် အရေးပါသည့် လုပ်ခလစာများရရှိရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း Bestseller ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားကြောင်း သိရသည်။
“Bestseller က အော်ဒါမမှာဘူးလို့ ပြောတာမဟုတ်ပါဘူး။သူတို့စောင့်ကြည့်ပါမယ်လို့ ပြောတာ။ စောင့်ကြည့်မယ်၊ စိစစ်မယ်လို့ ပြောတာပါ” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားခဲ့သည်။
မြန်မာ့အထည်ချုပ်လုပ်ငန်းများမှ အော်ဒါမှာယူမှုအနေဖြင့် ယခင်က တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အခြားအာရှနိုင်ငံများသို့ အများစုတင်ပို့ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံ စုစုပေါင်းအထည်တင်ပို့မှု၏ ၄၈ ရာခိုင်နှုန်းကို ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဂျပန်နိုင်ငံ၊ အီးယူနိုင်ငံများနှင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည်။
“အော်ဒါမှာယူမှု အခြေအနေနဲ့ပတ်သက်ရင် အခုလောလောဆယ်မှာ ပုံမှန်တော့ရှိနေပါတယ်။ လည်ပတ်နေတဲ့ စက်ရုံတွေကတော့ ပုံမှန်အော်ဒါရှိနေပါတယ်။ ရေရှည်ကိုတော့ ပြောရခက်ပါတယ်” ဟု ဥက္ကဋ္ဌဦးမြင့်စိုးက ဆိုသည်။
မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများမှ အပ်ထည်အသစ်များကို တဖြည်းဖြည်းဖြင့် ပြန်လည်မှာယူသွားမည်ဖြစ်ကြောင်း ဆွီဒင်အဝတ်အထည် လက်လီကုမ္ပဏီကြီး H & M က ပြောဆိုခဲ့သည်ဟု ပြီးခဲ့သည့် မေလအတွင်းက ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းကုမ္ပဏီက အပ်ထည်အသစ်မှာယူမှုများကို ယာယီရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။
“အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းလိုက်ရပါက သောင်းနဲ့ချီတဲ့ အထည်ချုပ်လုပ်သားတွေ အလုပ်အကိုင်ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေကို မရောက်စေလိုတဲ့အတွက် အခုလိုဆုံးဖြတ်ခဲ့တာ ဖြစ်တယ်” ဟု ယင်းကုမ္ပဏီက အီးမေးလ်မှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အကျပ်အတည်းကာလအတွင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးငယ် တစ်သိန်းကျော် ဆက်လက်ရပ်တည်နိုင်ရေးအတွက် အထည်ချုပ်လုပ်ငန်းများကိုဆက်လက်ပံ့ပိုးမည်ဟု ဂျာမနီက ကြေညာသည်။
မေ ၂၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အထည်ချုပ်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် အမျိုးသမီးငယ်များအတွက် အထောက်အပံ့ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ယင်းကြောင့် အထည်ချုပ်လုပ်ငန်းများကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် အထည်ချုပ်လုပ်ငန်းများမှာ မသေချာသည့်အခြေအနေများကို ရင်ဆိုင်နေရကြောင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ လက်ရှိတွင် အထည်ချုပ်လုပ်ငန်းခွင်အတွင်း အလုပ်လက်မဲ့ဖြစ်မှုများ ပေါ်ပေါက်လာကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများထံမှ သိရသည်။
(၃)
သြဂုတ်ဒေတာက မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း လုပ်ကိုင်မှုအခြေအနေများထပ်ပြီး သိသာစွာကျဆင်းလာမှုကို ဖော်ပြနေကြောင်း၊ ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာသည့်ကြားတွင် စက်ရုံများနှင့် လုပ်ငန်းများကို ပိတ်ထားရမှုများက လုပ်ငန်းများကို ဆက်လက်ရိုက်ခတ်နေခြင်းကြောင့် ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာများနှင့် ဝယ်ယူမှုအားလုံး ကျဆင်းလာခြင်းကို တွေ့မြင်ရကြောင်း စက်တင်ဘာ ၁ ရက်က ထုတ်ပြန်သည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ၁၂ လ ဆက်တိုက်ကျဆင်းခြင်းခဲ့ပြီး သြဂုတ်လအတွင်းကျဆင်းမှုက COVID-19 ကပ်ရောဂါဒဏ်ကို ခံစားရသည့်ကာလအတွင်း အပြင်းထန်ဆုံးတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။
Purchasing Manager’s Index (PMI) အညွှန်းကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့်အညွှန်းကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဧပြီ ၃၀ ရက်အထိ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၉၃၅ ဘီလျံသာရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဝင်ငွေဒေါ်လာ ၂ ဒသမ ၅၅၃ ဘီလျံအထိရရှိထားသည်။ လက် ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၆၁၈ ဒသမ ၃၆၇ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီးအထည်) အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် အီးယူအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာသန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ်နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊ အီတလီသို့ ဒေါ်လာ ၁၅၇ သန်း၊ နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။
စက်ရုံများပိတ်ထားရခြင်း၊ ဖောက်သည်များထံမှ ဝယ်လိုအားပျော့နေခြင်းနှင့် ကျွမ်းကျင်လုပ်သားများ မရှိခြင်းကဲ့သို့သော အချက်များကြောင့် ထုတ်လုပ်မှုပမာဏများမှာ ထပ်ပြီးနည်းလာခဲ့ရကြောင်း၊ ကျဆင်းမှုနှုန်းမှာ သိသာခဲ့ပြီး ပါဝင်ဖြေကြားသူ ၆၁ ရာခိုင်နှုန်းခန့်က ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက သြဂုတ်လတွင် ထုတ်လုပ်မှုပမာဏများ ကျဆင်းလာကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။
“အဲဒါက ဒီလိုဗျ။ ဆိုပါတော့ အထည်ချုပ်စက်ရုံဆိုရင် ပုံမှန်ဆိုရင် လူ ၁၀၀၀ ရှိတယ်။ အခု ကိုဗစ်နဲ့ကျတော့ အချို့က လူ ၅၀၀ လောက်ပဲရှိတယ်။ အချို့ကျတော့ ဝန်ထမ်းတွေက အလုပ်သမားတွေက နယ်ကများတဲ့အခါ တချို့က ကိုဗစ်ကြောက်တဲ့အတွက် ပြန်မလာကြတော့ဘူး။ အဲဒီတော့ လူ ၁၀၀၀ ရှိတဲ့အထည်ချုပ်စက်ရုံက လူ ၅၀၀၊ ၆၀၀ လောက်ပဲဖြစ်သွားတယ်။ အဲဒီလိုတော့ရှိတယ်” ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီရုံးအဖွဲ့မှူး ဦးအောင်ငွေက ပြောကြားခဲ့သည်။
“အခုလက်ရှိမှာ ရှိနေတဲ့အော်ဒါတွေနဲ့ လုပ်ငန်းတွေလုပ်နေကြတယ်။ ဂျပန်၊ အီးယူ ၊ တောင်ကိုရီးယား၊ အမေရိကပေါ့။ အရင်အတိုင်းပါပဲ။ ဒါပေမဲ့ COVID-19 ကြောင့် လျော့တာတွေတော့ ရှိတာပေါ့” ဟု ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားခဲ့သည်။
COVID-19 ဒုတိယလှိုင်းကာလအတွင်း ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ကုန်ကြမ်းယူ၊ကုန်ချောပေးလုပ်ငန်း ဆောင်ရွက်ကြသော (CMP) စက်ရုံ၊ အလုပ်ရုံများအပါအဝင် လုပ်ငန်းများကို ပိတ်ထားခဲ့ရသည်။ ယင်းနောက်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအရ လိုက်နာဆောင်ရွက်ထားခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်း စစ်ဆေးတွေ့ရှိပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများအနေဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့သည်။ ယင်းနောက် အဆင့် C နှင့်အဆင့် B ရသူများကို အဆင့် A ရရှိအောင် ပြန်လည်ဆောင်ရွက်စေကာ စက်ရုံအလုပ်ရုံများ ပြန်လည် ဖွင့်လှစ်ခဲ့သည်။
“CMP ရဲ့သဘာဝက ၃၂ ယောက်ဆို ၃၂ ယောက်အပြည့်လာမှ လုပ်လို့ရတာကိုး။ အဲဒီအထဲမှာ သုံးလေးယောက်လောက် လျော့သွားပြီဆိုရင် အစားထိုးလို့ရရင်ရ၊ မရရင်ခက်ပြီ။ CMP ရဲ့ သဘာဝမှာ ကြယ်သီးဖောက်တဲ့ သူကကြယ်သီးပဲဖောက်တယ်။ ကြယ်သီးဖောက်တဲ့သူကို ကော်လံတွဲခိုင်းလို့ မရဘူးပေါ့။ အဲဒီတော့ နည်းနည်း တိုင်ပတ်တာတွေရှိတယ်။ ဒါပေမဲ့ အဆင်ပြေအောင် ညှိပြီးလုပ်နေကြရတာ။ အဓိကက နိုင်ငံတကာမှာ ကျင့်သုံးတဲ့ကိုဗစ်နဲ့ အတူ အလုပ်လုပ်ရင်း ဖြတ်သန်းကြမယ်ဆိုတဲ့ ဆောင်ပုဒ်ကလေးနဲ့ ပါ” ဟု အထည်ချုပ်စက်ရုံလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ စက်ရုံအများစု ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြကြောင်း၊ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာကာ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
“လက်ရှိမှာ အလုပ်က ဆင်းနေရပါတယ်။လစာတွေလည်း ပုံမှန်ရနေပါတယ်။ အထည်ထွက်ရင် ထွက်သလိုပဲ ပုံမှန်ပေးနေပါတယ်။ အိုတီကြေးတွေကတော့ အရင်အတိုင်းပဲ ပေးပါတယ်။ စက်ရုံက လည်ပတ်မှုရှိတော့ရတဲ့ လစာလေးတွေနဲ့ပဲ နည်းရင်နည်းသလိုနဲ့ပဲ ရောင့်ရဲတင်းတိမ်ရတာပေါ့။ ကုန်စျေးနှုန်းတွေ တက်လာပေမဲ့လည်း ရတဲ့လစာနဲ့ချွေတာပြီးပဲ စားရသောက်ရတာပေါ့။ အဆောင်လခတွေ ပေးဖို့နဲ့ဘာနဲ့ဆိုတော့ နည်းနည်းလျှော့သုံးရတာပေါ့။ စက်ရုံက လည်ပတ်မှုရှိတော့ ရတဲ့လစာလေးတွေနဲ့ပဲ နည်းရင်နည်းသလိုနဲ့ပဲ ရောင့်ရဲတင်းတိမ်ရတာပေါ့။ ကုန်စျေးနှုန်းတွေ တက်လာပေမဲ့လည်း ရတဲ့လစာနဲ့ချွေတာပြီးပဲ စားရသောက်ရတာပေါ့။အိမ်လခတွေပေးဖို့နဲ့ဘာနဲ့ဆိုတော့ နည်းနည်းလျှော့သုံးရတာပေါ့” ဟု ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ လုပ်သားတစ်ဦးက ပြောကြားခဲ့သည်။
လုပ်သားအင်အားအခြေပြုသည့် ကုန်ထုတ်လုပ်ငန်း၊ Labour Intensive Industry မှ အလားအလာ အကောင်းဆုံးဖြစ်သည့် အထည်ချုပ်လုပ်ငန်းများတွင် လက်ရှိအချိန်၌ စက်ရုံအများစု ဆက်လက်ရပ်တည်နိုင်ရေး၊ အထူးသဖြင့် အလုပ်သမားထု၏ စားဝတ်နေရေးကို ကျားကန်ပေးနေရသည့် အလားအလာမှာ ....။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
