ကိုဗစ်လှိုင်းတွေ တစ်ခုပြီးတစ်ခု ဝင်ရောက်နေချိန်၊ နိုင်ငံရေးမတည်ငြိမ်မှုတွေထပ်ဖြစ်၊ ပြည်တွင်းအလုပ်အကိုင်ရှားပါမှုတွေ၊ အလုပ်လက်မဲ့တွေ၊ ရှိတဲ့အလုပ်ကို ရပ်ဆိုင်းခံရတာတွေကြောင့် မိသားစုဝမ်းရေးပြဿနာတွေကိုဖြေရှင်းဖို့ အတ္တဇောတွေနဲ့ တစ်ဖက်ထိုင်းနိုင်ငံကို သွားရောက်ကြတဲ့ မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေဟာ ကိုဗစ်ကာလ တတိယလှိုင်းအတွင်း ဖမ်းဆီးခံရတာ ပိုမိုများပြားနေပြီ ဖြစ်ပါတယ်။
ကိုဗစ်ကာလ တတိယလှိုင်းအတွင်းမှာ ဖမ်းဆီးခံရမှုအများဆုံး ဖြစ်ပြီးတော့ ထိုင်းနိုင်ငံရဲ့ ကိုဗစ်ကာလ ၁၈ လအတွင်းမှာ တရားမဝင် အထောက်အထားမဲ့နယ်စပ် ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား လေးသောင်းကျော်ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံကိုဗစ်ကာလ အရေးပေါ်ထိန်းချုပ်ကာကွယ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “၂၀၂၁ ခုနှစ် သြဂုတ်လကုန်အထိ ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံဘက်က တရားမဝင်ဝင်တာ လေးသောင်းကျော်ရှိတယ်။ ၃၀၀၀၀ လောက်က နယ်စပ်မှာဖမ်းခံထိတယ်။ တစ်သောင်းကျော်ကိုတော့ ထိုင်းနိုင်ငံရဲ့ အတွင်းပိုင်းမှာ ဖမ်းမိတယ်လို့ ထိုင်းကိုဗစ်ကာလအရေးပေါ် ထိန်းချုပ်ကာကွယ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်” လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်မှုမှာ ဘုရားသုံးဆူ ကာချနပူရီလမ်းကြောင်းမှအများဆုံးဖြစ်ပြီးတော့ မြဝတီမဲဆောက်လမ်းကြောင်းမှာ ဒုတိယအများဆုံး နယ်စပ်ဖြတ်ကျော်သွားလာတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
“မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ ကိုဗစ်တတိယလှိုင်းဒဏ်ကို အလူးအလဲခံနေရပြီး နေ့စဉ်၂၀၀ ဝန်းကျင် သေဆုံးခဲ့တယ်။ ခုစက်တင်ဘာလမှာ ကိုဗစ်ကူးစက်မှု လူသေဆုံးမှုတွေလျော့ကျလာတယ် ဆိုပေမဲ့ နယ်စပ်ဖြတ်ကျော်သွားလာမှုကို ပိတ်ထားဆဲ၊ အထူးကြပ်မတ်တင်းကျပ်ထားဆဲ၊ မည်သည့် ရွှေ့ပြောင်းလုပ်သားကိုမျှ ခရိုင်တစ်ခုနဲ့တစ်ခု သွားလာခွင့်ကို တားမြစ်ကန့်သတ်ထားဆဲဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဒီလိုစွန့်စားပြီးသွားလာနေတာကိုတော့ မချီးကျူးနိုင်ပါဘူး။အာဆီယံထဲမှာဆိုရင် မြန်မာရောထိုင်းပါ သေဆုံးမှုအများဆုံးစာရင်းထဲမှာပါတယ်။အဲဒီတော့မိမိလုပ်ဆောင်ချက်တစ်ခုဟာ သိပ်အတ္တဇောတွေ ကြီးမားနေရင်၊ လောဘကြီးနေကြရင်သတိပေးရတဲ့သူလည်း မကောင်းဘူး။အဲဒီတော့ သိပ်အတ္တဇောမကြီးကြပါနဲ့ လို့ပြောချင်ပါတယ်” လို့ ဦးမိုးကြိုးကဆိုပါတယ်။
ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားတွေကိုလည်း ထိုင်းကျန်းမာရေးဌာနက ကျန်းမာရေးစစ်ဆေးပြီး ထိုင်းနိုင်ငံကိုဗစ်ကာလ ချမှတ်ထားတဲ့ တရားဥပဒေအတိုင်း အရေးယူခံနေရတာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကာလ အကျပ်အတည်း၊ အတားအဆီးတွေကြားက တစ်ဖက်နိုင်ငံကို တရားမဝင်တဲ့လမ်း၊ လူကယ်ရီပွဲစားတွေနဲ့ ခိုးဝင်လာကြတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်က နှစ်ချက်ရှိနေတယ်လို့ မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရုံးတာဝန်ခံ ဦးမိုးကျော်ကသုံးသပ်ပါတယ်။
“ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက သိတဲ့အတိုင်းပဲလေ။ ကိုဗစ်ကာလဖြစ်နေတယ်။ နိုင်ငံရေး၊ လူမှုရေး စသည်ဖြင့်ပေါ့နော်။ အားလုံးဆုတ်ယုတ်လာတယ်။ ဒါက ပထမတစ်ချက်။ ဒုတိယ တစ်ချက်ကတော့ ကိုဗစ်တတိယလှိုင်း အင်နဲ့အားနဲ့ဝင်လာတဲ့ အချိန်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ အားနည်းတဲ့အခါကျတော့ လူတွေအသေအပျောက် များလာတယ်။ ပိုပြီးတော့ စားဝတ်နေရေးတွေ ကျပ်တည်းလာတယ်။တစ်ဖက်မှာ ကျန်းမာရေးကုန်ကျစရိတ်တွေ ရှိလာတယ်။အဲဒီပုံစံမျိုးတွေ ဖြစ်လာတဲ့အခါကျတော့ လူငယ်တွေက အလုပ်အကိုင်ရှာဖွေဖို့ စွန့်စားပြီးတော့သွားကြတယ်။ သိတယ်။ အခြားနိုင်ငံတွေမှာလည်း ကိုဗစ်ရောဂါ ဖြစ်နေတယ်ဆိုတာ သိကြတယ်။ ပိတ်ဆို့ထားတယ်ဆိုတာသိပေမဲ့ အလုပ်အကိုင်ရှာဖွေဖို့ စွန့်စားပြီးတော့ထွက်ကြတာပါပဲ။ ခုစက်တင်ဘာလမှာ ဆက်တိုက်ဆိုသလို ဒီဘက်မဲဆောက်နယ်စပ် တစ်ကြောမှာ ခိုးဝင်လာလို့ဆိုပြီးတော့ ဖမ်းဆီးခံရတဲ့သတင်းတွေက ဆက်တိုက်ဆိုသလိုကြားနေရတယ်” လို့ ဦးမိုးကျော်က ဆိုပါတယ်။
နှစ်နိုင်ငံနယ်စပ်စည်းခြား သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ဝင်မလာစေရေးအတွက် ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ၊ ရွာသူကြီးဦးစီးတဲ့ ကျေးရွာကင်းအဖွဲ့တွေ၊ ဒရုန်းနဲ့စောင့်ကြည့်တဲ့အဖွဲ့တွေ၊ မြင်းစီးတပ်ဖွဲ့တွေနဲ့ နယ်စပ်တစ်လျှောက်မှာ ထိုင်းအစိုးရရဲ့ အထူးကြပ်မတ်ထားတဲ့ကာလလည်းဖြစ်ပါတယ်။
ဒီလိုကိုဗစ်လှိုင်းဂယက်တွေကြောင့် အသွားအလာကန့်သတ်ချက်တွေနဲ့ နယ်စပ်ဖြတ်ကျော်သွားလာမှု မရှိစေရေး ထိုင်းလုံခြုံရေး ပူးပေါင်းအဖွဲ့က အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိနေပေမဲ့ စက်တင်ဘာ ၁ ရက်က ဖားဝေါတောင် ယာအတွင်းမှာ မြန်မာနိုင်ငံသား ၂၄ ဦး၊ စက်တင်ဘာ ၄ ရက်က ဖုတ်ဖရမြို့နယ်တွင် ရွှေကုက္ကိုဘက်မှ ခိုးဝင်လာသူ မြန်မာလုပ်သား ၁၉ ဦး၊ စက်တင်ဘာ ၆ ရက်မှာ သောင်ရင်းမြစ်ကိုဖြတ်ကူးဝင်ရောက်လာသူငါးဦး ဖမ်းဆီးခံခဲ့ရတဲ့အတွက် စက်တင်ဘာလပထမပတ်မှာပဲ ဖမ်းဆီးခံရသူ ၄၈ ဦး ဖမ်းဆီးခံခဲ့ရပြီဖြစ်ပါတယ်။
အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေအနေနဲ့လည်း အလုပ်သမားတွေရဲ့ မိသားစုဝမ်းရေး၊ ဘဝအမောတွေကို ဖေးမစကားပြောချင်ပေမဲ့ ထိုင်းကိုဖြတ်ပြီးတော့ မလေးရှား အပါအဝင် အခြားနိုင်ငံကိုသွားတဲ့သူတွေလည်း ဖမ်းဆီးခံနေရတဲ့သတင်းတွေ ဆက်တိုက်တက်လာနေရဲ့။
အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်ရှာဖွေဖို့ တစ်ခုတည်းကို ရှေးရှုပြီးတော့ ပွဲစားတွေ၊ လူမှောင်ခိုကူးတဲ့သူတွေနဲ့ ချိတ်ဆက်ပြီးတော့ သွားလာလှုပ်ရှားတဲ့အခါ အပေါ်ပိုင်း ဘန်ကောက်နဲ့ နယ်စပ်မှာဖမ်းဆီးခံရသလ်ို ထိုင်းနိုင်ငံကို ဖြတ်ပြီးတော့ မလေးရှား၊ အခြားနိုင်ငံကိုသွားလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။
ဒီကာလက သူများနိုင်ငံမှာ လုပ်ငန်းတွေ ကောင်းကောင်း မလည်ပတ်နိုင်သေးဘူး။ ပြီးတော့ Lockdown ဧရိယာတွေ၊နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်ကာလ ဒေသန္တရအမိန့်တွေ၊ ဥပဒေတွေ တိုးမြှင့်ပြီးတော့ စီမံဆောင်ရွက်နေတဲ့ကာလ၊ ဒီလိုတင်းကျပ်မှုတွေရှိနေတဲ့အချိန် အလုပ်အကိုင်ရှာဖွေဖို့ ဖောက်ထွက်လာတဲ့ အလုပ်သမားတွေအနေနဲ့ကတော့ ပွဲစားတွေ လူကုန်ကူးသူတွေရဲ့ ဟိုနေရာမှာ အလုပ်ရှိတယ်။ ဘယ်နေရာမှာဖြင့် အလုပ်ကောင်းတယ်။ ရောက်တာနဲ့ အလုပ်တန်းရမယ်။ လမ်းခရီးဘာမှ စိတ်ပူစရာမလိုဘူးဆိုတဲ့ စကားတွေကို ယုံစားပြီးတော့လာတဲ့အတွက် အင်မတန်မှ အခက်အခဲကြုံနေကြရတာ တွေ့နေရတယ်” လို့ ဦးမိုးကျော်က ဆိုပါတယ်။
ကမ္ဘာနဲ့အဝန်းမှာ ကိုဗစ်-၁၉ ကပ်စရာဂါ ခံစားနေတဲ့ကာလလည်း ဖြစ်ပါတယ်။ ဒီကာလထဲမှာ ထိုင်းနိုင်ငံထဲမှာလည်း တစ်စုံတစ်ရာ လက်မှတ်အထောက်အထား အပြည့်အစုံရှိတာတောင်မှ တစ်နေရာနဲ့တစ်နေရာသွားလာဖို့ ဒီလထဲမှာလည်း ကန့်သတ်မှုတွေ၊ စစ်ဆေးမှုတွေရှိနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကဆိုရင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားတာရှိပါတယ်။ သူတို့နိုင်ငံမှာ လုပ်သားလိုအပ်ချက်တွေ ရှိနေတယ်ပေါ့။ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက လုပ်သားလေးသိန်းလောက်ခေါ်မယ်။ မြန်မာလုပ်သားနှစ်သိန်းကျော် ခေါ်ယူမယ်ပေါ့။ အဲဒီအခါကျတော့ လူပွဲစားတွေ၊ လူကုန်ကူးသူတွေက ဒီအချက်အလက်တွေကိုယူပြီး မက်လုံးပေး အဆွယ်ကောင်းမှုတွေကြောင့် နယ်စပ်မှာ ဖမ်းဆီးခံရမှုတွေ ပိုများလာတယ်လို့ဆိုပါတယ်။
“မိမိနိုင်ငံကိုစွန့်ခွာပြီးတော့ အခြားနိုင်ငံကိုသွားမယ်ဆိုရင် အခြားနိုင်ငံရဲ့ကိုဗစ်ကာလ အခြေအနေမှာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ နယ်စပ်ဖြတ်သန်းသွားလာမှု မရှိစေရေးဆိုတဲ့ ကန့်သတ်ချက်တွေကို သေချာ ဂဃနဏ နားလည်ကြဖို့လိုပါတယ်။ ဒါကြောင့်မို့လို ကိုဗစ်ကာလလွန်တဲ့အထိတော့ စောင့်ဆိုင်းဖို့လိုပါတယ်။သက်ဆိုင်ရာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် သွားလာလို့ရပြီလို့ ကြေညာတဲ့ အချိန်ကာလ အတိုင်းအတာတစ်ခုကိုတော့ စောင့်ဆိုင်းဖို့လိုတယ်လို့ ကျွန်တော်တော့မြင်ပါတယ်” လို့ ဦးမိုးကျော်ကဆိုပါတယ်။
ထိုင်းနိုင်ငံဘက်က ကိုဗစ်တတိယလှိုင်း၊ နယ်စပ်ဖြတ်ကျော်သွားလာမှု ကန့်သတ်ချက်နဲ့အတူ မြန်မာနိုင်ငံဘက်မှာလည်း နေရပ်ပြန်ကြိုဆိုရေးကို ရပ်ဆိုင်းခဲ့တာရှိပါတယ်။ မဲဆောက်ဘက်မှာသောင်တင် ကျန်ရစ်ခဲ့တဲ့ နေရပ်ပြန် မြန်မာလုပ်သားတွေကို ပြီးခဲ့တဲ့ သြဂုတ် ၁ ရက် ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့လို့ နေရပ်ပြန်လာသူတွေထဲမှာ ခုကာလအတွင်း တရားမဝင် အထောက်အထားမဲ့ ထိုင်းဘက်သို့ ခိုးဝင်သူတွေ ပါဝင်နေတာတွေ့ရပါတယ်။
ထိုင်းနိုင်ငံရဲ့ကိုဗစ်ကာလက တစ်နှစ်ခွဲကျော်သွားပြီ။ မြန်မာနိုင်ငံက တစ်လနောက်ကျပါတယ်။ အရင်တုန်းကလည်း သွားရေးလာရေး၊ ငွေရေးကြေးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဘာသာစကားနဲ့ ယဉ်ကျေးမှု၊ မိမိမထိတွေ့ဖူးတဲ့ လူမှုဆက်ဆံရေး၊ ဝန်းကျင်အသိုင်းအဝိုင်း။ အဲဒီအခက်အခဲတွေရှိတဲ့ အပြင်မှာ အခုကိုဗစ်ကာလမှာကျတော့ ဘယ်နေရာမဆို ကျန်းမာရေး နဲ့ပတ်သက်တဲ့ မိမိကိုယ်မိမိ အာမခံမှုစနစ်တွေ၊ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့တွေ့ကြုံနေရမှာဖြစ်ပါတယ်။ တစ်ဖက်အိမ်နီးချင်းနိုင်ငံကို သွားတဲ့အခါမှာတော့ အိမ်နီးချင်းနိုင်ငံမှာရှိတဲ့ လုံခြုံရေးစနစ်တွေပေါ့။ ခေတ်မီကိရိယာတွေနဲ့တပ်ဆင်ထားတဲ့ လုံခြုံရေးအတားအဆီး၊ နောက်လုံခြုံရေးတွေအထပ်ထပ် ခြံစည်းရိုးတွေ၊သံဆူးကြိုးတွေကာထားတာ။ အခုဝေဟင်ကနေ ဒရုန်းနဲ့ စောင့်ကြည့်တာ၊ မြေပြင်မှာ မြင်းတပ်ဖွဲ့တွေနဲ့ပါ အချိန်အခါမလပ် ကင်းလှည့်စောင့်ကြည့်တာ။ နောက်နယ်စပ်ကျေးရွာတွေမှာ အထူးတာဝန်တွေပေးပြီးတော့ ရွာထဲမှာမျက်နှာစိမ်းတွေမြင်ရင် သတင်းပေးပို့တာဆိုပြီး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေပါတယ်။
မိမိသွားမယ့်နိုင်ငံမှာ လုံခြုံရေးအစီအမံတွေကို ဘာမှမလေ့လာဘဲ ဆန္ဒပြုရှေ့တန်းတင်တာ တစ်ခုပဲရှိတယ်။ အဲဒီတော့ ဒီလိုကာလမျိုးမှာ ဆန္ဒဇောတွေ၊ အတ္တဇောတွေရှေ့တန်းမတင်ကောင်းဘူး။ မတင်ထိုက်ဘူးလို့ အထူးသတိပေးချင်တာပေါ့။
မြန်မာနိုင်ငံမှာ ရရာအလုပ်ရှိတဲ့ အလုပ်လေးနဲ့ တရားဝင်သွားလာခွင့် မရသေးတဲ့အချိန်ကာလမှာတော့ ကြံဖန်ပြီး တင်းတိမ်ရမှာပဲလေ။ ခုတော့ သွားချင်တဲ ့အတ္တဇောကို ရှေ့တန်းတင်၊ အပြောကြွယ်တဲ့ ပွဲစားတွေရဲ့ စကားကိုယုံစားတော့ အယုံလွယ်လို့ အရှိုက်ခက်ကြပြီလို့ ပြောရမှာပေါ့” လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
ပွဲစားတွေ၊ လူကုန်ကူးသူတွေက ကိုဗစ်ကာလ အတားအဆီးကို ဥပေက္ခာပြုပြီး တရားမဝင်ခိုးပြီး ခေါ်ဆောင်မှုတွေရှိတဲ့အတွက် မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ဒုက္ခပေါ် ဒုက္ခဆင့်နေရပြီလို့လည်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။
“ဒီကာလမှာ အခက်အခဲကတော့ ပွဲစားတွေ၊ လူကုန်ကူးသူတွေက ခိုးပြီးခေါ်လာတယ်။ တရားဝင်မဟုတ်ဘူးပေါ့ဗျာ။ လမ်းစရိတ်အနေနဲ့ ဘတ် ၈၀၀၀ ကနေ ၁၅၀၀၀ အထိရှိတယ်။ မြန်မာငွေနဲ့ဆိုရင် ရှစ်သိန်းကျော်ပေါ့၊၊ ထိုင်းနိုင်ငံထဲမှာလည်း လော့ဒေါင်းတွေက ရှိနေဆဲ။ ထိုင်းနိုင်ငံရဲ့ပေါ်လစီအရ ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းစဉ်ကို ဆောင်ရွက်နေတဲ့အခါကတော့ ပြည်တွင်းထဲကနေ စွန့်ခွာပြီး ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့လာမယ်ဆိုရင်တော့။ ဒီနေ့ကာလမှာ အဆင်မပြေသေးဘူးလို့ Message ပေးလိုပါတယ်။ အဲဒီလိုသိမှသာ အလုပ်အကိုင်ရှာဖွေဖို့ အဆင်မပြေတဲ့ကာလမှာ လူပွဲစားတွေ၊ လူကုန်ကူးသူတွေရဲ့ ပြောစကားတွေကို မယုံဘဲနဲ့ ကိုယ့်ဟာကိုယ် ဆင်ခြင်သုံးသပ်ကြမယ်ဆိုရင် ဒုက္ခပေါ်ဒုက္ခမဆင့်တော့ဘူးပေါ့။ ဒုက္ခပေါ်ဒုက္ခဆင့်ခါမှ ကျွန်တော်တို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေအနေနဲ့ ကူညီရတဲ့အခါမှာ ပိုပြီးတော့ အခက်အခဲဖြစ်ပါတယ်။ အချိန်ကာလကလည်း မိုးမကုန်သေးတဲ့အခါကျတော့ မိုးထဲရေထဲ တောထဲတောင်ထဲမှာ အိပ်ရတာတွေ၊ ဖမ်းဆီးခံမြန်မာလုပ်သားတွေနဲ့တွေ့ရင်ကြားခဲ့ရတဲ့ လူမှုဒုက္ခတွေက မသေးလှပါဘူးဗျာ။ လမ်းခရီးမှာလည်း ဒုက္ခတွေကြုံကြရတယ်။ ဒီဒုက္ခတွေကို မခံစားစေချင်တဲ့အတွက်ကြောင့် သတင်းအချက်အလက် မှန်မှန်ကန်ကန် တင်ပြတယ်။ သတင်းဌာနတွေက အတိအလင်းထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို အာရုံစိုက်ထားဖို့လိုတယ်လို့ပြောချင်ပါတယ်” လို့ ဦးမိုးကျော်က ဆိုပါတယ်။
ကိုဗစ်လှိုင်းဂယက်တွေ ရိုက်ခတ်နေတဲ့ကာလ နိုင်ငံရေးမတည်ငြိမ်မှုတွေ မြင့်တက်လာချိန် အလုပ်လက်မဲ့တွေများပြားလာပြီး မိသားစုဝမ်းရေးအတွက် နေရပ်စွန့်ခွာသူတွေ၊ အလုပ်အကိုင် အခွင့်အလမ်း တစ်ခုအတွက် စွန့်စားမှုတွေနဲ့ တစ်ဖက်နိုင်ငံကို ဖောက်ထွက်မယ့် နောက်ထပ်မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေ မည်ရွေ့မည်မျှ ဖမ်းဆီးခံကြရဦးမလဲ။ အယုံလွယ်လို့ အရှိုက်ခက်ကြရဦးမလဲဆိုတာကိုတော့ဖြင့်...။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
