Top News

ကိုဗစ်ရောဂါ နှိပ်စက်ခံနေရဆဲ ဂွမြို့နယ်
24htopnews | December 14, 2024 11:12 PM CST

ရခိုင်ရိုးမတောင်တန်း အောက်ခြေဘင်္ဂလားပင်လယ်ကမ်းခြေတွင် တည်ရှိသည့် ဂွမြို့နယ်သည် အုန်းပင်အစီအရီနှင့် လှပသည့်ကမ်းခြေများကို ပိုင်ဆိုင်သည့်မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်အတွင်း နေထိုင်သူများမှာ ပင်လယ်ကိုအမှီပြု ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်သူများ ရှိသကဲ့သို့ ရိုးမတောင်ကို အမှီပြု တောင်ယာစိုက်ခင်းလုပ်၍ ဘဝဝမ်းကျောင်းသူများပင် ဖြစ်သည်။

ဧရာဝတီတိုင်းနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိနေသဖြင့်လည်း ရခိုင်ပြည်နယ်သို့ အဝင်ဂိတ်မြို့နယ် တစ်ခုဆိုလျှင်လည်း မမှားပါ။

ယင်းသို့လှပပြီး အေးချမ်းသာယာသည့် ကမ်းခြေမြို့နယ်တစ်ခုသည်လည်း ကမ္ဘာကပ်ဘေးကြီးကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။ လက်ရှိတွင် ကိုဗစ်တတိယလှိုင်းကို အလူးအလဲ ခံစားနေရဆဲမြို့နယ်တစ်ခုလည်း ဖြစ်နေသည်။ မိုးလင်းလာသည်နှင့် ဂွမြို့ပေါ်ရပ်ကွက်များတွင် လူများလှုပ်လှုပ်ရှားရှား သွားသွားလာလာမြင်တွေ့ရသော်လည်း နေ့လယ်ပိုင်းအချိန်တွင် မြို့ပေါ်လမ်းမများတွင် လူသူကင်းမဲ့နေပြီး တိတ်ဆိတ်ခြောက်ကပ်လို့နေသည်။

စစ်တွေမြို့နှင့် ရန်ကုန်မြို့သို့ ခရီးသွားပြီး ပြန်လာသည့် ဂွမြို့ခံတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ရသည့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂ ရက်သည် ကိုဗစ်တတိယလှိုင်းထဲ ဂွမြို့နယ် စတိုးဝင်သည့်နေ့ဟုဆိုရမည် ဖြစ်သည်။  အလားတူ  ဇူလိုင် ၁၁ ရက်တွင် ရန်ကုန်မှ သံတွဲသို့သွားသည့် ခရီးသည်တင်ကားတစ်စီးတွင် လိုက်ပါလာသူ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး ကားပေါ်တွင် သေဆုံးခဲ့ပြီး ကိုဗစ်ပိုးရှိ၊ မရှိ စစ်ဆေးရာတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သည်။ ထို့ပြင် ဇူလိုင် ၂၇ ရက်က ဂွမြို့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသူ ကိုဗစ်ပိုးတွေ့လူနာတစ်ဦး သေဆုံးခဲ့သည်။ စက်တင်ဘာ ၂ ရက်အထိဆိုလျှင် ဂွမြို့နယ်တွင် သေဆုံးခဲ့သူ ကိုဗစ်လူနာ ၂၀ ဦးအထိရှိနေပြီး ရခိုင်ပြည်နယ်တွင် ကိုဗစ်လူနာအများဆုံးမြို့တစ်ခု ဖြစ်ခဲ့သည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် သြဂုတ်လလယ်ပိုင်းက စတင်ကာ ကိုဗစ်ရောဂါတွေ့ရှိသူ အရေအတွက် လျော့နည်းကျဆင်းလာသည်။ သို့ရာတွင် ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးတွင် တည်ရှိသည့် ဂွမြို့တွင်ကား တခြားမြို့နယ်များနှင့် နှိုင်းစာလျှင် ပိုများနေသည်ကို သိသာစွာမြင်တွေ့နေရဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လကတည်းက ကိုဗစ်ဖြစ်ပွားသူ အရေအတွက် အများဆုံးသို့ရောက်ရှိခဲ့ပြီး သေဆုံးသူများလည်း ဆက်တိုက်ရှိခဲ့သည်။ ကိုဗစ်လူနာများ၏ အောက်ဆီဂျင်လိုအပ်ချက်ကလည်း များပြားရာမြို့နယ်အချို့တွင် အောက်ဆီဂျင် ပြတ်လပ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

သို့ရာတွင် သြဂုတ်လဆန်းပိုင်းက စတင်ကာ အောက်ဆီဂျင်လိုအပ်ချက် နည်းပါးလာသလို တစ်ပြည်နယ်လုံး ကိုဗစ်လူနာအရေအတွက်မှာ ၅၀၀ အောက်အထိ ရောက်ရှိလာခဲ့သဖြင့် အောက်ဆီဂျင် အခက်အခဲများကို မကြားရတော့ပေ။

ကိုဗစ်လူနာ အများဆုံးတွေ့ ရှိခဲ့ရသော စစ်တွေမြို့နယ်တွင်ပင် ပိုးတွေ့နှုန်းလျော့နည်း ကျဆင်းလာခဲ့သော်လည်း ဂွမြို့နှင့်ကျောက်ဖြူမြို့တွင် ကိုဗစ် Positive လူနာများ ဆက်တိုက်တွေ့ရှိနေရသေးသဖြင့် ဒေသန္တရအမိန့်များ ထုတ်ပြန်ကာ ထိန်းချုပ်လာရသည့် အနေအထား ဖြစ်လာသည်။

လက်ရှိ ဂွမြို့နယ်တွင် နေ့စဉ်ပိုးတွေ့လူနာ ၁၀ ဦးကျော်ရှိနေဆဲဖြစ်ပြီး ရခိုင်ပြည်နယ် မြို့နယ် ၁၆ ခုစလုံး၏ စုစုပေါင်း ပိုးတွေ့လူနာ အရေအတွက်ထက် ပိုများနေသည်။

စက်တင်ဘာ ၃ ရက် တစ်ရက်တည်းတွင် သံသယလူနာ ၁၇ ဦးကို စစ်ဆေးရာတွင် ၁၄ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိရကြောင်း ဂွမြို့နယ် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ပိုးတွေ့ရှိသူများမှာ ဂွမြို့ပေါ်ကထက် မြို့နယ်အတွင်း ကျေးရွာများမှ အများဆုံးတွေ့ရှိနေသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်က ဂွမြို့တွင် ဒေသန္တရ အမိန့်ထုတ်ပြန်ကာ Stay at Home သတ်မှတ်ပြီး စျေးဆိုင်များကိုလည်း အခြေခံ စားသောက်ကုန်၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များမှအပ ကျန်စျေး ဆိုင်များသည် နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ စျေးရောင်းချခွင့်ပြုထားသည်။

ဂွမြို့နယ်အတွင်း မွန်းတည့် ၁၂ နာရီနောက်ပိုင်း အချိန်များတွင် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာခြင်း လုံးဝ (လုံးဝ) မလုပ်ရကြောင်း အမိန့်စာတွင်ဖော်ပြထားပြီး သက်ဆိုင်ရာက ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်ခဲ့ရသည်။

သြဂုတ် ၂၆ ရက် မွန်းလွဲ  ၁ နာရီခွဲက ဂွမြို့နယ် ရဟိုင်းကူးတို့ လမ်းဆုံတွင် ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်အား မလိုက်နာသည့်သုံးဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။ ၎င်းတို့သုံးဦးအား ရာဇာသတ်ကြီးပုဒ်မ ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ကြောင်း သြဂုတ် ၃၁ ရက် ညပိုင်းက ပြည်နယ်အိမ်စောင့်အစိုးရက ကြေညာခဲ့သည်။

ဂွမြို့နယ်အတွင်း ပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စအပြင် အရေးပေါ်အပြင်ထွက် သွားလာရေးအတွက် အပြင်ထွက်ကတ်များကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ထုတ်ပေးကြောင်းလည်း သိရသည်။ အမိန့်အားမလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထိရောက်စွာ အရေးယူခြင်းခံရမည်ဟုလည်း ဆိုထားသည်။

ယခုကဲ့သို့ အပြင်မထွက်ရ အမိန့်ကြောင့် လက်လုပ်လက်စားများ၊ တစ်နေ့ရှာ တစ်နေ့စားရသူများက အပြင်ထွက် အလုပ်မလုပ်နိုင်သဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်းလည်း သိရသည်။

“အပြင်မထွက်ရဆိုတဲ့ အတိုင်းအတာမှာ မနက်ကနေ နေဝင်အထိ အလုပ်လုပ်နေရတဲ့ လူတွေရှိတယ်ပေါ့နော်။ အခု ၁၂ နာရီ နောက်ပိုင်း အပြင်မထွက်ရဆိုတဲ့အခါ စားဝတ်နေရေး အခက်အခဲတော့ရှိတာပေါ့။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteer တွေရဲ့ ပြောဆိုချက်အရ ယခင်က အိမ်တွင်းပုံးကုသနေသူတွေ ရှိခဲ့ပေမဲ့ အခုအခါမှာ ပွင့်ပွင့်လင်းလင်းပြောဆိုရဲလာတယ်။ ဆေးရုံကိုသွားပြီး စစ်ဆေးမှု ခံယူလာကြတယ်။ ပိုးတွေ့ရင်လည်း ဆေးကုသမှုခံလာကြတယ်။ စစ်ရင်စစ်သလို ပိုးတွေ့လူနာများ လာပါတယ်။ အခုဆိုရင် ၂၀ စစ်ရင် ၁၈ ယောက် ပိုးတွေ့ရှိပါတယ်။ ယခင်ကတော့အိမ်မှာ ကျိတ်ကုတဲ့သူတွေ ရှိခဲ့မယ်။ အခုတော့ လူတွေကလည်း ကျန်းမာရေးဗဟုသုတရှိလာပြီး စစ်လာတဲ့အခါ ပိုးတွေ့လူနာများလာတာပါ။ ကျွန်တော်တို့အဖွဲ့အနေနဲ့လည်း နယ်ကလူနာတွေ ဆေးရုံပို့ပေးရတယ်။ ဆေးရုံဆင်းလူနာတွေကို အိမ်ပြန်ပို့ပေးရတယ်။ အောက်ဆီဂျင် လိုအပ်ချက်အရ အောက်ဆီဂျင်အိုးတွေကို သံတွဲနဲ့တောင်ကုတ်မြို့က သယ်ပေးရတယ်” ဟု ဂွမြို့နယ်တွင် COVID-19 လူနာများကို အကူအညီပေးနေသည့် ကင်းရုံးပရဟိတအဖွဲ့မှ ကိုဖိုးကျစ်က ပြောကြားသည်။

ထို့ပြင် ဆေးရုံတက်ကုသနေသည့် ကိုဗစ်လူနာများ၏ လိုအပ်ချက်ကိုလည်း ကူညီရေးပရဟိတအဖွဲ့များက ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးနေကြောင်း သိရသည်။

ဂွမြို့နယ်တွင် ဒေသန္တရ အမိန့်ထုတ်ပြန်ပြီး Stay at Home ဆောင်ရွက်ထားရှိသော်လည်း ဖြစ်ပွားနှုန်း ကျဆင်းမှုမရှိ ဖြစ်နေသည်။

စက်တင်ဘာ ၃ ရက်အထိ ပြည်သူ့ဆေးရုံ (ဂွမြို့) တွင် စုစုပေါင်း  ၄၂ ဦး ၊ COVID-19 ကုသရေး Center 2 (ဂွမြို့) တွင် စုစုပေါင်း ၄၂ ဦး၊ ကျိန္တလီတိုက်နယ်ဆေးရုံတွင် စုစုပေါင်း ၅၀ ဦး ရှိနေပြီး ဂွမြို့နယ်တွင်  ကုသဆဲလူနာ စုစုပေါင်း ၁၃၄ ဦးအထိရှိကြောင်းနှင့် ယင်းအထဲတွင် ပြင်းထန်လူနာ ၁၆ ဦးပါဝင်ကြောင်း ဂွမြို့နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဂွမြို့နယ် ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာအများဆုံးမြို့နယ်အဖြစ် ဆက်လက်ရှိနေသည်။

Delta မျိုးစိတ်ပိုး တွေ့ရှိသည့် စစ်တွေမြို့

မြန်မာနိုင်ငံတွင် COVID-19 မျိုးရိုးဗီဇ ပြောင်းလဲသော Delta မျိုးစိတ်ပိုးတွေ့ရှိသူ ၁၅ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၃၁ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းအထဲတွင် စစ်တွေမြို့မှ တစ်ဦးပါဝင်နေသည်။

စစ်တွေပြည်သူ့ဆေးရုံအုပ် ‌ဒေါက်တာကြည်လွင်က “Delta မျိုးစိတ်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်တွေ့ရှိထားတယ်။ ဒါပေမဲ့ ရခိုင်မှာကတော့ ပထမဆုံးတွေ့တာပါပဲ” ဟု ပြောသည်။

Delta မျိုးစိတ်ပိုးတွေ့ရှိသည့် ကျန် ၁၄ ဦးမှာ နေပြည်တော်မှ ငါးဦး၊ ရန်ကုန်မှ နှစ်ဦး၊ မန္တလေးမှ နှစ်ဦး၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနှင့် ကလေးမြို့များမှ တစ်ဦးစီတို့ဖြစ်သည်။

တွေ့ရှိရသည့် COVID-19 မျိုးရိုးဗီဇပြောင်းမျိုးကွဲမှာ အထူးဂရုစိုက်ရမည့် မျိုးရိုးဗီဇကွဲ COVID-19 (Variant of Concern) Delta မျိုးစိတ်ဖြစ်သည်ဟုလည်း သိရသည်။

Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ပျံ့နှံ့လျက်ရှိသည်ဟု သိရသည်။

Delta မျိုးစိတ်သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှု မြင့်မားသဖြင့် သေဆုံးနိုင်ခြေ မြင့်တက်လာနိုင်သည့်အပြင် အချို့သော COVID-19 ကာကွယ်ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ်လျော့ကျစေနိုင်ကြောင်း ထုတ်ပြန်ထားသည်။

သို့အတွက် ကိုဗစ်ပိုးတွေ့ရှိသူ လျော့နည်းလာသည့် စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ်မှ ဒေသခံပြည်သူများအနေဖြင့် ပေါ့လျော့မှုမရှိဘဲ ကိုဗစ်စည်းကမ်းများကို တိတိကျကျ လိုက်နာရန် လိုနေကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောဆိုသည်။

လက်ရှိ စစ်တွေတွင် စက်တင်ဘာ ၂ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၆၄၁ ဦးနှင့် သေဆုံးသူ ၉၇ ရှိပြီး ဆေးရုံတက် ကုသနေသူ ၁၁ ဦးရှိနေသည်။ စစ်တွေမြို့သည် တစ်ပြည်လုံးအတိုင်းအတာအားဖြင့် ဒုတိယကူးစက်မှုအများဆုံးမြို့ဖြစ်ပြီး သေဆုံးမှုအမြင့်ဆုံးမြို့ဖြစ်သည်။

ပြည်နယ်အိမ်စောင့်အစိုးရသည် စစ်တွေမြို့ပေါ်တွင် ကိုဗစ်စည်းကမ်းကို မလိုက်နာသူများကို အရေးယူမှုများ လုပ်ဆောင်လာသည်ကို တွေ့ရသည်။

Mask မတပ်ဘဲ သွားလာသူများကို သက်ဆိုင်ရာက ရှောင်တစ်ခင်ဖမ်းဆီးပြီး ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကိုဗစ်ပိုးရှိ မရှိ RDT TEST KIT ဖြင့် စစ်ဆေးနေသည်ကို တွေ့ရသည်။

မောင်တောမြို့အပါအဝင် မြို့နယ်များတွင် မြို့ထဲသို့ဝင်လာသူများကို ကိုဗစ်ရှိမရှိ စစ်ဆေးခြင်းကို လုပ်ဆောင်လာသည်ကို တွေ့ရသည်။

စစ်ဘေးဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေးထိုး

ဇူလိုင် ၁၄ ရက်တွင် မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။ သို့အတွက် စခန်းကို အဝင်အထွက် ပိတ်လိုက်ရပြီး စခန်းအတွင်း နေထိုင်သူများ စားသောက်ရေး အခက်အခဲ တွေ့ခဲ့ရသည်။ ထို့နောက် ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းနှစ်ခုတွင်လည်း ကိုဗစ်ပိုးတွေ့သူရှိခဲ့သည်။ ယင်းသို့ လူအစုလိုက် အပြုံလိုက် ပူးကပ်စွာ နေထိုင်နေကြရသည့် စစ်ဘေးဒုက္ခသည်စခန်းများတွင် ကိုဗစ်ပိုးရောက်ရှိလာခြင်းမှာ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်သည်။ သို့အတွက် စစ်ဘေးဒုက္ခသည်များကိုလည်း ကိုဗစ်ကာကွယ်ဆေး ဆောလျင်စွာ ထိုးနှံပေးရေး လူမှုအဖွဲ့အစည်းများက ပြောဆိုခဲ့ကြသည်။

လက်ရှိ စစ်ေဘေးဒုက္ခသည် အသက် ၄၅ နှစ်အထက်ရှိသူများကို ကိုဗစ်ကာကွယ်ဆေးများ ထိုးပေးနေပြီဖြစ်သည်။ ရခိုင်ပြည်နယ်တွင် သြဂုတ်လကုန်ပိုင်းမှစတင်ကာ IDPs camp များနှင့် စစ်ဘေးရှောင် စခန်းများအတွက် Sinovac ဆေး ၅၀၀၀၀ ကို ထိုးပေးသွားမည်ဟု ပြည်နယ်အိမ်စောင့်အစိုးရက ထုတ်ပြန်ထားသည်။ စစ်ဘေးဒုက္ခသည်ပေါင်း ၃၀၀၀၀ နှင့် IDPs စခန်းတွင်နေထိုင်သူ ၂၀၀၀၀ ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည် ဖြစ်သည်။

အလားတူ ပထမအကြိမ် ကာကွယ်ဆေးထိုးထားသူများကိုလည်း ဒုတိယအကြိမ်အဖြစ် စုရပ်အသီးသီး၌ ဆက်လက်ထိုးပေးနေသည်ကို တွေ့ရသည်။

ကိုဗစ်က ရခိုင်က လူပေါင်း ၄၀၀ ကို နုတ်ယူခဲ့ပြီ

ယခင် ကိုဗစ် ၁၉ ရောဂါပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုတွင် ရခိုင်ပြည်နယ်အတွင်း သေဆုံးသူ ၃၇ ဦးအထိသာ ရှိခဲ့သော်လည်း ယခုတတိယလှိုင်း၌ သုံးလကျော်အတွင်း ပိုးတွေ့လူနာ ၄၀၀၀ ကျော် သွားပြီဖြစ်ကာ သေဆုံးသူ ၄၀၀  အထိရှိလာခဲ့ပြီဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့ရှိလူနာ အများဆုံးမြို့သည် ဂွမြို့နယ်ဖြစ်ပြီး ကိုဗစ်လူနာသေဆုံးမှု အများဆုံးမြို့နယ်သည် စစ်တွေမြို့ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလှိုင်းကာလဖြစ်သော ၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက်မှ ၂၀၂၀ ပြည့် နှစ် ဇွန် ၂၄ ရက်အထိ ကိုဗစ်လူနာ ၁၆ ဦးရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ဘဲ တစ်လကျော်အချိန်အတွင်း ကျော်ဖြတ်နိုင်ခဲ့သည်။  ထို့နောက် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၆ ရက်မှ ၂၀၂၁ ခုနှစ် မေ ၂၁ ရက်အထိ ကိုဗစ် ဒုတိယလှိုင်းတွင် ကိုဗစ်လူနာ  ၄၂၂၀ ရှိခဲ့ပြီး သေဆုံး ၃၉ ဦးအထိ ရှိခဲ့သည်ဟု ရခိုင်ပြည်နယ် အိမ်စောင့်အစိုးရက ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

ကိုဗစ် တတိယလှိုင်းဖြစ်သော ၂၀၂၁ ခုနှစ် မေ ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ရခိုင်တစ်ပြည်နယ်လုံး ကိုဗစ်လူနာပေါင်း ၄၂၄၁ ဦးအထိရှိခဲ့ပြီး သေဆုံးသူလည်း ၄၀၀ ဦးအထိ ရှိလာနေပြီဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ထုတ်ပြန်ထားသည့် Stay at Home (ကိုယ့်အိမ်တွင် ကိုယ်နေထိုင်ခြင်း) အမိန့်ကို သုံးပတ်ကြာ ထုတ်ပြန်ခဲ့ပြီးနောက် ပိုးတွေ့သူကျဆင်းလာသည့်အတွက် အဆိုပါ Stay at Home အမိန့်ကို ပယ်ဖျက်လိုက်ပြီဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က သြဂုတ် ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ထိုအမိန့်ကို နောက်ထပ် သက်တမ်းတိုးခြင်း မပြုလုပ်သော်လည်း ရခိုင်ပြည်နယ်အတွင်း မြို့နယ်အလိုက် ရွာအလိုက် ရောဂါပိုးကူးစက်ခံရသူအသစ် အရေအတွက် အတက်အကျ နေ့စဉ်စာရင်းကို နေ့တိုင်းစောင့်ကြည့်လေ့လာပြီး အသွားအလာများကို သတိဉာဏ်ပညာဖြင့် ဆင်ခြင်နေထိုင်ရန် လိုအပ်နေဦးမည်ဟု ULA က ထုတ်ပြန်ထားသည်။

ပြည်နယ် အိမ်စောင့်အစိုးရအနေဖြင့် ရခိုင်တစ်ပြည်နယ်လုံးကို Stay at Home အဖြစ် မသတ်မှတ်သော်လည်း ကိုဗစ်ပိုးတွေ့လူနာ ဆက်လက်မြင့်မားနေဆဲ ဂွမြို့ကို Stay at Home သတ်မှတ်ကာ ဒေသန္တရ အမိန့်ထုတ်ပြန်ထားသည်။

ကိုဗစ်ကြောင့် အပြင်မထွက်ရ ဖြစ်နေရပြီး အလုပ်လက်မဲ့များကိုလည်း အရပ်ဘက်အဖွဲ့အစည်းများက အိမ်တိုင်ရာရောက် ရိက္ခာထောက်ပ့ံနေသည်ကိုလည်း တွေ့မြင်ရသည်။

အလားတူ ရခိုင်ပြည်နယ်မှ ကိုဗစ်ကို တိုက်ထုတ်ရေးမှာ ရှေ့တန်းမှ တိုက်ထုတ်နေကြသည့် သူရဲကောင်း ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုဝန်းရံရမည်ဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်သို့ COVID-19 မျိုးရိုးဗီဇပြောင်းလဲသော Delta မျိုးစိတ်ပိုး ရောက်ရှိနေပြီဖြစ်သဖြင့် ကိုဗစ်ကူးစက်မှု မြင့်တက်နေဆဲ ဂွမြို့နယ်နှင့် ရခိုင်ပြည်နယ် မြို့နယ်အားလုံးတွင် ကိုဗစ်စည်းကမ်းကို တိတိကျကျလိုက်နာရန် လိုအပ်နေသည်။


READ NEXT
Cancel OK