လွန်ခဲ့သောနှစ် ၄၀ ကျော်၊ ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ဆိုဗီယက်ယူနီယံ အမှတ် ၄၀ တပ်မတော်သည် အင်အားအလုံးအရင်းဖြင့် ဗဟိုအာရှဒေသ၊ အာဖဂန်နစ္စတန်နိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခဲ့၏။ အကြောင်းပြချက်မှာ အာဖဂန်နစ္စတန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ (Democratic Republic of Afghanistan - DRA) ၏ ဟာဖီဇူလာအမ္မင်၏ အာဏာသိမ်းအစိုးရကို ရာထူးအရာမှဖယ်ရှားကာ ဘာဘရက်ကာမဲလ်အား တင်မြှောက်ပေးနိုင်ရေးဖြစ်သည်။ ဤကျူးကျော်မှုသည် ဆယ်စုနှစ်တစ်ခုနီးပါး၊ တိတိကျကျဆိုရသော် တစ်နှစ်တစ်လ သုံးပတ်နှင့် တစ်ရက် ကြာမြင့်ခဲ့ပါသည်။
မည်သို့ဆိုစေ ခေါင်းဆောင်ကြီး လီယိုနစ်ဘရက်ဇညက် မျှော်လင့်ခဲ့သလို ဆိုရှယ်လစ်တို့၏ ခံကတုပ်အဖြစ် အာဖဂန်၌ ဆိုဗီယက်တို့ ကျောက်ချရပ်တည်မှု မပြုနိုင်ခဲ့ပါ။ ထို့ပြင် အင်ပါရာတစ်ခု၏ ဂုဏ်သိက္ခာနှင့်အညီ လူသားရင်းမြစ်၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ထည့်ဝင်ကုန်ကျခဲ့ရသည်များကိုလည်း အဟောင်းကို အသစ်တစ်ဖန် ပြန်ဖြစ်အောင်ပြောရန် မလိုတော့ပါ။ လူ့အသက်ပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရခဲ့သည့်အပြင် အာဖဂန်နိုင်ငံသားတို့အကြား မကျေနပ်ခြင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တည်ခဲ့ပါ၏။
အာဖဂန်နစ္စတန်၌ ကျူးကျော်စစ်ပွဲအတွင်း ဆိုဗီယက်စစ်သည်ပေါင်း ၁၅,၀၀၀ ကျော် သေဆုံးခဲ့၏။ အာဖဂန်တို့ဘက်ကမူ ၈၀၀,၀၀၀ မှ ၁,၅၀၀,၀၀၀ ထိ သေဆုံးခဲ့ရကြောင်း သုတေသနတစ်ခုက ခန့်မှန်းခဲ့၏။
ရုရှားရှိ မဟာဗျူဟာသမားတို့က ဤအာဖဂန်နစ္စတန်နိုင်ငံအတွင်း ဆိုဗီယက်တို့၏ ကန့်သတ်စွက်ဖက်မှုစစ်ပွဲ (Limited Contingent of Soviet Troops in Afghanistan - OKSVA) နှင့် ပတ်သက်၍ အရေးပါသည့် သင်ခန်းစာထုတ်နုတ်မှုများ ပြုခဲ့ကြ၏။ ယခုဖော်ပြမည့် သင်ခန်းစာများနှင့်ပတ်သက်၍ အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များသာမက၊ နောက်နောင် ဤဗဟိုအာရှနိုင်ငံနှင့်ပတ်သက်၍ စစ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်ပြုကြမည့်သူများအတွက် ဆင်ခြင်ဖွယ်နည်းလမ်းတို့ကို တွေ့ရပါလိမ့်မည်။
သင်ခန်းစာ - ၁
သင်၏ ဒေသတွင်းမဟာမိတ်များကို အားပေးမြှင့်တင်မည့်အစား သင့်စိတ်ကြိုက် ပုံသွင်းသည့်အလုပ် ဘယ်သောအခါမှ မလုပ်ပါနှင့်။
၁၉၇၉-၁၉၈၉ ကာလအတွင်း ဆိုဗီယက်ယူနီယံသည် OKSVA အတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၀ ဘီလျံံ (ငါးနောက်မှ သုည ဆယ်လုံး) ကို အာဖဂန်နိုင်ငံ DRA စစ်ဆင်ရေးနှင့် လေ့ကျင့်ရေး ကုန်ကျစရိတ်များအဖြစ် သုံးစွဲခဲ့၏။
သို့သော် DRA တပ်ဖွဲ့များသည် ဆိုဗီယက်တို့၏ အမှတ် ၄၀ တပ်မတော် ပြန်လည်ဆုတ်ခွာသွားပြီးနောက် OKSVA အနေနှင့် သိမ်းပိုက်နိုင်ခဲ့သော နယ်မြေများကို ဆက်လက်မထိန်းသိမ်းနိုင်သလို၊ မော်စကို၏ စစ်ရေးနှင့် ထောက်ပ့ံရေးလမ်းကြောင်းများ ဖြတ်တောက်လိုက်သည်နှင့်တစ်ပြိုင်နက် လက်နက်ကိုင်သူပုန်တို့၏ တိုက်စစ်ကို ‘တင်း’ မခံနိုင်ခဲ့ပါ။ “ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေပါတဲ့ အယောက် ၂,၀၀၀ သော အကြံပေးပုဂ္ဂိုလ်ကြီးတွေ ဘယ်လိုလဲ၊ အာဖဂန်စစ်တပ်ထဲမှာ ကြုံလာတဲ့တိုက်စစ်ကို တစ်ယောက်ချင်းယှဉ်ပြီး စစ်မြေပြင်တိုက်ပွဲဝင်တာတောင် မစွမ်းနိုင်တော့ဘူး” ဟု အာဖဂန်နစ္စတန်တွင် ခေါက်ရေ ၂၀ ထက်မနည်း အချိန်ပိုင်းတာဝန်ထမ်းခဲ့ဖူးသူ၊ ဆိုဗီယက်ထောက်လှမ်းရေး (KGB) အကြီးအကဲ လီယိုနစ်ရှီဘာရှင်က ၁၉၉၂ ခု၌ သူ၏ အမှတ်တရမှတ်တမ်းတွင် မေးခွန်းထုတ်ခဲ့၏။
“အာဖဂန်စစ်တပ်ရဲ့ဖွဲ့စည်းပုံကို ကျွန်တော်တို့ ဆိုဗီယက်မိုဒယ်အတိုင်း ပုံတူ ‘တည်’ ပေးခဲ့တာပဲ၊ တစ်ခါ ကိုးနှစ်တာ စစ်ပွဲအတွေ့အကြုံက ဒီဖွဲ့စည်းပုံကို လိုတိုးပိုလျှော့လုပ်ဖို့ ဘာလို့များရလဒ် မပေါ်ခဲ့တာလဲ” ။
ရှီဘာရှင်၏အမြင်အရ ဆိုဗီယက်ကွန်မင်ဒါများ အာဖဂန်တပ်ဖွဲ့များကို လေ့ကျင့်ပေးခဲ့ရာတွင် ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ဖြစ်စေသည့် အကြောင်းရင်းတစ်ချက်မှာ သူတို့၏ သင်တန်းသားများကို လုပ်ပိုင်ခွင့်/အမိန့်အာဏာလွှဲအပ် ဆောင်ရွက်ခွင့်မျိုး ဘယ်တုန်းကမှ မပေးခဲ့ခြင်းဖြစ်၏။ “ကျွန်တော်တို့က အာဖဂန်တွေကို ဆရာကျကျ သင်ပေးခဲ့တာ လုံးဝသံသယမရှိလေနဲ့။ သင်တန်းပေးပုံကလည်း ‘ဒီတိုင်းလုပ်၊ မလွဲစေနဲ့’ ဆိုပြီး ပတ်ချာလည် အမိန့်ပေးတဲ့ပုံစံ။ အာဖဂန်ရဲဘော်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် ခပ်ပျော့ပျော့ကို အာပေါင်အာရင်းသန်သန်နဲ့ ခိုင်းသလို လိုက်မလုပ်တိုင်း ဒဏ်ပေးနေခဲ့တာ”။
သင်ခန်းစာ - ၂
သင်ကိုယ်စားပြုကြားဝင်ပေးသည့် ‘ဘက်’ ကိုယ်တိုင်က ကြားဝင်ခဲ့သည့် အကြောင်းရင်းနှင့် ပတ်သက်၍ လိုလိုလားလား တိုက်ပွဲမဝင်ခဲ့လျှင် သင်တို့၏ စစ်ရေးဆိုင်ရာကြားဝင်စွက်ဖက်မှု အောင်မြင်မည်မဟုတ်။
ဆိုဗီယက်တို့ အာဖဂန်နစ္စတန်ကို ဝင်ရောက်ခဲ့သည့် ထင်ရှားသောအကြောင်းရင်းမှာ သူ့မိတ်ဆွေ ကွန်မြူနစ်ပါတီ အာဏာပြန်ရစေရေးအတွက် နှစ်နိုင်ငံသဘောတူစာချုပ် (Soviet-Afghan Friendship Treaty) ကို ဖော်ပြ၍ စစ်ရေး၊ စီးပွားရေးစွက်ဖက်မှု ပြုခဲ့ခြင်းဖြစ်၏။ ထိုအကြောင်းပြချက်ကို မိတ်ဆွေဖြစ်သော အာဖဂန်ကွန်မြူနစ်များကိုယ်တိုင် နှစ်နှစ်ကာကာ ယုံကြည်မှသာလျှင် ကြုံလာသမျှတိုက်ပွဲတို့ကို ရဲရဲတင်းတင်း တုံ့ပြန်နိုင်ပါလိမ့်မည်။
ဆိုဗီယက်တို့၏ရည်မှန်းချက်မှာ ဂိုဏ်းကွဲနေသည့် အာဖဂန်နစ္စတန် ပြည်သူ့ဒီမိုကရက်တစ်ပါတီ (People’s Democratic Party of Afghanistan - PDPA) ကို အားဖြည့်ပေးရန်ဖြစ်သော်လည်း ဤအုပ်စုသည် ဒေသခံတို့၏ ထောက်ခံမှုမရသလို၊ တိုက်ပွဲဝင်ရန်အတွက်လည်း မည်သည့်ဒေသခံကိုမှ အမိန့်ပေးခြင်း၊ ဖျောင်းဖျစည်းရုံးခြင်း မလုပ်နိုင်ခဲ့ပါ။ ၁၉၈၃ ခုနှစ် တစ်နှစ်ထဲ၌ပင် DRA တပ်သား ၃၄,၀၀၀ ကျော်သည် တပ်ပြေးဖြစ်ခဲ့သည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဆိုဗီယက်ကွန်မင်ဒါတို့က အထပ်ထပ် အမိန့်ပေးနေသည့်ကြားမှပင် အာဖဂန်အာဏာပိုင်တို့သည် ဆိုဗီယက်တပ်တို့ သိမ်းပိုက်ထားပြီးဖြစ်သော နယ်မြေများကို မအုပ်စီးနိုင်ခဲ့ပါ။ “ဒီတိုင်းပြည်မှာ ဆိုဗီယက်စစ်သားတွေ မသိမ်းဖူးတဲ့နယ်မြေဆိုလို့ တစ်လက်မမှ မကျန်ဘူး။ ပြီးရင် အားလုံးနီးပါးလည်း သူပုန်တွေလက်ထဲ ပြန်ရောက်တာချည်းပဲ” ဟု တပ်မတော်ကွပ်ကဲမှု ဒုတိယအကြီးအကဲ ဆာဂီအက်ခရိုမီယက်က ၁၉၈၆ ခုနှစ်၊ ပေါ်လစ်ဗျူရိုအစည်းအဝေး၌ ပြောကြားခဲ့သည်။ အဖြစ်မှန်မှာ ထိုနှစ်အတွင်း၌ပင် တိုင်းပြည်အတွင်းရှိ ကျေးရွာပေါင်း ၃၅,၀၀၀ အနက် ရွာ ၈,၀၀၀ သာ DRA အစိုးရ၏ အုပ်ချုပ်မှုအောက်၌ ကျန်ရှိနေတော့ခြင်းဖြစ်သည်။
သင်ခန်းစာ - ၃
ဆုတ်ခွာချိန်မှာ သံယောဇဉ်တွယ်ရန်မလို။
အမှတ် ၄၀ တပ်မတော် ပြန်လည်ဆုတ်ခွာမှုနှင့်ပတ်သက်၍ ဂရိုမော့ဗ်က သူဆောင်ရွက်ခဲ့ရသည့် စစ်အင်ဂျင်နီယာအပိုင်းကို ပြန်လည်ရေးသားခဲ့ရာတွင် ‘ဆုတ်ခွာချိန်မှာ သံယောဇဉ်တွယ်ရန်မလို’ (“when leaving , leave”) ဆိုသော ရုရှားတို့၏ ရှေးရိုးဆိုထုံးကို မကိုးကားခဲ့ပါ။ သို့သော် ဤဆိုရိုးအတိုင်း ဖြစ်လာရပုံက မော်စကိုက လိုလားသည့် DRA ခေါင်းဆောင် နာဂျီဘူလာ၏ လုပ်ရပ်က သက်သေပြနေ၏။ ၁၉၈၈ ခုနှစ်အတွင်း “အာဖဂန်နစ္စတန်အစိုးရအဖို့ အမှတ် ၄၀ တပ်မတော်ကြီး ပြန်လည်ဆုတ်ခွာသွားမည့်ကိစ္စကို ‘သူရဲကောင်းပီသစွာ’ ရပ်တန့်စေရေး အားထုတ်ခဲ့သည်” ဟု ရေးသားခဲ့၏။ သာဓကပြရသော် အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုဗီယက်တပ်ဖွဲ့များကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် တပ်ဖြန့်ရန် အကြိမ်ကြိမ်အခါခါ အားထုတ်ခဲ့ပါသည်။
နာဂျီဘူလာ၏ ဖိအားပေးတင်ပြချက်များကို ဆိုဗီယက်ခေါင်းဆောင်ပိုင်းက နည်းလမ်းအသွယ်သွယ် စဉ်းစားခဲ့၏။ အာဖဂန်နစ္စတန်မှ သူတို့တပ်များ ဆုတ်ခွာရာ၌ ပုံမှန်တပ်ဖွဲ့များ တစ်တပ်မှ မချန်ရစ်ရေးနှင့် အကြံပေးများမှတစ်ပါး တပ်သားအားလုံး ဆုတ်ခွာရန်ဟူသော မှန်ကန်တိကျသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ အကယ်၍ နာဂျီဘူလာ နားသွင်းခဲ့သည့်အတိုင်း မော်စကိုက အာဖဂန်နိုင်ငံတွင်း တပ်များချန်လှပ်ရန် ဆုံးဖြတ်ခဲ့သည်ရှိသော် ထိုအချိန်က တိုင်းပြည်နယ်မြေ၏ ၂၀ ရာခိုင်နှုန်း ပြည့်မီအောင်ပင် မထိန်းသိမ်းနိုင်တော့သည့် DRA တပ်များနှင့် သူပုန်တပ်များအကြား ညှပ်ပူးညှပ်ပိတ်မိကြရမည့် ဆိုဗီယက်စစ်သားတို့မှာ သူသေကိုယ်သေအဖြစ်သို့ ဆိုက်ရောက်သွားပါလိမ့်မည်။
သင်ခန်းစာ - ၄
သို့သော် မဆုတ်ခွာမီ ညှိနှိုင်းမှုများအကြား မိမိ၏လိုလားချက်နှင့် မိမိမဟာမိတ်တို့၏ အကျိုးဖြစ်ထွန်းမှုကို ဦးတည်သည့် လုံခြုံရေးအာမခံချက်နှင့် ခိုင်မာသော သဘောတူညီချက်တို့ရရန် အချိန်ယူပါ။
၁၉၈၀ ပြည့်နှစ်နှောင်းပိုင်း အာဖဂန်နစ္စတန်မှ ဆုတ်ခွာရန်ဆုံးဖြတ်ခဲ့သည့် ဆိုဗီယက်ခေါင်းဆောင်မှုမှာ ထက်မြက်သည်ဟု ဆိုနိုင်သော်လည်း ၁၉၈၈ ဂျီနီဗာ စုံညီသဘောတူညီချက်၌ စစ်သုံ့ပန်းနှင့် ပျောက်ဆုံးစစ်သည် (POW/MIA – prison of war/missing in action) နှင့် ပတ်သက်သော စာပိုဒ်တစ်ပိုဒ်ထည့်သွင်းရန် မေ့လျော့ခဲ့ကြ၏။ စစ်ပွဲပြီးဆုံးခြင်းအဖြစ် အာဖဂန် - ပါကစ္စတန် နှစ်နိုင်ငံသဘောတူညီချက်၊ အပြည်ပြည်ဆိုင်ရာ အာမခံကြေညာချက်တို့ကို အမေရိကန်နှင့် ဆိုဗီယက်တို့ လက်မှတ်ရေးထိုးခြင်းဖြင့် အဆုံးသတ်ခဲ့သည်။
နောက်ပိုင်းတွင် ၀ါရှင်တန်ရော မော်စကိုကပါ စစ်အုပ်စုများသို့ အကူအညီပေးခြင်းကို ရပ်ဆိုင်းရန် လက်မှတ်ရေးထိုးခဲ့ကြသည့်တိုင် ကျန်နိုင်ငံများဖြစ်သည့် ပါကစ္စတန်၊ ဆော်ဒီအာရေဗျတို့က အာဖဂန်ရှိ မူဂျာဟီဒင်များကို ထောက်ပ့ံခဲ့သည့်အပြင်၊ လက်မှတ်ထိုးသည့် ကာယကံရှင် နှစ်နိုင်ငံအနေနှင့်လည်း သဘောတူညီချက်အတိုင်း လိုက်နာမှုရှိမရှိကို ကိုယ်တိုင်သာအသိဆုံး ဖြစ်ပါလိမ့်မည်။ အထူးသဖြင့် စစ်သုံ့ပန်းများနှင့်ပတ်သက်၍ ကတိပြုထားသော အာမခံချက်များအတိုင်း ပြင်ပမှ အကူအညီများရရှိရန် ဆိုဗီယက်တို့အနေနှင့် ခက်ခက်ခဲခဲ အားထုတ်ခဲ့ရ၏။
ဆိုဗီယက်ခေါင်းဆောင်ပိုင်းအနေနှင့် DRA ကို ပြည့်စုံသောပ့ံပိုးမှုများ ပေးအပ်ကာ နိုင်ငံအတွင်း အင်အားစုများအကြား ရင်ကြားစေ့နိုင်ရေးအတွက် ဖိအားပေးခဲ့သော်လည်း အကောင်အထည်မပေါ်ခဲ့ပါ။ အမျိုးသားရင်ကြားစေ့ရေး မူဝါဒနှင့်ပတ်သက်၍ မြင်သာသည့်ရလဒ်များ ထွက်ပေါ်လာခြင်းမရှိဘဲ ပါတီခေါင်းဆောင်တို့၏ အခန်းကဏ္ဍမှာ မှေးမှိန်လျက်ရှိခဲ့ကြ၏။
သင်ခန်းစာ - ၅
ဆုတ်ခွာပြီးသည့်တိုင် ချမှတ်ထားသည့် မစ်ရှင်အတိုင်း ညင်သာစွာဆက်လက်လှုပ်ရှားပါ။
ပုံမှန်ဆိုဗီယက်တပ်များ ဆုတ်ခွာသွားခဲ့သည့်နောက်ပိုင်း အရေးကြီးသည့် နောက်ချန် မစ်ရှင်အစိတ်အပိုင်းမှာ အန္တရာယ်များလှပါသည်။ ဆိုဗီယက် စစ်ရေးအကြံပေး ၃၀ နှင့် သူတို့၏ ကိုယ်ရံတော်များ အာဖဂန်နစ္စတန်တွင် ချန်ရစ်နေခဲ့ကြရသည်။ ၁၉၈၉ ခုနှစ် အာဖဂန်နိုင်ငံတွင် စစ်ရေးအကြံပေး အကြီးအကဲအဖြစ် ကျန်နေခဲ့သည့် ဂါရေယက်ဗ်၏ တာဝန်မှာ နာဂျီဘူလာ၏အစိုးရကို နောက်ထပ် သုံးလေးလခန့် အာဏာဆက်လက်တည်မြဲစေရေး ထိန်းသိမ်းပေးရန်နှင့် ထိုသို့ထိန်းနိုင်ခဲ့လျှင် ပဋိပက္ခဖြစ်နေသည့် အုပ်စုများအကြား နိုင်ငံရေးအဖြေတစ်ခု ရကောင်းရလာနိုင်ကြောင်း မော်စကိုက မျှော်လင့်ခဲ့၏။
သို့သော် OKSVA ဆုတ်ခွာပြီး တစ်နှစ်ကျော်ထိ နာဂျီဘူလာအစိုးရ တည်တ့ံနေသည်ကိုကြည့်ပြီး ကေဂျီဘီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းခေါင်းဆောင်များက နာဂျီဘူလာအစိုးရနှင့် သူတို့၏ ဆိုဗီယက်အကြံပေး ပုဂ္ဂိုလ်များမှာ ခံစစ်အနေအထားနှင့် နေ့လတာရှည်ခဲ့ပြီ။ ထို့ကြောင့် ‘ခံစစ်မှသည် တိုက်စစ်အသွင်ပြောင်းလျက် နယ်ပယ်အသီးသီးသို့ ထိုးဖောက်ရန်’ အခါသင့်ပြီဖြစ်ကြောင်း သုံးသပ်ခဲ့ကြ၏။ ဂါရေယက်ဗ်အနေနှင့် ‘ဆိုးကျိုးများ တသီတတန်ကြီး လိုက်လာနိုင်သည့်’ မော်စကို၏ ‘စိတ်ကူးဖဲများ’ အလုပ်မဖြစ်နိုင်ကြောင်း နားဝင်အောင် အတော်ဖျောင်းဖျခဲ့ရသည်ဟု ဆိုပါသည်။
သင်ခန်းစာ - ၆
စစ်ပွဲ တရားဝင်ပြီးဆုံးသွားသည့်တိုင် သင့်စစ်သည်များကို အလေးထားဂရုစိုက်ပါ။
အာဖဂန်မှ အပြီးသတ်ဆုတ်ခွာလာခဲ့သည့် အမှတ် ၄၀ တပ်မတော်၏ နောက်ဆုံးတပ်ရင်းသည် ၁၉၈၉ ခု ဖေဖော်ဝါရီ ၁၅ ရက်တွင် အာဖဂန်မှသည် ဥဇဘက်ကစ္စတန် ချစ်ကြည်ရေးတံတားပေါ် ဖြတ်သန်းခဲ့သည့်ပုံရိပ်ကို ဗိုလ်ချုပ်ကြီး ဂရိုမော့ဗ်က ဤသို့ မှတ်တမ်းတင်ခဲ့၏။ ရှေ့တန်းပြန်လာသည့် စစ်သားတို့ကို သာမန်အရပ်သူ အရပ်သားများက လှိုက်လှိုက်လှဲလှဲ ပွေ့ဖက်ခဲ့ကြသော်လည်း “မော်စကိုရှိ မည်သည့်ကွန်မင်ဒါ တစ်ယောက်ကမှ သူတို့ကိုကြိုဆိုရန် စီစဉ်ခြင်း မရှိခဲ့ကြပါ။”
သူ၏နောက်ဆုံးတပ်ရင်း ရှေ့တန်းအပြန်ကို ကြိုဆိုခဲ့ကြသည့် ဆိုဗီယက်နိုင်ငံသားများထဲတွင် အာဖဂန်နစ္စတန်၌ ကျဆုံးခဲ့ရသည့် စစ်သည်တို့၏ဆွေမျိုးများ ပါဝင်သည်။ “တချို့ကတော့ သူတို့ချစ်တဲ့ ကျဆုံးသူတွေကို ကောင်းကောင်းမြှုပ်နှံသင်္ဂြိုဟ်ပြီးကြောင်း ရုံးစာရကြပါတယ်။ စာမရတဲ့ အမျိုးတွေအဖို့ အကယ်၍များ သူအသက်ရှင်နေသေးရင် အခုအချိန် အာဖဂန်ကနေ ဘယ်လိုထွက်လာမှာလဲ” ဟု ဂရိုမော့ဗ်က ရေးပြခဲ့၏။
ပြန်လာနိုင်သူများအဖို့ အမေရိကန်ပြည်ထောင်စု၌ ဗီယက်နမ်စစ်ပြန်များကို အစောပိုင်း ပြုမူဆက်ဆံခဲ့ကြသည့်နည်းတူ စစ်ပြန်စိတ်ဒဏ်ရာများ၊ စိတ်ဂနာမငြိမ်သည့် ပြုမူလှုပ်ရှားမှုများအတွက် ကောင်းမွန်စွာ ကုသမှုမျိုးမခံယူရဘဲ လူ့အသိုင်းအဝိုင်း၏ အပယ်ခံဘဝ၌ စစ်ဆန့်ကျင်ရေးသမားတို့၏ အမုန်းတရားကိုပါ ရင်ဝယ်ပိုက်ကြရပါလိမ့်မည်။ အာဖဂန်၌ အကြိမ်ကြိမ် တာဝန်ထမ်းဆောင်ဖူးခဲ့သည့် ကေဂျီဘီအရာရှိ ဗလာဒီမာဂါကဗီ၏ ရေးသားချက်အရ စစ်ပြန်အများစုမှာ မျှော်လင့်ချက်ကုန်ခန်းခြင်း၊ စိတ်နှင့်ကိုယ်မကပ်ခြင်း၊ စိတ်အားငယ်ခြင်းတို့ကို ခံစားရကြောင်းနှင့် ၂၀၀၇ ခုနှစ် တစ်နှစ်ထဲတွင်ပင် အာဖဂန်စစ်ပွဲမှ ဆိုဗီယက်စစ်ပြန် ၅၀၀ မိမိကိုယ်ကို သေကြောင်းကြံခဲ့ကြသည်ဟု ဆိုပါသည်။
သင်ခန်းစာ - ၇
နောက်ဆုံးဆိုသော်ငြား နိဂုံးမချုပ် - သင်ခန်းစာများ ယူတတ်ကြစေ။
၁၉၈၁ ခုနှစ် နွေရာသီ၌ ဆိုဗီယက်ကာကွယ်ရေးဝန်ကြီးဌာနသည် ခရိုင်အဆင့် စစ်အရာရှိများကို ဆိုဗီယက်ယူနီယံမှ အာဖဂန်နစ္စတန်သို့စေလွှတ်၍ OKSVA ၏ အတွေ့အကြုံသင်ခန်းစာများကို စစ်စစ်ပေါက်ပေါက် လေ့လာသွားစေရန် ဆုံးဖြတ်ချက်ချခဲ့၏။ ဤအရာရှိအများစုမှာ စိတ်ပါလက်ပါ မရှိခဲ့ကြသော်လည်း ထိုမဆိုစလောက် အတွေ့အကြုံ သင်ခန်းစာများက NATO အုပ်စု၏ ကျယ်ပြန့် သော ထိပ်တိုက်ရင်ဆိုင်မှု စစ်မြေပြင်အတွက် ပိုမိုအသုံးကျလာပါသည်။
၁၉၉၄ ခုနှစ်၊ ဘောရစ်ဂရိုမော့ဗ်၏ စာအုပ်ကို ထုတ်ဝေချိန်၌ ရုရှားတပ်များသည် ချေချင်းညှာတောင်တန်းတစ်လျှောက် အစိုးရကိုဆန့်ကျင်သည့် သောင်းကျန်းသူများနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ အာဖဂန်နစ္စတန်တွင် တိုက်ခိုက်ခဲ့သည့် နည်းလမ်းများနှင့် ခပ်ဆင်ဆင်တူသော်လည်း လုံလုံးညီမျှခြင်းချ၍ ရသည်တော့မဟုတ်ပါ။ သို့သော် ဤစာအုပ်ကိုဖတ်၍ အတိတ်သင်ခန်းစာများမှတစ်ဆင့် အကျိုးရလဒ် ပေါ်ထွက်ခဲ့ကြောင်း တုံ့ပြန်ချက်များရခဲ့၏။ ရေးသူဂရိုမော့ဗ်ကိုယ်တိုင်ကတော့ ဤစစ်ပွဲနှစ်ခုကို တစ်ခါမှနှိုင်းယှဉ် မကြည့်ဖူးပါဟု ပြောပြပါသည်။
ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးခေါင်းဆောင် မစ်ခေးဂေါ်ဘာချက်ကတော့ အာဖဂန်စစ်ပွဲနှင့်ပတ်သက်၍ ဆိုဗီယက်ခေါင်းဆောင်ပိုင်း၏ ဆင်ခြင်သုံးသပ်မှု အားနည်းခဲ့ပုံနှင့် သင်ခန်းစာမယူတတ်ခဲ့ပုံကို အပြစ်တင်ခဲ့၏။ “ကျွန်တော် . . . ကျွန်တော်တို့စစ်တပ်ကို ပြောကိုပြောရတော့မယ်၊ သူတို့ ဒီစစ်ပွဲကနေ ကောင်းကောင်း မသင်ယူခဲ့ကြပါဘူး” ဟု ၁၉၈၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်၊ ပေါလစ် ဗျူရိုအစည်းအဝေး၌ ပြောကြားခဲ့၏။
အဆုံးသတ်ကောက်ချက်
အာဖဂန်နစ္စတန်ကို ကျူးကျော်စွက်ဖက်ခဲ့ခြင်းက ဆိုဗီယက်ကို မွဲပြာကျစေသည်သာမက ယူနီယံပြိုလဲသည်အထိ ဆွဲချသည့်အဖြစ် မဟုတ်ခဲ့သည့်တိုင်၊ အမေရိကန်သမ္မတများအနေနှင့် ဤအဖြစ်မှ သင်ခန်းစာယူစရာ ရှိပါသည်။ ခံရသူဘက်မှတွက်သော် ဤစွက်ဖက်မှုက အာဖဂန်တို့အတွက် နိုင်ငံတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရသော ဆိုးဝါးလှသည့် သမိုင်းဒဏ်ရာ ဒဏ်ချက်ဖြစ်ပါသည်။
ဆိုဗီယက်ခေါင်းဆောင်တို့အနေနှင့် အာဖဂန်နစ္စတန်နိုင်ငံတွင် သူတို့ကျူးလွန်ခဲ့သည့် အမှားများကို နောက်ဆုံးတွင် နားလည်သဘောပေါက်ပြီး ပြင်ဆင်ရန် ဆန္ဒရှိခဲ့ကြပါသည်။
သို့သော် အတိတ်တစ်ချိန်က မှားယွင်းခဲ့သည့် ဆုံးဖြတ်ချက်များစွာအတွက် ပြန်လည်၍ နောက်ဆုတ်လျှင်လည်း ရနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်နှင့် မဟာမိတ်များအတွက် ဤအမှားများမှ သင်ခန်းစာ ထုတ်ယူကြဖို့ လိုပါသည်။ သူ့အရပ်နှင့်သူ့ဇာတ်ဆိုသလို ရုရှားမှ ဥပဒေပြုအမတ်မင်းအချို့ကတော့ ဆိုဗီယက်တို့၏ အာဖဂန်ကို စွက်ဖက်မှုသည် ‘ဟုတ်သောအကြံ၊ မှန်သောအလုပ်’ ဖြစ်ကြောင်း သူ့နိုင်ငံသားများ လက်ခံလာစေရန် ကြိုးပမ်းနေကြဆဲဖြစ်ပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
