Top News

စိုက်ပျိုးစရိတ် မြင့်တက်မှုဒဏ်၊ အကျပ်အတည်း အခက်အခဲများနှင့် ရုန်းကန်နေရသည့် အညာတောင်သူများ
24htopnews | December 14, 2024 11:12 PM CST

(၁)

အညာဒေသတွင် မိုးလယ်ကာလ ရောက်မှသာ မိုးက ဖြိုင်ဖြိုင်ရွာသည်ဟု ဆိုရမည်။ မိုးကိုမျှော်နေကြသော အညာတောင်သူတို့အတွက် နောက်ကျမှ ရောက်လာသည့် မိုးဖြစ်သော်လည်း ရွှေမိုးငွေမိုးပင် ဖြစ်သည်။ မိုးကိုမျှော်၍ စိုက်ပျိုးနေကြရသည့် တောင်သူများအတွက် စိုက်ပျိုးရာသီချိန်တွင် ရွာသည့်မိုးသည် တောင်သူတို့အတွက် မျှော်လင့်ချက် မိုးလည်းဖြစ်သည်။ မိုးဦးကာလက မိုးခေါင်ခဲ့မှုကြောင့် အညာတောင်သူတို့ စိုက်ပျိုးထွန်ယက်ရန် အိပ်မက်သည် ဝေ၀ါး နေခဲ့ရသည်။

မိုးစပါးကို အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် ပျိုးထောင်ထားနိုင်သူ အနည်းငယ်သာ ရှိခဲ့သည်။ မိုးခေါင်နေသည့်အပြင် မတည်ငြိမ်သော ဒေသတွင်းနိုင်ငံရေး အခြေအနေများအရ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရမှုများလည်းရှိခဲ့ကြသည်။ ယခု မိုးလယ်ကာလ သို့ ရောက်ရှိလာချိန်တွင်

မိုးလယ်ကာလသို့ ရောက်ရှိလာချိန်တွင် အနောက်တောင်မုတ်သုံလေ အားကောင်း လာမှုကြောင့် အညာဒေသ၌ မိုးအဆက် မပြတ် ရွာသွန်း၍လာသည်။ မိုးစပါးစိုက်ပျိုးချိန်ဖြစ်ခြင်းကြောင့် တောင်သူများအနေဖြင့် အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရန်ပြင်ဆင်နေ ကြသည်။ ဆည်ရေသောက် တောင်သူများမှာ မူ မိုးစပါးကို အချိန်မီစိုက်ပျိုးနိုင်ကြသော် လည်း မိုးကောင်းသောက်တောင်သူများမှာ မိုးရွာမှ ပျိုးသာမည်ဖြစ်သည်။ မိုးကောင်း သောက်တောင်သူအချို့မှာ မိုးဦးကာလ အတွင်းက မိုးခေါင်နေမှုနှင့် ဒေသတွင်းနိုင်ငံ ရေးတည်ငြိမ်မှုမရှိခြင်း စသည့် အခက်အခဲ များကြောင့် ပျိုးထောင်ထားနိုင်ခြင်း မရှိ သဖြင့် စိုက်ပျိုးချိန်တွင် အခက်အခဲများ ကြုံ တွေ့နေကြရသည်။

နိုင်ငံရေးတည်ငြိမ်မှု မရှိသည့် ဒေသများမှ တောင်သူများမှာမူ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲနေကြဆဲဖြစ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် တောင်သူများလည်း အများအပြား ရှိနေဆဲဖြစ်သည်။

(၂)

“ဒီနှစ်က မိုးဦးခေါင်ခဲ့တော့ တောင်သူ အများစုက မိုးစပါးစိုက်ဖို့ ပျိုးထောင်ထားနိုင်သူ နည်းတယ်။ နောက်တစ်ချက်က မိုးဦးကာလက ကျွန်တော်တို့ရွာတွေဘက်မှာ နိုင်ငံ ရေးမတည်ငြိမ်တော့ ထွက်ပြေးပုန်းရှောင်နေ ရတာလည်းပါတာပေါ့။ လက်ရှိအချိန်မှာတော့ မိုးပုံမှန်ကောင်းနေတော့ လယ်ယာလုပ် ငန်းခွင်မှာ ပြန်ဆင်းပြီးလုပ်နေကြတယ်။ မိုး ဦးခေါင်ခဲ့လို့ အခုမှ မိုးစပါးစစိုက်ရတဲ့သူ တွေက စိုက်ပျိုးချိန်သိပ်မကျန်တော့ဘူး။  ဆည်ရေရတဲ့ တောင်သူတွေကတော့ စိုက်ပျိုး လို့ပြီးတဲ့သူက အများစုပေါ့။ ကျွန်တော်တို့ ဘက်က မိုးကောင်းသောက်ဆိုတော့ မိုးကိုပဲ အမြဲမျှော်နေရတာလေ။ အခု မိုးကောင်းနေ တော့လည်း စိုက်ပျိုးဖို့ ပျိုးမရှိကြတဲ့ တောင် သူတွေ အများကြီးပဲ။ ပျိုးရှိလို့ မိုးစပါးစိုက် တော့လည်း စိုက်ပျိုးစရိတ်တွေက အများကြီး တက်နေတယ်။ ဓာတ်မြေသြဇာစျေးတွေက လည်း အရင်ကထက်နှစ်ဆလောက် တက် သွားတယ်။ စက်သုံးဆီစျေးကလည်း အရမ်း တက်နေတယ်။ စိုက်ပျိုးဖို့အတွက် စိုက်ပျိုး စရိတ် အခက်အခဲဖြစ်နေသူတွေလည်း ရှိကြ တယ်။ စိုက်ဘဏ်ချေးငွေကလည်း မရကြ သေးဘူး။ တောင်သူတွေမှာ အခက်အခဲတွေ ကတော့ အမျိုးမျိုးပါပဲ” ဟု ခင်ဦးမြို့နယ်အတွင်းမှ မိုးကောင်းသောက်တောင်သူတစ်ဦးက ၎င်းတို့၏ ဒေသအခြေအနေအား ဖွင့် ဟ စကားဆိုသည်။

အညာဒေသတောင်သူများမှာ ယခုနှစ်တွင် ပိုမိုကျပ်တည်းသော အခြေအနေများဖြင့် ကြုံတွေ့နေရသည်ဟုဆိုပါက မှားမည်မဟုတ်ပေ။ ဖေဖော်ဝါရီလက စတင်ခဲ့သည့် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်များကြောင့် ပြည်သူအားလုံး အကျပ် အတည်း အခက်အခဲများဖြင့် ကြုံတွေ့နေပြီး ဆက်လက်ပြီးလည်း ကြုံတွေ့နေကြရဆဲဖြစ် သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၅ ရာခိုင် နှုန်းကျော်နေထိုင်ကြသည့် ကျေးလက်ဒေသ နေတောင်သူများမှာလည်း နိုင်ငံရေးအကျပ် အတည်းများနှင့်အတူ အခက်အခဲများစွာဖြင့် ကြုံတွေ့နေရသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးကြသည့် ကျေး လက်ဒေသနေတောင်သူများမှာ ယခုနှစ် စိုက်ပျိုးရာသီတွင် အထွေထွေစိုက်ပျိုးစရိတ် မြင့်တက်မှုများနှင့် ရင်ဆိုင်နေကြရသည်။

တောင်သူအများစု ကြုံတွေ့နေရသည့် အဓိကအခက်အခဲများမှာ နယ်မြေဒေသ အချို့တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်မှုမရှိခြင်း၊ ဒေသတွင်း တိုက်ပွဲအချို့ဖြစ်ပွားနေမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရ ခြင်း၊ ကုန်စျေးနှုန်း မြင့်တက်နေမှုကြောင့် စိုက်ပျိုးရေးသုံး ပစ္စည်းများနှင့် သွင်းအားစု များ စျေးနှုန်းအဆမတန် မြင့်တက်နေခြင်း၊ ငွေကြေးရှားပါးနေခြင်း စသည့် အခက်အခဲ များဖြင့် ကြုံတွေ့နေရကြောင်း တောင်သူ များထံမှ စုံစမ်းသိရှိရသည်။ လက်ရှိတွင် မိုး စပါးစိုက်ပျိုးနေသည့် တောင်သူများ၊ ယာ သီးနှံကို စိုက်ပျိုးလျက်ရှိသည့်တောင်သူများမှာ ဓာတ်မြေသြဇာစျေးမြင့်တက်မှု စက်သုံးဆီစျေးမြင့်တက်မှုတို့ဖြင့် ကြုံတွေ့နေရသည့် အပြင် အခြားအထွေထွေစိုက်ပျိုးစရိတ်များ မြင့်တက်လာနေမှုတို့ဖြင့် ကြုံတွေ့နေရသည်။ လက်ရှိ ဓာတ်မြေသြဇာစျေးနှုန်းမှာ တစ် အိတ်လျှင် အမျိုးအစားအပေါ်မူတည်၍ကျပ် ငါးသောင်းမှ ကျပ်ခြောက်သောင်းကျော် အထိ စျေးနှုန်းများ မြင့်တက်လျက်ရှိကာ စိုက် ပျိုးရေးသုံး ဆေးအချို့လည်း စျေးနှုန်းများမြင့် တက်လျက်ရှိသည့်အပြင် စက်သုံးဆီစျေးနှုန်း များမှာလည်း မြင့်တက်လျက်ရှိသည်။

(၃)

မိုးနည်းရပ်ဝန်းဒေသဖြစ်သည့် အညာ ဒေသမှ တောင်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကအားထား၍ အသက် မွေးကာ လုပ်ကိုင်နေကြခြင်းဖြစ်သည်။ နှစ် စဉ် မိုးခေါင်မှုဒဏ်ကြောင့် ဆည်ရေဖြင့်စိုက် ပျိုးနိုင်သည့် ဒေသများမှအပ ကျန်မိုးကောင်း သောက်ဒေသများ၌ သီးနှံများစိုက်ပျိုးနိုင်မှု မရှိခြင်း၊ စိုက်ပျိုးပြီးသီးနှံများ ထိခိုက်ပျက်စီး ခြင်း၊ ပိုးမွှားများ ကျရောက်ဖျက်ဆီးခြင်း စသည့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဒဏ်ကို ခံစားနေကြရသည်မှာ နှစ်ကာလကြာ မြင့်လာခဲ့ပြီဖြစ်သည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဖြစ်စဉ်များအနက် မိုးခေါင်မှု အပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် စိုက်ခင်းများအတွင်း ရေဝင်နစ်မြုပ်ကာ ထိ ခိုက်ပျက်စီးမှုများလည်း ရှိနေပြန်သည်။

လက်ရှိတွင် အညာဒေသရှိတောင် သူများမှာ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များအတွင်း မြေစာပင်များသဖွယ်ဖြစ်နေကြရ သည်။ ယခင်က ရာသီဥတုပြောင်းလဲဖောက်  ပြန်မှု၏ဒဏ်ကိုသာ တောင်သူများခံစားခဲ့ ကြရသည်။  စိုက်ပျိုးရေးလုပ်ငန်းများ များစွာထိခိုက်လာပါက နိုင်ငံတွင်း စားနပ်ရိက္ခာဖူလုံ မှုကိုပါ ထိခိုက်လာနိုင်ပြီး ကုန်စျေးနှုန်းမြင့် တက်မှုကပါ နောက်မှထပ်ချပ် မကွာ လိုက်ပါ လာမည်မှာလည်း အမှန်ပင်ဖြစ်သည်။

လက်ရှိတွင် ကုန်စျေးနှုန်းအများစု မြင့် တက်လာနေမှုနှင့်လည်း ကြုံတွေ့နေကြရပြီ လည်း ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် စပါးအပါအဝင်သီးနှံမျိုးစုံ စုစုပေါင်း စိုက်ပျိုး နိုင်မှုမှာ ဧကပေါင်း ၄ ဒသမ ၆ သန်းကျော် ရှိပြီး နှစ်စဉ် မိုးစပါးစိုက်ဧက ၁၈ သိန်းကျော် စိုက်ပျိုးပြီး အခြားမိုးသီးနှံများကို ဧကသုံး သန်းကျော်ခန့် စိုက်ပျိုးကြောင်း တိုင်းဒေသ ကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယား များအရ သိရသည်။

(၄)

မြန်မာနိုင်ငံ၏စီးပွားရေးမှာ အခြား သောကဏ္ဍများစွာရှိသော်လည်း စိုက်ပျိုးရေး နှင့်မွေးမြူရေးကဏ္ဍကို အဓိကအခြေခံအား ထားပြုနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း ၇၀ ကျော် မှာ ကျေးလက်ဒေသတွင်အများဆုံးနေထိုင် ကြပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကစိုက် ပျိုးလုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးကဏ္ဍအသီးသီးမှထွက်ရှိလာသည့် ထုတ်ကုန်များ ကို ပြည်တွင်းစားသုံးမှုပမာဏ၊ အရန်သို လှောင်ထားရှိမှုမှအပ ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ထိုသို့ ပြည် တွင်းစားသုံးမှု၊ အရန်သိုလှောင်ထားရှိမှု အပါအဝင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုရှိ ရန်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဓိက မှီခိုနေရခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍမှ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ နှင့် ပြည်ပပို့ကုန်၏ ပို့ကုန်ဝင်ငွေ ၂၅ ရာ ခိုင်နှုန်းကို ရှာဖွေပေးလျက်ရှိသဖြင့် စိုက်ပျိုး ရေးကဏ္ဍသည် နိုင်ငံ၏ အဓိကအရေးပါ သော အခန်းကဏ္ဍ၌ တည်ရှိနေသည်ကို ပြသလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏အရေးပါသောနေရာတွင် ရပ် တည်လျက်ရှိသော်လည်း ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများဖြစ်သည့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ပိုးမွှားကျရောက် ဖျက်ဆီးခြင်း စသည်တို့အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကြောင့်လည်း စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်မှုများဖြစ်ပေါ်စေသည်။

(၅)

မြန်မာနိုင်ငံအတွင်းသို့ ဇွန်လအတွင်းက စတင်ဝင်ရောက်လာခဲ့သည့် အနောက်တောင်မုတ်သုံလေသည် များမကြာမီကာလအတွင်း မြန်မာနိုင်ငံအထက်ပိုင်းမှ စတင်ဆုတ်ခွာတော့မည်ဖြစ်ပြီး တဖြည်းဖြည်းနှင့်  နိုင်ငံတစ်ဝန်းလုံးမှဆုတ်ခွာသွားတော့မည်ဖြစ်သည်။ မကြာမီလပိုင်းအတွင်း မိုးဥတုကုန်ဆုံးတော့မည်ဖြစ်ကာ ဆောင်းဥတုသို့ ကူးပြောင်းရောက်ရှိလာတော့မည် ဖြစ်သည်။ တောင်သူတို့၏ မိုးသီးနှံစိုက်ပျိုးချိန်မှာလည်း ယခု စက်တင်ဘာလသည် မိုးစပါးနောက်ဆုံးစိုက်ပျိုးချိန်ဖြစ်ပြီး အခြားမိုးသီးနှံများမှာလည်း အချိန်အနည်းငယ်ခန့်သာ ကျန်ရှိတော့ကာ ဆောင်းသီးနှံစိုက်ပျိုးချိန်သို့ ကူးပြောင်းရောက်ရှိလာတော့မည်လည်း ဖြစ်သည်။

ယခုနှစ်သည် တောင်သူတို့အတွက် အကျပ်အတည်းအခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ အခက်အခဲများစွာကြုံတွေ့ခဲ့ရသကဲ့သို့ ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှု

ဒဏ်ကိုပါ အလူးအလဲခံစားခဲ့ကြရသည်။ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေကြသည့် တောင်သူများမှာလည်း အထွေထွေစိုက်ပျိုးစရိတ်များမြင့်တက်မှု ငွေကြေးရှားပါးမှုပြဿနာနှင့် စက်သုံးဆီစျေးမြင့်တက်မှု အစရှိသည့်

အခက်အခဲများကို ကြုံတွေ့ခဲ့ရသည်။ ယခုနှစ်သည် တောင်သူများအတွက် အခက်အခဲများနှင့်အတူ ကျပ်တည်းစွာဖြင့် ရုန်းကန်ခဲ့ရ၊ ရုန်းကန်နေရဆဲ နှစ်တစ်နှစ်ဖြစ်ခဲ့သည်။

ရာသီစက်ဝန်းသည် ပုံမှန်အတိုင်းပင် လည်ပတ်လျက်ရှိသည်။ ထိုသို့ ဥတုရာသီ၏စက်ဝန်းသည် ပုံမှန်အတိုင်း နွေ၊ မိုး၊ ဆောင်းဟူ၍ ဥတုသုံးလီလည်ပတ်၍နေခဲ့သော်လည်း တောင်သူတို့၏ပစ္စက္ခ အခြေအနေများမှာ ပုံမှန်မဟုတ်သောလည်ပတ်မှုများနှင့် လှုပ်ရှားရုန်းကန်နေကြရသည်။ မကြာမီ မိုးဥတုကုန်ဆုံးတော့မည်ဖြစ်သည်။ ဒေသတွင်းတိုက်ပွဲများကြောင့် တိမ်းရှောင်နေကြရသည့် တောင်သူများမှာ မိုးသီးနှံထွန်ယက်စိုက်ပျိုးထားနိုင်ခြင်းမရှိသေးပါက စားဝတ်နေရေးအတွက် အခက်အခဲများနှင့်ကြုံတွေ့လာရတော့မည်ဖြစ်သည်။ မိုးသီးနှံထွန်ယက်စိုက်ပျိုးထားသည့် တောင်သူများမှာလည်း ကုန်စျေးနှုန်းမြင့်တက်မှုအောက်တွင် သီးနှံအထွက်နှုန်းအောင်မြင်ရန် ခက်ခဲစွာရုန်းကန်ကြရပေဦးမည်။

ယခုနှစ်သည် တောင်သူတို့အတွက် စိုက်ပျိုးရေးနှင့်ပတ်သက်၍ပြောဆိုရပါက စိုက်ပျိုးရေးပြဿဒါးနှစ် ဖြစ်ခဲ့ရသည်။ ဒေသတွင်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကြုံတွေ့နေကြရသည့်တောင်သူများမှာလည်း ကျွဲနှစ်ကောင်ခတ်သည့်ကြား

မှ မြေစာပင်များသဖွယ် ကြုံတွေ့နေကြရသည်။ ယခုနှစ်သည် တောင်သူတို့အတွက် ခက်ခဲပင်ပန်းစွာရုန်းကန်ခဲ့ရပြီး ဆက်လက်၍လည်း ရုန်းကန်နေရဆဲဖြစ်သည်။ ရှေ့ဆက်ရမည့် လမ်းခရီးသည်လည်း မရေရာမသေချာသေးသော

မျှော်လင့်ချက်များနှင့်အတူ အားတင်းကာဖြင့် ဆက်လက်လျှောက်လှမ်းနေကြရဦးမည် ဖြစ်သည်။

 


READ NEXT
Cancel OK