Top News

လေးလတာ အပစ်အခတ် ရပ်စဲရေး မည်သို့ ပုံဖော်ကြမည်နည်း
24htopnews | December 14, 2024 11:12 PM CST

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို ထိန်းသိမ်းထားပြီးနောက် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆက်ဆံရေးမှာ အေးစက်သွားခဲ့သည်။

ယခင်က တပ်မတော်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) သည်ပင် နိုင်ငံရေး အပြောင်းအလဲ၏ဂယက်ကြောင့် တပ်မတော်နှင့် KNU အကြား လက်ရှိအချိန်အထိ ဆက်ဆံရေးပြတ် တောက်နေဆဲဖြစ်သည်။

တပ်မတော်ကမူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်၍ ၎င်းတို့၏သဘောထားမှာ NCA အတိုင်းသာ ရပ်တည်ထားကြောင်း  ထုတ်ပြန်ပြောဆိုထားသည်။

နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ နေပြည်တော်တွင် တပ်မတော်နှင့် တွေ့ဆုံမှု အချို့ရှိခဲ့သော်လည်း အများစုကမူ တပ်မတော်နှင့် ဆက်ဆံရေးဖြတ်တောက်ထား သည်။

ထိုသို့ ဆက်ဆံရေးပြတ်တောက်နေသော်လည်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်က တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုများရှိနေသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ စီစဉ်မှုတွင် တွေ့ဆုံဆွေးနွေးသည့်အခါ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ပါဝင်သော ဆွေးနွေးပွဲဖြစ်မြောက်ရေးလည်း ပါ ဝင်နေသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များဘက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သည်။

PPST အနေဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေး အတွက် NCA စာချုပ်ကို အခြေခံ၍ ဖြေရှင်းနိုင်ရန် ကြိုးစားရာတွင် NCA စာချုပ် ချုပ်ဆိုရာ၌ အသိသက်သေအဖြစ် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည့် နိုင်ငံများကိုလည်း ကြား ဝင်စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးရန် မေတ္တာ ရပ်ခံထားသည်။

“မိမိတို့ တိုင်းပြည်ဟာ နိုင်ငံရေးအကျပ် အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့လာရတာ အခု ဆိုရင် ခုနစ်လကျော်လာပြီဖြစ်ပါတယ်။ ဒီနိုင်ငံရေး အထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ပြည်တွင်းပြည်ပ သက်ဆိုင်တဲ့ အဖွဲ့ အစည်းများအားလုံးက နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ပေးမဲ့ အခုထက်ထိ ဖြေရှင်းနိုင်ခြင်း မရှိခဲ့တာကို အားလုံးသိပြီးဖြစ်ပါတယ်” ဟု စက်တင်ဘာ ၇ ရက်အစည်းအဝေးတွင် PPST  ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင်၊ မွန် ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း က ပြောကြားသည်။

တစ်ဖက်တွင် နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရသကဲ့သို့ တစ်ဖက်တွင်လည်း COVID-19 ကပ်ရောဂါကို ခုခံကာကွယ် နေရပြီး အဆိုပါ နိုင်ငံရေး အကျပ်အတည်းနှင့် ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအ တွက် PPST က နည်းလမ်းရှာဖွေ ကြိုးစားနေ သည်ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင် အောင်မင်းက ပြောကြားသည်။

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အာဆီယံက ချမှတ်ထားသည့် အာဆီယံသဘော တူညီချက်ငါးချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မကြာမီ မြန်မာနိုင်ငံသို့ လာရောက်မည့် အာဆီယံအထူး ကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Erywan Yusof နှင့် တွေ့ ဆုံဆွေးနွေးနိုင်ရေးကိုလည်း PPST ဘက်က ကြိုးစားနေသည်။

လက်ရှိ မြန်မာနိုင်ငံရင်ဆိုင်နေရသော အထွေထွေအကျပ်အတည်းကြောင့် ဒုက္ခရောက်နေသော ပြည်သူလူထုကို ကူညီ ထောက်ပံ့မှုများ ပေးနိုင်ရေးအတွက် လေးလတာ အပစ်အခတ်ရပ်စဲပေးရန် အာဆီယံအ ထူးကိုယ်စားလှယ် Mr. Erywan Yusof က တောင်းဆိုထားပြီး PPST က အဆိုပါလုပ်ငန်း စဉ်အတွက် အာဆီယံအထူးကိုယ်စားလှယ် နှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိ ကြောင်း ပြောကြားထားသည်။ 

စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြု လုပ်ခဲ့သည့် PPST ၏ အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်း နိုင်ရေးအတွက် နိုင်ငံရေးရည်မှန်းချက် ခုနစ် ရပ်ကို ချမှတ်နိုင်ခဲ့သည်။   

တပ်မတော်က နိုင်ငံတော်၏ အာဏာ အရပ်ရပ်ကိုရယူပြီးနောက် ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးခေါင်းဆောင်များနှင့် လူပုဂ္ဂိုလ်များအားလုံးကို အမြန်ဆုံး ပြန်လွှတ် ပေးပြီး နိုင်ငံရေးမတူညီမှုများအား အမြန်ဆုံး ဆွေးနွေးအဖြေရှာသွားရေးသည် PPST က ချမှတ်ခဲ့သော နိုင်ငံရေးရည်မှန်းချက် ခုနစ် ရပ်တွင် ပါဝင်ခဲ့သည့်။

အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် သက်ဆိုင်သူများအားလုံးပါဝင်ပြီး နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများ၊ နိုင်ငံရေးနည်းလမ်းများဖြင့် အဖြေရှာသွားရေး၊ တိုင်းပြည်၏ အာဏာကို အရပ်သားကိုယ်စားလှယ်များ အုပ် ချုပ်မှုနှင့် ဒီမိုကရေစီမူဘောင်အတွင်း လျင် မြန်စွာ ပြန်လည်လွှဲပြောင်းရေးအတွက် ဝိုင်း ဝန်းအဖြေရှာရေးတို့ကို PPST က ၎င်းင်းတို့၏ နိုင်ငံရေးရည်မှန်းချက် ခုနစ်ရပ်တွင် ထည့် သွင်းချမှတ်ခဲ့သည်။

ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် တိုင်းပြည်၏ အခြေခံ အဆောက်အအုံး (Institutions) များကို ပြု ပြင်ပြောင်းလဲမှုများ (Reforms) ပြုလုပ်ရေး၊ တိုင်းပြည်ရေရှည်တည်တံ့ရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးတို့ကို ရှေးရှုပြီး လူထုကို ကာကွယ်မှုပေးသော လုံခြုံရေးစနစ် တည်ဆောက်ရေးတို့သည်လည်း PPST ၏ နိုင်ငံ ရေးရည်မှန်းချက်ခုနစ်ရပ်တွင် ပါဝင်ခဲ့သည်။ 

ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးခြင်းနှင့် ပြည်သူလူထု၏ ဆုံးရှုံးနစ်နာမှုများအတွက် ဘဝပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ကုစားရေး အစီအစဉ်များ ဆောင်ရွက်သွားရန်၊ ရေရှည်တည်ငြိမ် ငြိမ်းချမ်းသာယာဝပြော ဖွံ့ဖြိုးတိုး တက်ရေးကို ဦးတည်ပြီး ဖက်ဒရယ်ဒီမိုကရေ စီပြည်ထောင်စုကို တည်ဆောက်သွားရန် လည်း PPST က နိုင်ငံရေးရည်မှန်းချက်ချ မှတ်ခဲ့သည်။

PPST အစည်းအဝေး၏ နိဂုံးချုပ် မိန့် ခွန်းကို PPST အဖွဲ့ဝင်ဖြစ်သူ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့သည်။

NCA-S EAO အနေဖြင့် တိုင်းရင်း သား ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ စစ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့ကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြား သည်။

လက်ရှိအချိန် မျက်မှောက်မြန်မာ့နိုင်ငံ ရေးလောကသည် အရှုပ်ထွေးဆုံး၊ အခက်ခဲ ဆုံးအချိန်နှင့် ရင်ဆိုင်နေရသည့်အတွက် လွယ်ကူစွာ ဖြေရှင်း၍ရနိုင်မည်မဟုတ်ပေ။

တောင်ပိုင်းအခြေစိုက်လက်နက်ကိုင် အဖွဲ့အစည်းများအနက် KNUတပ်မဟာ (၅) နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှု များ ရှိနေသကဲ့သို့ မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတ ချို့နှင့် တပ်မတော်အကြားတွင်လည်း တိုက် ပွဲဖြစ်ပွားမှုများ ရှိနေသည်။

မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနက် KIA, MNDAA, TNLA တို့နှင့် တပ်မတော်အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေဆဲ ပင်ဖြစ်သည်။

ထို့ပြင် တည်ဆဲအစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံထားရ သည့် PDF နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြားတွင်လည်း မြို့ပြပျောက်ကျားတိုက်ပွဲ ပုံစံ ထိတွေ့မှုများက နေ့စဉ်ရှိနေသည်။

NUG က အရေးပေါ်အခြေအနေ ကြေညာပြီးသည့်နောက်တွင် ထိတွေ့တိုက်ပွဲများက ပုံစံမျိုးစုံဖြင့် ဒေသတချို့တွင် ဖြစ်ပွားလာသည့်အတွက် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေက ပိုမိုရှုပ်ထွေးလာလျက်ရှိနေသည်။

NUG ၏ အရေးပေါ်ကြေညာချက်နှင့် ပတ်သက်၍ အစိုးရက ဆက်စပ်မှုရှိနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ ဆက်သွယ်စုံစမ်းမှုများ ပြုလုပ်ခဲ့သော် လည်း အများစုက အဆိုပါကိစ္စသည် ၎င်းတို့ နှင့် သက်ဆိုင်မှုမရှိကြောင်း ဖြေကြားခဲ့ကြသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စက်တင်ဘာ ၉ ရက်တွင် ပြောကြားထားသည်။

PPST ကမူ အဆိုပါ ကြေညာချက်သည် ထူးခြားသော အခြေအနေတွင် နိုင်ငံရေး တောင်းဆိုချက်အရ NUG ၏ နိုင်ငံရေးကြိုး ပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ဗိုလ်မှူး ကြီးစိုင်းငင်းက PPST အစည်းအဝေး နောက် ဆုံးနေ့တွင် ထည့်သွင်းပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင် ရာအကူအညီများ ပေးအပ်နိုင်ရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်က လေးလ တာ အပစ်အခတ်ရပ်စဲပေးရန် တောင်းဆို ထားသော်လည်း လက်ရှိအခြေအနေအရ အဆိုပါတောင်းဆိုချက်မှာ ဖြစ်လာနိုင်ခြေ အလွန်အားနည်းနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား တစ်စုံတစ်ရာ သဘောတူညီမှုမရှိ ဘဲ တိုက်ပွဲများ ရုတ်တရက် ရပ်တန့်နိုင်ခဲ့သော် လည်း အဆိုပါအခြေအနေသည် အချိန်မရွေး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်သည့် အခြေ အနေမျိုးဖြစ်သည်။

NCA စာချုပ် လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် တပ်မတော်အကြား အပစ်အ ခတ်ရပ်စဲရေးကို NCA စာချုပ်ကို အကြောင်း ပြု၍ တစ်နည်းတစ်ဖုံ ဆောင်ရွက်နိုင်သော် လည်း ဆွေးနွေးမှုများနှင့် သဘောတူညီမှုများ မရှိသော လက်နက်ကိုင်အဖွဲ့အစည်းများ အကြား တိုက်ပွဲများကို မည်သို့ရပ်စဲကြမည်ဆို သည်မှာ မေးခွန်းထုတ်ဖွယ်ရာပင်ဖြစ်သည်။

တည်ဆဲအစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် တည်ငြိမ်အေးချမ်းလုံခြုံမှုအတွက် အစွမ်းကုန် ကြိုးစားနေသည်ဟု ဆိုသော် လည်း ပစ်ခတ်မှုများက နေ့စဉ်ရှိနေသည်။ 

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် ပြည်မများတွင် မည်သည့်အချိန် အခါတွင်မဆို လက်နက်ကိုင်တိုက်ပွဲများကို ပုံစံမျိုးစုံဖြင့် မြင်တွေ့ရနိုင်သည်။

ထို့ကြောင့် အာဆီယံ အထူးကိုယ်စား လှယ်က တောင်းဆိုထားသည့် လေးလတာ အပစ်အခတ်ရပ်စဲရေးကို မည်သို့ပုံဖော်နိုင် မည်နည်း။

ပြည်သူလူထုသည် လက်နက်ကိုင်တိုက်ပွဲများနှင့် ကပ်ရောဂါအကြားတွင် ဆိုးရွားခါးသီးသော ဆိုးကျိုးများကို ခံစားနေရသည်။


READ NEXT
Cancel OK