Top News

ရွေးကောက်ပွဲစနစ် ပြောင်းလဲခြင်းက အဖြေတစ်ခုလား
24htopnews | December 14, 2024 11:12 PM CST

မြန်မာနိုင်ငံတွင် အချိုးကျ ကိုယ်စားပြုသည့် ရွေးကောက်ပွဲစနစ် (PR) ကျင့်သုံးရန် ဆွေးနွေးမှုများကို နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်သည့် ဖေဖော်ဝါရီမှစ၍ ကျယ်ပြန့်စွာ ပြန်လည်တွေ့ရှိလာရသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၀ ကျော် ပထမအကြိမ် တွေ့ဆုံညှိနှိုင်းမှုတွင် ပါတီအချို့က PR စနစ် ပြောင်းလဲကျင့်သုံးရန်အဆိုကို တင်ပြခဲ့ကြသည်။

“အဲဒီနေ့တုန်းက ပထမဆုံးအဆိုကို ကျွန်တော်တင်သွင်းတာပါ။ ရွေးကောက်ပွဲစနစ်ကို ပြန်လည်စဉ်းစားဖို့ပေါ့။ အဲဒီလို စဉ်းစားတဲ့အခါမှာ အားလုံးပါဝင်တဲ့ All Inclusive ဖြစ်ဖို့၊ ပါတီစုံဖို့အတွက် ရွေးကောက်ပွဲ စနစ်အဟောင်းနဲ့သွားနေလို့ မသင့်တော်ဘူးဆိုတာကို ကျွန်တော် တင်ပြတာပါ” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အထွေထွေ အတွင်းရေးမှူး ဦးအောင်ဇင်က ပြောကြားသည်။

ထိုသို့ အဆိုပြုမှုအပေါ် ဆွေးနွေးပွဲတက်ရောက်သည့် အခြားပါတီသုံးခုက ထောက်ခံဆွေးနွေးပြီးနောက် ရွေးကောက်ပွဲကော်မရှင်က PR စနစ် ကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်စရာရှိသည်များကို ခြေလှမ်းပြင်လာခဲ့သည်။

အချိုးကျ ကိုယ်စားပြုစနစ် (PR) နှင့်ပတ်သက်၍ လေ့လာသုံးသပ်ချက်နှင့် အကြံပြုချက်များ ပေးပို့နိုင်ကြောင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကော်မရှင်က စတင်အကြောင်းကြားခဲ့သည်။ 

ပါတီများထံ ကော်မရှင်၏ အဆိုပါ အကြောင်းကြားစာတွင် PR စနစ်ကို မည်သည့်အချိန်၊ မည်သည့်လွှတ်တော်တွင် စတင်အသုံးပြုသင့်ကြောင်း အကြံပြုချက်များ ပေးပို့ရန်ဟု ဖော်ပြပါရှိပြီး ယင်းသို့တောင်းဆိုရခြင်းမှာ ဖေဖော်ဝါရီ ၂၆ ရက် ဆွေးနွေးပွဲတွင် ပါတီအချို့က PR စနစ် ပြောင်းလဲကျင့်သုံးရန် တင်ပြခြင်းကြောင့်ဟု တစ်ဆက်တည်း ဖော်ပြထားသည်။ 

အနီးစပ်ဆုံးဖြစ်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အပါအဝင် ၂၀၁၀၊ ၂၀၁၅ နှင့် ၁၉၉၀   အထွေထွေရွေးကောက်ပွဲတို့တွင် မဲများသူအနိုင်ရသည့် ရွေးကောက်ပွဲစနစ် (FPTP) ကိုသာ ကျင့်သုံးခဲ့သည်။  

သို့တိုင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ ပထမအကြိမ်လွှတ်တော်ကျင်းပနေစဉ် ကာလအတွင်း PR စနစ်နှင့် ပတ်သက်၍ အဆိုတင် ဆွေးနွေးမှုများရှိခဲ့ပြီး မအောင်မြင်ခဲ့ခြင်းကြောင့်သာ FPTP စနစ်ဖြင့် ရွေးကောက်ပွဲများ ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုတွင်မူ နိုင်ငံတော် တာဝန်ရယူထားသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က အားလုံးပါဝင်နိုင်ပြီး အချိုးကျ ကိုယ်စားပြုသည့် PR စနစ် ကျင့်သုံးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားထားခြင်းကြောင့် ယင်းစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း NDF ပါတီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ဇင်က ပြောကြားသည်။

“အခုအိမ်စောင့်အစိုးရရဲ့ စေတနာအရဆိုရင်တော့ PR စနစ် ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးအောင်ဇင်က ပြောကြားသည်။

အားလုံး ပါဝင်နိုင်ပြီး အချိုးကျကိုယ်စားပြုသည့် PR စနစ် ကျင့်သုံးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်၂၃ ရက်က ပြုလုပ်သည့် ကောင်စီအစည်းအဝေးတစ်ခုတွင် အတိအလင်း ပြောကြားခဲ့သည်။ 

၎င်းသည် စတုတ္တအကြိမ် ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွင်လည်း PR စနစ်ကို စဉ်းစားသင့်ကြောင်း ပြောကြားခဲ့ဖူးပြီး လက်ရှိတွင် ယင်းစနစ်ကျင့်သုံးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဆိုလာခဲ့ခြင်းဖြစ်သည်။

အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation - PR) သည် ပါတီများအနိုင်ရရှိသည့် ရာခိုင်နှုန်းကို အချိုးချကာ လွှတ်တော်တွင်း ကိုယ်စားလှယ်နေရာ ခွဲဝေရယူသည့် စနစ်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် နေရာခွဲဝေရရှိခြင်းကြောင့် ပါတီငယ်များနှင့် တိုင်းရင်းသားလူမျိုးစုပါတီများ ကိုယ်စားပြုခွင့်ကို ပိုမိုအားပေးရာရောက်စေမည်ဟု PR စနစ်ကို အပြုသဘောရှုမြင်သူများက မှတ်ချက်ပြုသည်။

“အဲဒီစနစ် (PR) ကို ကြိုက်တာတော့ အမှန်ပါပဲ။ ဒါကအချိုးကျဆိုတော့ တို့တိုင်းရင်းသားတွေ လွှတ်တော်ထဲမှာဖြစ်ဖြစ် အုပ်ချုပ်ရေးပိုင်းမှာဖြစ်ဖြစ် နေရာများ ဝင်ယူနိုင်မလားပေါ့။ နောက်ပြီးတော့ ပါတီကြီးတစ်ခုတည်းကပဲ၊ ဘယ်ပါတီဖြစ်ဖြစ်ပေါ့။ စိုးမိုးတာထက်ကို ပါတီစုံက မျှမျှတတလေး အချိုးကျဝင်တယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် ထောက်ပြကြတာတို့ ၊ ညှိနှိုင်းဆွေးနွေးတာတို့ ဝေဖန်တာတို့ဆို တိုင်းပြည်အတွက် ကောင်းတယ်လို့ ယူဆတဲ့အတွက် ကြိုက်ရခြင်း ဖြစ်ပါတယ်” ဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။

ထိုသို့တောင်းဆိုမှုများ ရှိသည့်တိုင် PR စနစ် ပေါ်ပေါက်လာရေးအတွက် အတားအဆီးများလည်း ရှိနေပြီး ယင်းမှာ၂၀၀၈ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည်။

အခြေခံဥပဒေတွင် မည်သည့်စနစ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ရမည်ဟု မပါရှိသော်လည်း မြို့နယ်ကို အခြေခံတွက်ချက်သည့် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် PR စနစ် ကျင့်သုံး၍မရပေ။

အဆိုပါ လွှတ်တော်များအတွက် PR စနစ် ကျင့်သုံးမည်ဆိုလျှင် အခြေခံဥပဒေကို ပြင်ဆင်ရမည်ဟု လေ့လာသူများက ဆိုသည်။

“ပထမဆုံးကတော့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ရမှာပေါ့။ ဘာကြောင့်တုန်းဆိုရင် ဒီအချိုးကျကိုယ်စားပြုစနစ် PR က မဲဆန္ဒနယ်တစ်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်တည်း ရွေးကောက် တင်မြှောက်ရမယ်ဆိုရင် အဲဒါလုပ်လို့မရဘူး။ သူက မဲဆန္ဒနယ်တစ်နယ်မှာ ကိုယ်စားလှယ် နေရာနှစ်နေရာထက်ပိုမှ အချိုးချပြီးတော့ ယူလို့ရတယ်။ PR စနစ်ကို ကျင့်သုံးလို့ရမယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က ပြောကြားသည်။

၂၀၀၈  အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ကို တစ်မြို့နယ်လျှင် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နှုန်းဖြင့် မြို့နယ်ပေါင်း ၃၃၀ အတွက် လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ရွေးကောက်ရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် တစ်မြို့နယ်လျှင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသာ ကန့်သတ်ရွေးကောက် တင်မြှောက်ခွင့်ရှိသည်။

အမျိုးသားလွှတ်တော်အတွက် တိုင်းနှင့်ပြည်နယ်တစ်ခုလျှင် လွှတ်တော်ကိုယ်စားလှယ် ၁၂  ဦးစီဖြင့် အများဆုံး ၂၂၄ ဦးသာ ရွေးကောက်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးလျှင် ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

ယင်းသို့ ကျင်းပရာတွင် မည်သည့်ရွေးကောက်ပွဲစနစ်ဖြင့် ကျင်းပမည်ဟု တစ်ပါတည်း ဖော်ပြထားခြင်း မရှိသော်လည်း ရွေးချယ်ခံကိုယ်စားလှယ်၊ ရွေးချယ်တင်မြှောက်မှုစနစ်နှင့် ပတ်သက်၍ ပြင်ဆင်စရာများရှိကြောင်း၊ တာဝန်ယူချိန်ကာလအတွင်း ပြင်ဆင်၍ရသည်များကို ပြင်ဆင်ဆောင်ရွက်သွားမည်ဟု သြဂုတ် ၂၃ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

လက်ရှိအထိ နိုင်ငံရေးပါတီကိုးခုထံမှ PR စနစ်နှင့်ပတ်သက်သည့် စာတမ်းများရရှိထားပြီး  ပြီးခဲ့သည့်လွှတ်တော်များတွင် PR စနစ်ကျင့်သုံးနိုင်ရေးနှင့်ပတ်သက်သည့် စာတမ်းများရှိသလို ကော်မရှင်အနေဖြင့်လည်း လေ့လာသုံးသပ်ထားချက်များ ရှိထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မေ ၁၅ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

“ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ရင် အမျိုးသားလွှတ်တော်ဆိုရင် ဆောင်ရွက်လို့ရတဲ့ အနေအထားမျိုး ရှိပါတယ်။ ပြည်သူ့လွှတ်တော်တို့၊ တိုင်းဒေသကြီးလွှတ်တော်တို့ဆိုရင်လည်း လိုအပ်တဲ့ဥပဒေကို ပြင်ဆင်လိုက်ရင် ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုး ကျွန်တော်တို့ ကနဦးတော့ သုံးသပ်တွေ့ရှိရပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

PR စနစ်တွင် မျိုးကွဲများစွာရှိကာ ရှင်းလင်းလွယ်ကူသည့် နည်းလမ်းများလည်းရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့်စနစ်ဆိုလျှင် နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ရမည့် အနေအထားရှိကြောင်း ၎င်းကဆိုသည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများ ရရှိပြီးဖြစ်တဲ့အတွက် ပြင်ဆင်နိုင်တဲ့ ဥပဒေများကို ပြင်ဆင်နိုင်ပါတယ်။ နည်းဥပဒေကတော့ ကော်မရှင်ရဲ့ ပြင်ဆင်ပိုင်ခွင့် ဖြစ်ပါတယ်။ အမိန့်ကြေညာစာနဲ့ ပြင်လို့ရပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

မဲများသူ အနိုင်ရစနစ် (First Past the Post - FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation - PR) နှစ်ခုစလုံးတွင် အားသာချက်၊ အားနည်းချက် ကိုယ်စီရှိသော်လည်း ဒီမိုကရေစီနိုင်ငံအများစု၌ ယင်းစနစ်နှစ်မျိုးကိုသာ အသုံးများကြောင်း သိရသည်။

မဲပေးပုံမဲပေးနည်းအပြင် ယှဉ်ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများအကြား တစ်မဲအသာရရုံဖြင့် အနိုင်ရရှိမည့်မဲများသူ အနိုင်ရသော (FPTP) စနစ်မှာ အခြားရွေးကောက်ပွဲစနစ်များထက် မဲရေတွက်အရလည်း ပိုမိုလွယ်ကူကြောင်း သုတေသနစာတမ်းများအရ သိရသည်။

FPTP စနစ်သည် ကိုယ်စားလှယ်နှင့် မဲဆန္ဒနယ်ကြား နီးစပ်ခြင်းကြောင့် မဲဆန္ဒရှင်သည် မိမိမဲပေးလိုက်သော ကိုယ်စားလှယ်၏ စွမ်းဆောင်ရည်ကို လွယ်ကူစွာအကဲဖြတ်နိုင်ကာ နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် ၎င်းကိုယ်စားလှယ်အား မဲပေးမည်၊ မပေးမည်ကို ဆုံးဖြတ်နိုင်မည်ဟု သံလွင်ပြည်သူ့ရေးရာ မူဝါဒလေ့လာရေးအဖွဲ့၏ စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

“လမ်းဆုံလမ်းခွက ရွေးကောက်ပွဲစနစ်” ခေါင်းစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ထုတ်ဝေသည့် အဆိုပါစာတမ်းတွင် PR စနစ်၏ ရှင်းလင်းသော အားသာချက်မှာ ပါတီများကို အချိုးကျအာဏာခွဲဝေပေးသောကြောင့် ပါတီငယ်များအနေဖြင့် ၎င်းတို့ရသင့်ရထိုက်သော ဥပဒေပြုအာဏာကို ခွဲဝေယူနိုင်ခြင်းဖြစ်ပြီး ပါတီငယ်များ၊ လူမျိုးစုတိုင်းရင်းသားပါတီများ၏ ကိုယ်စားပြုခွင့်ကို အားပေးကြောင်း ဆိုထားသည်။

တစ်ဖက်တွင်လည်း PR စနစ်သည် ရွေးကောက်ခံ ကိုယ်စားလှယ်နှင့် ၎င်း၏ မဲဆန္ဒနယ်ကြား ဆက်စပ်မှုကို ဖြတ်တောက်ထားသဖြင့် အားနည်းသော အချိတ်အဆက်ကိုသာဖြစ်စေခြင်း၊ PR စနစ်၏ အင်္ဂါရပ်များစွာကို မဲဆန္ဒရှင်များ နားလည်ရန်ခက်ခဲခြင်းနှင့် စီမံခန့်ခွဲရေးအဖွဲ့များ စီမံခန့်ခွဲရန်ခက်ခဲမည့် အားနည်းချက်များရှိကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

ပါတီငယ်များနှင့် တိုင်းရင်းသားပါတီအချို့က PR စနစ်ကျင့်သုံးပြီး ၎င်းတို့၏ ကိုယ်စားပြုခွင့် ပိုမိုရရှိရေး လိုလားလျက်ရှိသော်လည်း လွှတ်တော်တွင် တပ်မတော်သားများရှိနေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်သေးခြင်းနှင့် မဲဆန္ဒရှင်များအတွက် အဆင်သင့် မဖြစ်သေးခြင်းဆိုသည့် အကြောင်းပြချက်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီကြီးအချို့က PR စနစ်ကို ကန့်ကွက်ခဲ့ကြသည်။

PR စနစ်သည် FPTP စနစ်ကဲ့သို့ မဲပေးရ လွယ်ကူရိုးရှင်းခြင်းမရှိဘဲ ရှုပ်ထွေးမှုများရှိသောကြောင့် PR စနစ်ကျင့်သုံးမည်ဆိုလျှင် မဲဆန္ဒရှင် အသိပညာပေးခြင်းကို မည်သို့ဆောင်ရွက်မည်ဆိုသည်က လွန်စွာအရေးကြီးကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ထောက်ပြသည်။

“အဓိကအရေးကြီးတာက မဲဆန္ဒရှင်ပဲ။ မဲဆန္ဒရှင်တွေက မဲပေးတတ်ဖို့ အရေးကြီးတယ်။ မြန်မာနိုင်ငံမှာက လွတ်လပ်ရေးရကတည်းက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေက FPTP ပုံစံပဲ လုပ်ခဲ့တာ။ ရွေးကောက်ပွဲစနစ်ဆိုတာ ကိုယ့်နိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်တစ်ခုကို မဲဆန္ဒရှင်တွေနဲ့ သင့်တော်တဲ့ရွေးကောက်ပွဲတစ်ခုကို ဖန်တီးရတာ ဖြစ်တယ်။ ကိုယ်လိုသလိုဆွဲပြီး ရွေးကောက်ပွဲစနစ်တစ်ခုကို အဲဒီလိုသွားလုပ်ရင် အဆင်မပြေနိုင်ဘူး” ဟု ဦးသာထွန်းလှက ပြောကြားသည်။

နိုင်ငံ၏ ပြည်သူအများစုမှာ မဲပေးမှုဆိုင်ရာ အသိပညာတွင် အားနည်းခြင်းကြောင့် PR စနစ်ကျင့်သုံးမည်ဆိုလျှင် ပြည်သူလူထုအား မဲဆန္ဒရှင် အသိပညာပေးမှု ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

“PR စနစ်ဆိုတာ မဲလက်မှတ်ကိုက ရှုပ်ထွေးမှုများတယ်။ အဲဒါကြောင့် Voter Education Level မြင့်နေဖို့ လိုတယ်။ အဲဒါကြောင့် မဲဆန္ဒရှင်ပြည်သူတွေ ရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူ မဲပေးနိုင်တဲ့ စနစ်တစ်ခုကို ဖန်တီးဖို့က အရေးကြီးတယ်” ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌက ဆိုသည်။

PR စနစ်တွင် ပါတီငယ်များ ပိုမိုအခွင့်အရေးရရှိမည့် သဘောရှိသော်လည်း လူဦးရေ အချိုးအစားအရ ခွဲတမ်းချခြင်းဖြစ်သောကြောင့် လူဦးရေများသည့်ဒေသများအတွက် ပိုမိုအားသာချက်ရှိမည်ဟု ရွေးကောက်ပွဲနှစ်ကြိမ်ထက်မနည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဟောင်း ဂွမ်ဂေါင်အောင်ခမ်းက မှတ်ချက်ပြုသည်။

“ဒါကြောင့်မို့ ဒီဟာတွေက အဖြေမဟုတ်ဘူး။ အဓိကအဖြေကတော့ စနစ်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ဘာစနစ်နဲ့ သွားရင်ကောင်းမလဲဆိုတဲ့ ရွေးကောက်ပွဲစနစ်ဆိုတာထက် ဖက်ဒရယ်စနစ်နဲ့ သွားတာကတော့ အကုန်လုံးအတွက် အကျိုးရှိမယ်။ နိုင်ငံအတွက်လည်း အကျိုးရှိမယ်” ဟု  ဂွမ်ဂေါင်အောင်ခမ်းက ပြောကြားည်။

ဆက်လက်၍ ၎င်းက “ဘယ်စနစ်နဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ခံစားနေရတာတော့ လူဦးရေများတဲ့ အပေါ်မှာပဲ ဒီဟာက အဓိက အကျိုးရှိပါလိမ့်မယ်။ ဒါကြောင့်မို့လည်း ကျွန်တော်ပြောလိုတာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်နဲ့သွားပြီးမှ အနာဂတ်အတွက် ရွေးကောက်ပွဲစနစ်ကို ဘယ်လိုမျိုးလုပ်မယ်ဆိုတဲ့ ဟာမျိုးလုပ်တာတော့ ပိုကောင်းလိမ့်မယ်။ အခု အခြေအနေမျိုးကတော့ တစ်ပါတီအာဏာရရှိတဲ့ဟာကို ဒီဟာကို မကြိုက်ဘူးဆိုတဲ့ သဘောမျိုးလောက်နဲ့ပဲတော့ အဖြေမဟုတ်ဘူးလို့ ပြောလိုပါတယ်” ဟု  ပြောကြားသည်။

PR စနစ်သည် အတိုက်အခံပါတီများ အားကောင်းစွာ ပေါ်ပေါက်လာစေရန် အထောက်အကူပြုသော်လည်း PR စနစ်ကို ပြောင်းလဲကျင့်သုံးရုံသက်သက်ဖြင့် ကိုယ်စားပြုဒီမိုကရေစီကရေစီကို အပြည့်အဝ ဖန်တီးနိုင်မည်မဟုတ်ကြောင်း သံလွင်ပြည်သူ့ရေးရာ မူဝါဒလေ့လာရေးအဖွဲ့၏ စာတမ်းတွင် ဖော်ပြထားသည်။ 

“PR စနစ်သည် လူ့အဖွဲ့အစည်းအတွင်းရှိ မည်သည့်အုပ်စုကိုမဆို ကိုယ်စားပြုမှုရရှိရန် သေချာစေသော်လည်း လွှတ်တော်သို့ ဝင်ရောက်နိုင်ရန် လိုအပ်သော အနည်းဆုံး ဆန္ဒမဲအရေအတွက်ခွဲတမ်းကို သတ်မှတ်ထားခြင်းဖြင့် ပါတီငယ်များကို ဖယ်ကြဉ်ထားဆဲဖြစ်သည်” ဟု သံလွင်ပြည်သူ့ရေးရာမူဝါဒ လေ့လာရေးအဖွဲ့၏စာတမ်းက ဆိုသည်။

ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲခြင်းအပြင် မဲပေးသူဦးရေ မြင့်မားလာစေရေး၊ မဲဆန္ဒရှင်များ၏ မဲပေးမှု အစဉ်အလာ၊ ပါတီမူဝါဒများ၊ စည်းရုံးရေးဗျူဟာများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတို့၏ ထင်ပေါ်ကျော်ကြားမှုတို့ကလည်း ရွေးကောက်ပွဲရလဒ် အပေါ်သက်ရောက်မှုရှိကြောင်း အဆိုပါစာတမ်းတွင် ထောက်ပြထားသည်။

ယခုအချိန်တွင် ရွေးကောက်ပွဲစနစ် ပြင်ဆင်ပြောင်းလဲခြင်းကို ထောက်ခံကြောင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်းနှင့် လက်ရှိတွင် နိုင်ငံရေးလေ့လာသုံးသပ်သူအဖြစ် ဆောင်ရွက်လျက်ရှိသည့် ဦးရဲထွန်း (သီပေါ) က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ရွေးကောက်ပွဲ အနိုင်ရပါတီ အသာစီးရစေမည့် အချက်အချို့ ပါဝင်နေခြင်းကြောင့် ယခုအချိန်တွင် PR စနစ် မပြင်ဆင်နိုင်ပါက လာမည့်ရွေးကောက်ပွဲအပြီးတွင် အနိုင်ရပါတီအနေဖြင့် စိတ်ပြောင်းကောင်း ပြောင်းနိုင်ခြင်း‌ကြောင့်ဖြစ်‌ကြောင်း ၎င်းကဆိုသည်။

အခြေခံဥပဒေတွင် ရွေးကောက်ပွဲ အနိုင်ရပါတီမှ ခန့်အပ်သော သမ္မတက ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ခန့်အပ်နိုင်ခြင်း၊ ရွေးကောက်ပွဲ အငြင်းပွားမှုများ ပေါ်ပေါက်ရာတွင် သမ္မတက  ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ်အတည်ဖြစ်ခြင်း စသည့်အချက်အချို့ ပါဝင်ကြောင်း ၎င်းကပြောကြားသည်။

“နောင်လာမဲ့ ရွေးကောက်ပွဲမှာ ဆိုကြပါစို့။ NLD မပါတော့လို့ ပြည်ခိုင်ဖြိုးက နိုင်သွားတယ်ဆိုရင် ပြည်ခိုင်ဖြိုးက အဲဒီစိတ်ပြန်ဝင်သွားနိုင်တယ်။ အခုတော့ သူတို့ကပြင်ချင်တယ်ဆိုတဲ့ သဘောထားရှိကောင်းရှိမှာပေါ့နော်။ ၂၀၁၅ မှာလည်း ရှုံးတယ်။ ၂၀၂၀ မှာလည်း ရှုံးတဲ့အခါကျတေ့ ပြင်ချင်တဲ့စိတ်ရှိကောင်းရှိမယ်။ ဒါပေမဲ့ NLD က နစက က လုပ်ပေးမဲ့ ၂၀၂၃ မှာ မပါဘူးဆိုရင် သူက (ပြည်ခိုင်ဖြိုးပါတီ) နိုင်ဖို့ များတယ်။ သူက နိုင်သွားရင် အစိုးရဖြစ်သွားရင် စိတ်ကပြောင်းချင်ပြောင်းသွားမှာ။ ဘာကြောင့်တုန်းဆို ၂၀၀၈ အခြေခံဥပဒေက အဲဒီလိုအနိုင်ရတဲ့ပါတီက လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားလို့။ မတရားတဲ့ လုပ်ပိုင်ခွင့်တွေပေါ့နော်။ ဒါကြောင့်မို့ အခုနေပြင်မယ်ဆိုတာ ကျွန်တော်ကတော့ သဘောကျတယ်။ ပြင်လို့ရတဲ့အချိန် ပြင်ထားလိုက်တာ ကောင်းတယ်” ဟု ဦးရဲထွန်း (သီပေါ) က ပြောကြားသည်။

စနစ်တစ်ခုချင်းစီသည် မတူညီသော သက်ရောက်မှုများ ဖြစ်စေပြီး မတူညီသောရည်ရွယ်ချက်များကို ဖြည့်ဆည်းကြရာ နိုင်ငံတိုင်းသည် PR စနစ်နှင့် မဲများသူအနိုင်ရစနစ်ကြား မည်သည့်စနစ်က ၎င်း၏အခြေအနေနှင့် ပိုမိုဆီလျော်သည်ကို ဆုံးဖြတ်ရန် လိုအပ်သည်ဟု သံလွင်ပြည်သူ့ရေးရာမူဝါဒ လေ့လာရေးအဖွဲ့၏ စာတမ်းက ဆိုသည်။

နိုင်ငံရေး အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သလို လူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုအပေါ်ကိုလည်း  လွှမ်းမိုးမှုရှိနိုင်သောကြောင့် မှန်ကန်သော ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ရန် လွန်စွာအရေးကြီးကြောင်း စာတမ်းတွင် အကြံပြုထားသည်။

“ရွေးကောက်ပွဲစနစ်တစ်ခုသည် နိုင်ငံတစ်နိုင်ငံအတွက် ဆီလျော်သင့်တော်သော်လည်း အခြားနိုင်ငံတစ်ခုအတွက်မူ ဆီလျော်ချင်မှ ဆီလျော်လိမ့်မည်ဟူသည်အချက်ကို သတိချပ်ရန် လိုသည်” ဟု  သံလွင်ပြည်သူ့ရေးရာ မူဝါဒလေ့လာရေးအဖွဲ့၏ စာတမ်းတွင် ဖော်ပြပါရှိသည်။                      


READ NEXT
Cancel OK