Top News

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု သဘောတရား (Transparency and Accountability)
24htopnews | December 14, 2024 11:12 PM CST

မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းတွင် တည်ရှိနေသည့်သမိုင်းကြောင်း အခြေအနေများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ယုံကြည်ကိုးကွယ်မှုများအရ ပွင့်လင်းမြင်သာမှု (Transparency) နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) သဘောတရားများမှာ အမြစ်တွယ်တည်ရှိနေသည့် အခြေအနေများ မဟုတ်သည့်အပြင် အလေ့အကျင့်များ၊ ကျင့်သုံးအကောင်အထည် ဖော်ဆောင်နေသည့် အခြေအနေများမှာလည်း စာရေးသူ၏ အသိ၊ အမြင်၊ တွေ့ရှိချက်၊ အတွေ့အကြုံများအရ လုံးဝရင်းနှီးကျွမ်းဝင်သည့် အကြောင်းအရာများ မဟုတ်ကြပါ။ ၂၀၁၁ ခုနှစ် နောက်ပိုင်းကျမှသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စတင်ကြိုးပမ်း အားထုတ်ခဲ့ကြခြင်းဖြစ်ပါသည်။ အတိအကျတင်ပြရပါလျှင် “ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးတွင် ထိရောက်မှုရှိစေမည့် နေပြည်တော် သဘောတူညီချက်” (Nay Pyi Taw Accord for Effective Development Cooperation) ကြေညာချက်ထွက်ပေါ်ပြီး နောက်ပိုင်းတွင် ကျင့်သုံးအကောင်အထည်ဖော်နိုင်ရန် စတင်ခဲ့ခြင်းဖြစ်ပါသည်။

စာရေးသူသည် ၂၀၁၁ ခုနှစ် နောက်ပိုင်း အတိအကျအားဖြင့် ပါမောက္ခ (ဌာနမှူး) ရာထူးမှ အငြိမ်းစားရရှိပြီး နောက်ပိုင်း ဟိုစပ်စပ်၊ ဒီစပ်စပ်နှင့် အစည်းအဝေးများ၊ ကွန်ဖရင့်များ၊ တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ခွင့် ရရှိခဲ့ပါသည်။ ထို့ပြင် (Myanmar Extractive Industries Transparency Initiative (MEITI)) အဖွဲ့အစည်းတွင် စာရင်းအင်းပညာရှင် (အတိုင်ပင်ခံအရာရှိ) အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ပါသည်။ အဆင်ပြေသင့်တော်မည့်အချိန်တွင် (Extractive Industries Transparency Initiative(EITI)) ၏ သဘောတရားနှင့် ချဉ်းကပ်ပုံအကျဉ်းကို သီးခြားဆောင်းပါးတစ်ပုဒ်ဖြင့် တင်ပြပါမည်။ အထက်ဖော်ပြပါ အတွေ့အကြုံများကို အခြေခံ၍ ယခုစာဖတ်သူတို့အား ပွင့်လင်းမြင်သာမှု (Transparency) နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) သဘောတရားများကို စာရေးသူ သိမြင်နားလည်သည့်အတိုင်း ဝေမျှနိုင်ရန် ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ ယခုတင်ပြချက်သည့် စာရေးသူ၏ အသိအမြင် သက်သက်သာဖြစ်သဖြင့် အခြားသော ပညာရှင်ကြီးများ၏ တင်ပြချက်များနှင့် နှိုင်းယှဉ်လျှင် ကွာခြားမှုများရှိနိုင်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ ယနေ့မိမိတို့တိုင်းပြည်နိုင်ငံတွင် တည်ရှိဖြစ်ပေါ်လျက်ရှိနေသည့် အခြေအနေများအရ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရအဖြစ် နေ့ချင်းညချင်း ရရှိပေါ်ပေါက်လာစေရန် မည်သို့မျှမဖြစ်နိုင်ပါသော်လည်း တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများနှင့် တိုင်းပြည်နိုင်ငံအကြီးအကဲများ အနေဖြင့် နောင်အနာဂတ်တိုင်းပြည် နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးပြီး သာယာဝပြောစေကာ ပြည်သူပြည်သား လူအများသည်လည်း စိတ်ချမ်းသာကိုယ် ကျန်းမာစွာနှင့် ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်နိုင်စေမည့် အခြေအနေကိုရရှိစေရန် တည်ဆောက်မည်ဆိုပါလျှင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအတိုင်းအတာကို တဖြည်းဖြည်းချင်း မြှင့်တင်ခြင်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါကြောင်းကို စာရေးသူ သိမြင်နားလည်သည့်အတိုင်း အဆိုပြုတင်ပြပေးခြင်းဖြစ်ပါသည်။

ယခုဆောင်းပါးတွင် ပွင့်လင်းမြင်သာမှု (Transparency) နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) သဘောတရားများသည် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအတွက် အရေးကြီးပုံကိုသာ တင်ပြမည်ဖြစ်ပြီး အဓိပ္ပာယ် အသေးစိတ်နှင့် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ချဉ်းကပ်ရမည့်နည်းလမ်းများကို တင်ပြနိုင်ခြင်းမရှိပါ။

ပထမဦးစွာ မိမိတို့လူ့အဖွဲ့အစည်းက တန်ဖိုးထားရှိသည့် ယဉ်ကျေးမှု ဓလေ့ထုံးစံအချို့ကို မိမိ၏အတွေ့အကြုံ အသိအမြင်များနှင့် မိမိ မိသားစု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းထံမှ ရရှိသည့် သတင်းအချက်အလက်များအပေါ်တွင် အခြေခံကာတင်ပြပါမည်။ မိမိတို့ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဓလေ့ထုံးစံများမှာ လူသားဆန်လှပါသည်။ ၎င်းတို့မှာ သစ္စာရှိမှု၊ သူတစ်ပါး၏ကျေးဇူးကို သိတတ်မှု၊ တာဝန်ကို ဦးဆွေးဆံမြည့် ကျေပွန်စွာ ထမ်းဆောင်တတ်မှု၊ အမိန့်အာဏာ (Authority) ကို လေးစားလိုက်နာတတ်မှု သို့မဟုတ် အမိန့်နာခံတတ်မှု စသည်တို့ဖြစ်ရာ ဦးဆောင်သူ သို့မဟုတ် ခေါင်းဆောင်များ၏ အခန်းကဏ္ဍမှာ အရေးကြီးလှပါသည်။

ခေါင်းဆောင်လုပ်သူက မှန်မှန်ကန်ကန်၊ ဖြောင့်ဖြောင့်တန်းတန်း ရိုးသားစွာဆောင်ရွက်ခဲ့ပါလျှင် လောကုတ္တရာကောင်းကျိုး၊ လောကီကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုးများစွာကို ဖြစ်ထွန်းစေနိုင်ပါသော်လည်း ခေါင်းဆောင်လုပ်သူက ဆိုးသွမ်းသူ၊ မကောင်းမှုကိုသာ မြတ်နိုးတန်ဖိုးထားရှိသူဖြစ်ပါက လူဆိုးဂိုဏ်း၊ ဓားပြဂိုဏ်းကြီးများအဖြစ်သို့ အလွယ်တကူရောက်ရှိ သွားနိုင်စေကြောင်းကို စာရေးသူ၏ မိခင်၊ ဖခင်က စာရေးသူအား တစ်သက်တာသတိထားနိုင်ရန်နှင့် သတိပြုနိုင်ရန် အမြဲဆုံးမသြဝါဒစကား ပြောကြားခဲ့ပါသည်။ အစိုးရအဖွဲ့အစည်းများတွင်ဖြစ်စေ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများတွင် ဖြစ်စေ၊ မည်သည့်နေရာတွင် ဖြစ်စေ၊ အခွင့်အရေး၊ ရာထူး၊ ငွေကြေးမရရှိလျှင်နေပါစေ တွေ့သမျှလူကို ခေါင်းဆောင်၊ ဆရာမတင်မိရန်လည်း အမြဲတစေ သတိပေးပါသည်။

စာရေးသူ တင်ပြလိုသည့်အဓိပ္ပာယ်မှာ အချို့သော အရာရှိကြီးများ၊ အကြီးအကဲများသည် မိမိတို့၏ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု တန်ဖိုးများ၏ အားနည်းချက်များကို အသုံးပြုကာ အစိုးရယန္တရားအဖွဲ့ အစည်းများအတွင်းမှာပင် မိမိ၏သြဇာအာဏာကို အသုံးပြုပြီး ဂိုဏ်းကြီးများ ထူထောင်ကြခြင်းပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် စာရေးသူ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် လူတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ရမည့် ပညာရေးဝန်ကြီးဌာနမှာပင် အခြားသောလူပုဂ္ဂိုလ်များအတွက် စံချိန်စံညွှန်းအဖြစ် ပါမောက္ခ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးချုပ်စသည့် ရာထူးအားလုံးအတွက် ခန့်အပ်တာဝန်ပေးခံရမည့်သူမှန်သမျှသည် ဒေါက်တာဘွဲ့ (Ph.D) ရရှိရမည်ဟု သတ်မှတ်ထားရှိသော်လည်း အကြီးအကဲအား ပံ့ပိုးအလုပ် အကျွေးပြုမည်ဆိုပါက ဒေါက်တာဘွဲ့ (Ph.D) အစစ်အမှန်ရရှိရန် မလိုအပ်ဘဲ အမြင့်ဆုံးညွှန်ကြားရေးမှူးချုပ်ရာထူးကိုပင် တာဝန်ပေးခန့်အပ်ခဲ့သည့် သာဓကများရှိခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာန အကြီးအကဲများကိုယ်တိုင်ကပင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ မိမိဝန်ကြီးဌာနအတွက် မိမိတို့ကိုယ်တိုင် ချမှတ်ထားသည့် စံချိန်စံနှုန်းများကို အကြီးအကဲများကိုယ်တိုင်က ချိုးဖောက်နေကြခြင်း ဖြစ်ပါသည်။ အကြီးအကဲအချို့က ၎င်းတို့၏ဂိုဏ်းဝင်မဟုတ်သူများအား အခွင့်အရေး၊ ရာထူး စသည်တို့ကို ပိတ်ပင်ခြင်းများ ပြုလုပ်သည့်အပြင် တစ်ခါတစ်ရံ ဂိုဏ်းဝင်မပြုလုပ်ခဲ့ပါလျှင် ဘဝပျက်စီးသည်အထိ ဒုက္ခပေးတတ်ပါသည်။

အထက်ဖော်ပြပါ အကြောင်းအရာများသည် တိုင်းပြည်နိုင်ငံတော်အတွက် ပျက်စီးယိုယွင်းစေပြီး လူတို့၏အကျင့်စာရိတ္တကိုပါ ဖောက်ပြန်စေခဲ့သည့် အကြောင်းတရားများဖြစ်ကြပါသည်။ အဓိက လိုအပ်ချက်မှာ အကြောင်းနှင့်အကျိုးကို သိမြင်နားလည်စေပြီး ဆင်ခြင်တုံတရားကို အခြေခံခြင်းဖြင့် လူ့အဖွဲ့အစည်းအား ရေရှည်လမ်းကြောင်းမှန်ပေါ်သို့ ဦးတည်သွားစေနိုင်မည့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုများကို အခြေခံထားရှိကာ ကျင့်သုံးအကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးစားအားထုတ်သည့် ယဉ်ကျေးမှုအလေ့အထ မရှိခြင်းပင် ဖြစ်ပါသည်။

စာရေးသူတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကို အတူတကွ တွဲလျက်မတွေ့မြင်ရသော်လည်း အချို့သော စာရေးဆရာကြီးများ၏ ဟောပြောဆွေးနွေးချက်များတွင် လူပုဂ္ဂိုလ်တစ်ဦးချင်း၊ တစ်ယောက်ချင်းစီအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု သဘောတရားများကို တင်ပြကြရာတွင် တွေ့ရှိရသည်မှာ တာဝန်သိခြင်းဆိုသည်မှာ ကိုယ်ကျင့်တရားဖြစ်ပြီး တာဝန်ယူခြင်းဆိုသည်မှာ သတ္တိဖြစ်ကြောင်းနှင့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခြင်းဆိုသည်မှာ စွမ်းရည်ဖြစ်ကြောင်း၊ စွမ်းရည်ထက်မြက်နေစေရန်မှာ ပညာကိုတတ်မြောက်စေရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း ပြောဆိုလျက်ရှိကြပါသည်။

ဒုတိယအနေဖြင့် မိမိတို့တိုင်းပြည် နိုင်ငံတော်၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရတစ်ရပ် ဖြစ်ပေါ်လာနိုင်စေမည့် နိုင်ငံရေး အခင်းအကျင်းကို တင်ပြပါမည်။ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရတစ်ရပ်ကို ရရှိစေရေး မတိုင်မီ နိုင်ငံတော်၏ အချုပ်အခြာအာဏာသုံးရပ်ကို စနစ်တကျ ခွဲဝေကျင့်သုံးနိုင်သည့် အဆင့်သို့ရောက်ရှိရန် အရေးကြီးလှပါသည်။ အသေးစိတ် တင်ပြရပါလျှင် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း ပြုလုပ်နိုင်မည့် အခြေအနေဖြစ်ပါသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့အထိ နိုင်ငံတော်၏ အချုပ်အခြာအာဏာသုံးရပ်ကို စနစ်တကျ ခွဲဝေသုံးစွဲနိုင်ခဲ့သည့် ကာလအခြေအနေကို ဥပဒေပြုရေး အာဏာရှုထောင့်တစ်ခုတည်းက လေ့လာလျှင်ပင် အောက်ဖော်ပြပါ မေးခွန်းများ ပေါ်ထွက်လာစေပါသည်။

(၁) မိမိတို့ တိုင်းပြည်နိုင်ငံတွင် ပါလီမန်တည်ရှိပြီး ပါလီမန်၏လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့်ကာလ မည်မျှကြာမြင့်ခဲ့ပါသလဲ။ ယခုမေးခွန်း၏အဖြေကို အကြမ်းအားဖြင့် လေ့လာကြည့်ပါက စုစုပေါင်း ၇၃ နှစ်ခန့် ကာလတွင် ပါလီမန်တည်ရှိသည့်ကာလသည် (၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် = ၁၄ နှစ်ခန့် (၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်သည် ပါလီမန်လုပ်ငန်းများ မဆောင်ရွက်နိုင်ပါ)။ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ် = ၁၄ နှစ်ခန့်နှင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ = ၁၀ နှစ်ခန့်) ခန့်မှန်းခြေ ၃၈ နှစ် ( ၁၉၅၈-၁၉၆၀ မပါဝင်ပါက ၃၆ နှစ်ခန့်) ရှိခဲ့ပါသည်။

(၂) တည်ရှိခဲ့သည့် ပါလီမန်များသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် လူပုဂ္ဂိုလ်များ၏ လွှမ်းမိုးမှုမရှိဘဲ ဥပဒေပြုခြင်းလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိကြပါသလား။

(၃) ပါလီမန်များက အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေများ အရေအတွက်နှင့် ပါလီမန်မရှိဘဲ အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေများ အရေအတွက်တို့၏ အခြေအနေနှင့် အရည်အသွေးများကြောင့် မည်ကဲ့သို့ အကျိုးဖြစ်ပေါ်လျက် ရှိနေပါသလဲ။

(၄) ဥပဒေများကို (ပါလီမန်များ သို့မဟုတ် ပါလီမန်များမရှိဘဲ) အမြောက်အမြား အတည်ပြုပြဋ္ဌာန်းခြင်းသည် လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်ပါသလားစသည့် မေးခွန်းပေါင်းမြောက်မြားစွာ ပေါ်ထွက်လာစေပါသည်။

အထက်ဖော်ပြပါ မေးခွန်းများကို စာဖတ်သူများအနေဖြင့် ဦးနှောက်မုန်တိုင်းဆင်ကြည့်ကြပါရန် အကြံပြုပါသည်။ သို့သော်လည်း လူထုအဖွဲ့အစည်း၏ ဓလေ့ထုံးစံများကို အခြေခံပြီး ဆောင်ရွက်ခြင်းနှင့် အမှုကိစ္စရပ်တိုင်းအတွက် ဥပဒေပြုဆောင်ရွက်ခြင်းတို့၏ ကွာခြားချက်ကို ကျူတန်တို့၏ ဥပဒေအမျိုးအစားများနှင့် ရောမတို့၏ဥပဒေအမျိုးအစားများကို ဥပမာပေးကာ ဆရာကြီး ဒေါက်တာကျော်ဝင်းက အောက်ပါအတိုင်း တင်ပြထားပါသည်။

“ရောမအင်ပါယာအတွင်း၌ ဥပဒေကို စနစ်တကျပြုစု၍ အမှုတိုင်းနှင့် ကျုံးဝင်အောင် ရေးသားထားသည်။ သို့ဖြစ်၍ ဆက်လက်ဖွံ့ဖြိုးရန် ခဲယဉ်းသည်။ ကျူတန်ဥပဒေမှာမူ လူထုအဖွဲ့အစည်းက ကြေညာချက်ထုတ်၍ ဥပဒေပြုခဲ့သော ဥပဒေဖြစ်သည်။ လူထုအဖွဲ့အစည်းက ဓလေ့ထုံးစံကို ဥပဒေပြု၍ တရားရုံးအဖြစ် ဆောင်ရွက်သဖြင့် တဖြည်းဖြည်းကျယ်ပြန့်လာသည်။ ရေးသားထားခြင်းလည်း မရှိပေ။” (Reference: 1). ယခုဖော်ပြချက်သည် မေးခွန်းနံပါတ် (၄) ကို စဉ်းစားရန် အထောက်အကူ ပြုမည်ဖြစ်ပါသည်။

တတိယအနေဖြင့် ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရတစ်ရပ် ဖြစ်ပေါ်လာနိုင်စေရန် အစိုးရနှင့် ပြည်သူပြည်သားများအကြား ယုံကြည်မှုတည်ဆောက်ရေး အရေးကြီးပုံကို တင်ပြပါမည်။ တိုင်းပြည်နိုင်ငံတော် ရေရှည်တည်ငြိမ်ပြီး ဖွံ့ဖြိုးလာစေရန်မှာ တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများနှင့် အုပ်ချုပ်သူအစိုးရတို့အကြား ယုံကြည်မှုတည်ဆောက်နိုင်ရန်မှာ အရေးအကြီးဆုံးအချက် ဖြစ်ပါသည်။ ထိုကဲ့သို့ ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အခြေခံမည်ဆိုပါက လူမှုရေးပဋိညာဉ် သို့မဟုတ် လူမှုပဋိညာဉ် (Social Contract) သဘောတရားဖြင့် အသုံးပြုကြရသည်ကို ရှေးနှစ်ပေါင်း မြောက်မြားစွာကတည်းကပင် သိရှိနားလည်ခဲ့ကြပြီးဖြစ်ပါသည်။

လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အခြေခံပြီးလူမှုရေး ပဋိညာဉ် (Social Contract) သဘောတရားများကို အသုံးမပြုဘဲ အုပ်ချုပ်ခဲ့လျှင် မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါသလဲဆိုသည့် မေးခွန်း၏အဖြေများကို ဥပမာပေး ဖြေကြားနိုင်ရန်အတွက် မိမိတို့တိုင်းပြည်နိုင်ငံ၏ အတွေ့အကြုံများမှာ လွန်စွာကောင်းမွန် အသုံးဝင်လျက်တည်ရှိနေပါသည်။ စာဖတ်သူများအနေဖြင့် မိမိတို့၏အတွေ့အကြုံများ၊ အသိအမြင်များကို အသုံးပြုကာ ဦးနှောက်မုန်တိုင်း ဆင်ကြည့်ကြပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။ အဆင်ပြေ သင့်တော်သည့်အချိန်တွင် လူမှုရေးပဋိညာဉ် သို့မဟုတ် လူမှုပဋိညာဉ် (Social Contract) သဘောတရားအကြောင်းကို သီးခြားဆောင်းပါးတစ်ပုဒ်ဖြင့် တင်ပြပါမည်။

ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရတစ်ရပ် ဖြစ်ပေါ်လာနိုင်စေရန် အစိုးရနှင့် ပြည်သူပြည်သားများအကြား ယုံကြည်မှု တည်ဆောက်ခြင်းများကို လူမှုရေးပဋိညာဉ် သို့မဟုတ် လူမှုပဋိညာဉ် (Social Contract) သဘောတရားများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုတို့အား မည်ကဲ့သို့ကျင့်သုံး အကောင်အထည်ဖော်ရမည်ဆိုသည့် ဆက်စပ်မှုများကို ပုံတွင်ဖော်ပြထားပါသည်။

ပုံတွင်ဖော်ပြထားသည့်အတိုင်း အစိုးရတစ်ရပ်အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရအဖြစ်သို့ ရောက်ရှိနိုင်စေရန်မှာ လွယ်ကူသော ကိစ္စရပ်မဟုတ်ပါ။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း အရည်အချင်းရှိပြီး ဆောင်ရွက်နိုင်သည့် ကိစ္စရပ်လည်း မဟုတ်ပါ။ မိမိတို့၏ တိုင်းပြည်နိုင်ငံအခြေအနေနှင့် ချိန်ထိုးကြည့်ပါလျှင် ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရေး မတိုင်မီ အထက်တွင် ဖော်ပြထားသည့်အတိုင်း နိုင်ငံတော်၏ အချုပ်အခြာအာဏာသုံးရပ်ကို စနစ်တကျ ခွဲဝေကျင့်သုံးနိုင်ရန် အဆင့်ကိုပင် အပတ်တကုတ် ကြိုးစားအားထုတ်ရဦးမည် ဖြစ်ပါသည်။

ဤတွင် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရတစ်ရပ် ဖြစ်ပေါ်လာနိုင်စေရန်မှာ အကျိုးရလဒ်ဖြစ်ပြီး အဆိုပါအကျိုးရလဒ်သည် ရရှိပြီးသည်နှင့် အမြဲတမ်းတည်ရှိနေမည့် အကျိုးရလဒ်မျိုးမဟုတ်ဘဲ အကြောင်းတရားများကို စနစ်တကျတည်ဆောက် အကောင်အထည်ဖော်နိုင်သည့်အချိန်တွင် ဖော်ပြပါအကျိုးရလဒ်သည် ရရှိနေမည်ဖြစ်ပြီး တည်ဆောက်အကောင်အထည်ဖော်နိုင်မှု မရှိနိုင်တော့သည်နှင့် တစ်ပြိုင်နက် အကျိုးရလဒ်သည်လည်း ပျက်ပြားသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် အချိန်တိုင်း၊ နေရာတိုင်း၊ အစိုးရတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းနှင့် လူတိုင်းက စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်မှာသာလျှင် ဖော်ပြပါအကျိုးရလဒ်မှာ တည်ရှိနေနိုင်မည်ဖြစ်ပါသည်။

ထို့ပြင် တိုင်းပြည်နိုင်ငံတော်တွင် တည်ရှိနေသည့် ဖွဲ့စည်းတည်ဆောက်ပုံ စနစ်ယန္တရားများ (Institutions) တွင်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုများကို အခြေခံထားရှိရန် အရေးကြီးလှပါသည်။ ကျဆုံးနိုင်ငံတော် (Failed State) ကို ဖြစ်ပေါ်စေနိုင်သော တိုင်းပြည်နိုင်ငံတော်တွင် ချမှတ်ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများသည် လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့၊ အဖွဲ့အစည်းတစ်ခုအတွက်သာ အကျိုးဖြစ်ထွန်းစေခြင်းမျိုးဖြစ်သည့် (Extractive Institutions) များ လျော့နည်းပပျောက်စေပြီး တိုင်းပြည်နိုင်ငံတော်ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေပြီး လူအများကို အကျိုးဖြစ်ထွန်းစေမည့် (Inclusive Institutions) များအဖြစ်သို့ ပြောင်းလဲနိုင်စေရန်နှင့် (Inclusive Institutions) အသစ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်မှာလည်း  ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုများကို အသုံးပြုကြရမည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ အနာဂတ် မိမိတို့တိုင်းပြည်နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးစေပြီး ပြည်သူပြည်သားများအနေဖြင့် ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်နေထိုင်ရန်မှာ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အရေးကြီးလှပါသည်။ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရများ ပေါ်ပေါက်လာစေရန်မှာလည်း အစိုးရနှင့် ပြည်သူပြည်သား (နိုင်ငံသား) များအကြား ယုံကြည်မှုကို တည်ဆောက်နိုင်စေမည့် လူမှုရေးပဋိညာဉ်ကို အသုံးပြုတည်ဆောက်နိုင်ရမည်ဖြစ်ပြီး လူမှုရေးပဋိညာဉ်တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုများကို စနစ်တကျ ထားရှိဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

၁. ဒေါက်တာကျော်ဝင်း (၂၀၁၄), “နိုင်ငံရေး အတွေးအခေါ်များ သမိုင်း (A History of Political Thought)” ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ၊ နိုင်ငံရေးသိပ္ပံစာစဉ်၊ ခေတ်ပြတိုက်စာပေ၊ စာမျက်နှာ- ၆၈။


READ NEXT
Cancel OK