Top News

ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ထိုင်းဗီဇာ လျှောက်ထားရာတွင် e Visa စနစ်ဖြင့်သာ လက်ခံတော့မည်ဖြစ်ကြောင်း ထိုင်းသံရုံး ကြေညာ
24htopnews | December 14, 2024 5:12 PM CST

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ထိုင်းဗီဇာ လျှောက်ထားရာတွင် e Visa စနစ်ဖြင့်သာ လက်ခံတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ကြေညာသည်။

ထိုင်းနိုင်ငံသို့ မည်သည့်ဗီဇာစနစ်ဖြင့်ဖြစ်စေ ဝင်ရောက်မည့် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်လျက်ရှိသော အခြား နိုင်ငံသားများအနေဖြင့်  e Visa စနစ်အသစ်ဖြင့်သာ လက်ခံတော့မည်ဖြစ်သည်။

ဗီဇာလျှောက်ထားသူများအနေဖြင့် ပတ်စ်ပို့နှင့် ဗီဇာလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများအားလူကိုယ်တိုင် လာရောက်လျှောက်ထားရန် မလိုအပ်တော့ကြောင်း၊ ဗီဇာအမျိုးအစားအားလုံးအတွက် e-Visa စနစ်အသစ်ကို https://www.thaievisa.go.th/ တွင်လျှောက်ထားရမည် ဖြစ်ကြောင်း၊ e Visa ဖြင့် ဗီဇာများ လျှောက်ထားပြီးပါက ဒေါ်လာဖြင့် ပေးသွင်းရမည့် ဗီဇာကြေးအား ထိုင်းသံရုံး ဗီဇာကောင်တာတွင် ချိန်းဆိုထားသောရက်၌ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအတွင်း လာရောက်ပေးသွင်းရမည်ဖြစ်ကြောင်း၊ ဗီဇာကြေးပေးချေရန်အတွက် အွန်လိုင်းဘိုကင်စနစ်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။

ဗီဇာကြေးပေးသွင်းပြီးပါက e Visa စနစ်တွင် ဗီဇာလျှောက်လွှာများအား အကဲဖြတ်ရန်ကြာချိန်သည် ၁၀ ရက်မှ ၁၅ ရက်ခန့်ကြာမြင့်နိုင်ကြောင်း၊ ဗီဇာလျှောက်ထားသူများအနေဖြင့် စာရွက်စာတမ်းအပြည့်အစုံ မတင်သွင်းခြင်း၊ အတုများတင်သွင်းခြင်းပြုလုပ်ပါက အဆိုပါဗီဇာလျှောက်လွှာကို ပယ်ချမည်ဖြစ်ကြောင်း၊ ဗီဇာလျှောက်လွှာကို အတည်ပြုပြီးပါက လျှောက်ထားသူသည်အတည်ပြုအီးမေးလ် ရရှိမည်ဖြစ်ပြီး အဆိုပါအီးမေးလ်ကို လေဆိပ်နှင့် ထိုင်းလဝကကို ပြသရန် ပရင့်ထုတ်ယူထားရမည်ဖြစ်ကြောင်း ထိုင်းသံရုံးက ဆိုသည်။

လက်ရှိတွင် ဗီဇာလျှောက်ထားရန် အွန်လိုင်းမှတစ်ဆင့် ရက်ချိန်းရယူထားသူအတွက် ဒီဇင်ဘာ ၂၄ ရက်အထိသာ လျှောက်လွှာများအား လက်ခံတော့မည်ဖြစ်ကြောင်း၊ e Visa စနစ်အပြောင်းအလဲပြုလုပ်ခြင်းအား ပြင်ဆင်ရန်အတွက် ဒီဇင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဗီဇာလျှောက်လွှာများကို လက်ခံမည်မဟုတ်ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

www.thaievisa.go.th


READ NEXT
Cancel OK