Top News

ရိန်းဂျားစ်နှင့်သရေကျသည့်ပွဲတွင် အသင်းတိုက်စစ်မှူး တီမိုဗာနာ၏ခြေစွမ်းမှာ လက်ခံနိုင်စရာမရှိကြောင်း စပါးနည်းပြ ပိုစတီကိုဂလူး ပြောကြား
24htopnews | December 14, 2024 2:12 PM CST

 

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ရိန်းဂျားစ်အသင်းနှင့် သရေကျခဲ့သည့်ပွဲတွင် အသင်းတိုက်စစ်မှူး တီမိုဗာနာ၏ခြေစွမ်းမှာ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့သည်။ 

စပါးအသင်းသည် ယူရိုပါလိဂ် League Phase ပွဲစဉ် ၆ အဖြစ် ရိန်းဂျားစ်အသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရသည်။ စပါးအသင်းသည် အဆိုပါပွဲစဉ်တွင် ရိန်းဂျားစ်အသင်းကိုနောက်မှ လိုက်ကစားခဲ့ပြီး လူစားဝင်ကစားသမား ကူလူဆက်ဗ်စကီး၏ဂိုးကြောင့် ပွဲအပြီးတွင် (၁-၁) ဂိုးဖြင့် သရေတစ်မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။ 

ဂျာမန်တိုက်စစ်မှူး တီမိုဗာနာသည် အဆိုပါပွဲစဉ်တွင် ပွဲထွက်ကစားခွင့်ရရှိခဲ့သော်လည်း ခြေစွမ်းဆိုးရွားခဲ့သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ တီမိုဗာနာသည် ယင်းပွဲတွင် ဘောလုံးဆုံးရှုံးမှုနှင့် နေရာမှားယူမှု ၁၆ ကြိမ်အထိ ရှိခဲ့ပြီး တစ်ဦးချင်းကျော်ဖြတ် ရန် ငါးကြိမ်ကြိုးပမ်းခဲ့ရာတွင်လည်း တစ်ကြိမ်မှ အောင်မြင်ခဲ့ခြင်းမရှိပေ။ ထို့ပြင် တီမိုဗာနာအနေဖြင့် ဘောလုံးပေးပို့မှု ပြုလုပ်ရာတွင် ၆၉ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ယင်းပွဲကို BBC တွင် ရုပ်သံသုံးသပ်သူအဖြစ် တင်ဆက်ခဲ့သည့် ရိန်းဂျားစ် တိုက်စစ်မှူးဟောင်း သွန်မဆင်က "တီမိုဗာနာရဲ့ ခြေစွမ်းနဲ့ ဆုံးဖြတ်ချက်တွေက အရမ်းဆိုးရွားပါတယ်။ ပထမပိုင်းအပြီးမှာ သူ့ကို လူစားမလဲဘူးဆိုရင် ကျွန်တော် အံ့သြရပါလိမ့်မယ်"ဟု သုံးသပ်ခဲ့သည်။ သွန်မဆင် သုံးသပ်သည့်အတိုင်းပင် တီမိုဗာနာသည် ပထမပိုင်းအပြီးတွင် ကူလူဆက်ဗ်စကီးနှင့် လူစားလဲခံခဲ့ရသည်။ တီမိုဗာနာအစား လူစားဝင်ကစားခဲ့သည့် ကူလူဆက်ဗ်စကီးသည် ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲချိန် ၇၅ မိနစ်တွင် စပါးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့သည်။ 

ထို့ကြောင့် စပါးနည်းပြ ပိုစတီကိုဂလူးက အသင်းတိုက်စစ်မှူး တီမိုဗာနာ၏ခြေစွမ်းမှာ ၎င်းအတွက် လက်ခံနိုင် စရာမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပိုစတီကိုဂလူးက "စပါးပထမအသင်းမှာ ပါဝင်ကစားနေတဲ့ ကစားသမားတစ်ယောက်အနေနဲ့ အခုလိုစွမ်းဆောင်တာကို ကျွန်တော့် အနေနဲ့ လက်ခံနိုင်စရာမရှိပါဘူး။ အဲဒီအကြောင်းကို တီမိုဗာနာကို ကျွန်တော်ကိုယ်တိုင် ပြောပြီးပါပြီ။ သူက ဂျာမနီလက်ရွေးစင် ဘောလုံးသမားပါ။  ဒဏ်ရာရကစားသမားတွေ များနေတာကြောင့် ကျွန်တော့်မှာ ရွေးစရာသိပ်မရှိပါဘူး။ ကျွန်တော့်အနေနဲ့ ကစားသမားတိုင်းကို အသင်းအတွက် ကြိုးစားပမ်းစား ကစားစေချင်ပါတယ်။ တီမိုဗာနာရဲ့ ခြေစွမ်းကိုတော့ လက်ခံနိုင်စရာ မရှိပါဘူး"ဟု ပြောကြားခဲ့သည်။ 

အသက် ၂၈ နှစ်အရွယ်ရှိ တီမိုဗာနာ သည် လိုက်ပ်ဇစ်အသင်းမှ စပါးအသင်းထံ အငှားလာရောက်ကစားနေသူဖြစ်ပြီး ယခုရာသီပြိုင်ပွဲစုံ ၁၉ ပွဲတွင် တစ်ဂိုးသာ သွင်းယူထားနိုင်သေးသည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီကလည်း စပါးအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲတွင် နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 


READ NEXT
Cancel OK