Top News

အရင်လို မပြာ၊ အရင်လို မနီတော့တဲ့ မန်ချက်စတာဒါဘီ
24htopnews | December 14, 2024 2:12 PM CST

၁၈၈၁ ခုနှစ်ကတည်းက ထိပ်တိုက်ဆုံတွေ့မှု အစပြုခဲ့တဲ့ မန်ချက်စတာဒါဘီက ပွဲပေါင်း ၁၉၄ ပွဲ ယှဉ်ပြိုင်ခဲ့ပြီးပါပြီ။ မန်ယူအသင်းက ၇၉ ပွဲနိုင်ပြီး မန်စီးတီးက ၆၁ ပွဲအနိုင်ရခဲ့ပါတယ်။ သရေပွဲက ၅၄ ပွဲရှိခဲ့ပါတယ်။  ဒီရလဒ်မှတ်တမ်းအရ ဘယ်လိုအခြေအနေမျိုးမှာမဆို နှစ်သင်းကြား အားသာချက်၊ အားနည်းချက် အများကြီးမရှိခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါဟာ ဒါဘီပွဲအများစုမှာ မြင်တွေ့ရလေ့ရှိတဲ့ ဝိသေသလက္ခဏာလည်း ဖြစ်ပါတယ်။ ဒါဘီပြိုင်ဘက်ဆိုတာ တစ်သင်းနဲ့တစ်သင်း အင်အားချင်းကွာခြားနေချိန်မှာတောင် ထိပ်တိုက်တွေ့တဲ့ပွဲတွေမှာ အသည်းချင်းပေါက်ကစားတတ်တာကြောင့် အနိုင်အရှုံးရလဒ်တွေက ခြားနားချက်သိပ်မရှိတာပါ။ ပရီးမီးယားလိဂ်ခေတ်မှာဆိုရင် မန်ချက်စတာဒါဘီနှစ်သင်း အင်အားတူအနေအထားရှိခဲ့ချိန်က ရှားပါးလွန်းပါတယ်။ မန်ယူအသင်း အင်အားကြီးထွားနေချိန်မှာ မန်စီးတီးအသင်းက ရုန်းကန်နေရပြီး မန်စီးတီး အင်အားကြီးထွားချိန်ရောက်တော့ မန်ယူက နန်းကျဘုရင်လို ဖြစ်နေခဲ့တာကြောင့်ပါ။ အခု ပစ္စုပ္ပန်တည့်တည့်လေးကို ကွက်ကြည့်မယ်ဆိုရင်တော့ မန်ချက်စတာဒါဘီက ဘဝတူအခြေအနေလို ဖြစ်နေပါတယ်။ မန်စီးတီကလည်း အရင်လို မပြာ၊ မန်ယူကလည်း အရင်လို မနီတဲ့ အချိန်အခါ ဖြစ်နေတာကြောင့်ပါ။

 

မန်ချက်စတာဒါဘီ ဆိုတာက ပရီးမီးယားလိဂ်ရဲ့ များပြားလှစွာသော ဒါဘီပွဲစဉ်တွေထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံး ဒါဘီပွဲစဉ်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ်မှာက လန်ဒန်အခြေစိုက် ကလပ်အသင်းတွေ များပြားတာကြောင့် လန်ဒန်ဒါဘီတွေကတော့ အများဆုံးရှိနေတာပေါ့။ ပြီးတော့ လီဗာပူးလ်နဲ့ အဲဗာတန်တို့ရဲ့ မာဆေးဆိုက်ဒ်ဒါဘီလည်း ရှိနေပါသေးတယ်။ မန်ချက်စတာဒါဘီက အနီရောင် ဝတ်ဆင်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မိုးပြာရောင်ဝတ်ဆင်တဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါတယ်။ ဒီမြို့ခံပြိုင်ဘက်နှစ်သင်းရဲ့အကြားမှာ ပြင်းထန်တဲ့ အားပြိုင်မှုတွေနဲ့ ခါးသီးတဲ့ အမှတ်တရတွေ ရှိခဲ့ဖူးတာကြောင့် မန်ချက်စတာဒါဘီဆိုတာက အင်္ဂလန်မြေတစ်ခုတည်းမှာသာမက ကမ္ဘာအနှံ့အပြားအထိ ကျော်ကြားခဲ့တာပါ။ ၁၈၈၁ ခုနှစ်ကတည်းက ထိပ်တိုက်ဆုံတွေ့မှု အစပြုခဲ့တဲ့ မန်ချက်စတာဒါဘီက ပွဲပေါင်း ၁၉၄ ပွဲ ယှဉ်ပြိုင်ခဲ့ပြီးပါပြီ။ မန်ယူအသင်းက ၇၉ ပွဲနိုင်ပြီး မန်စီးတီးက ၆၁ ပွဲအနိုင်ရခဲ့ပါတယ်။ သရေပွဲက ၅၄ ပွဲရှိခဲ့ပါတယ်။  ဒီရလဒ်မှတ်တမ်းအရ ဘယ်လိုအခြေအနေမျိုးမှာမဆို နှစ်သင်းကြား အားသာချက်၊ အားနည်းချက် အများကြီးမရှိခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါဟာ ဒါဘီပွဲအများစုမှာ မြင်တွေ့ရလေ့ရှိတဲ့ ဝိသေသလက္ခဏာလည်း ဖြစ်ပါတယ်။ ဒါဘီပြိုင်ဘက်ဆိုတာ တစ်သင်းနဲ့တစ်သင်း အင်အားချင်းကွာခြားနေချိန်မှာတောင် ထိပ်တိုက်တွေ့တဲ့ပွဲတွေမှာ အသည်းချင်းပေါက်ကစားတတ်တာကြောင့် အနိုင်အရှုံးရလဒ်တွေက ခြားနားချက်သိပ်မရှိတာပါ။ ပရီးမီးယားလိဂ်ခေတ်မှာဆိုရင် မန်ချက်စတာဒါဘီနှစ်သင်း အင်အားတူအနေအထားရှိခဲ့ချိန်က ရှားပါးလွန်းပါတယ်။ မန်ယူအသင်း အင်အားကြီးထွားနေချိန်မှာ မန်စီးတီးအသင်းက ရုန်းကန်နေရပြီး မန်စီးတီး အင်အားကြီးထွားချိန်ရောက်တော့ မန်ယူက နန်းကျဘုရင်လို ဖြစ်နေခဲ့တာကြောင့်ပါ။ အခု ပစ္စုပ္ပန်တည့်တည့်လေးကို ကွက်ကြည့်မယ်ဆိုရင်တော့ မန်ချက်စတာဒါဘီက ဘဝတူအခြေအနေလို ဖြစ်နေပါတယ်။ မန်စီးတီကလည်း အရင်လို မပြာ၊ မန်ယူကလည်း အရင်လို မနီတဲ့ အချိန်အခါ ဖြစ်နေတာကြောင့်ပါ။

ပြောင်းလဲခဲ့ခြင်းများ

မန်ယူအသင်း ရဲရဲတောက်မနီနိုင်တာကတော့ ကြာပါပြီ။ ခေတ်တစ်ခေတ် ထူထောင်ပေးခဲ့တဲ့ ဂန္ထဝင်နည်းပြ ဖာဂူဆန် အနားယူသွားခဲ့ချိန်ကတည်းကပါပဲ။ ဖာဂူဆန်က ပရီးမီးယားလိဂ်ခေတ်မှာ မန်ယူအသင်းကို ချန်ပီယံဆု ၁၃ ကြိမ် ရယူပေးခဲ့ပါတယ်။ သူ့နေရာဆက်ခံတဲ့ မန်ယူနည်းပြများစွာကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်ရအောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ပြိုင်ဘက်အသင်းတွေကလည်း မန်ယူအသင်းရဲ့ မှတ်တမ်းကို လိုက်မမီနိုင်သေးပါဘူး။ မန်စီးတီးက ချန်ပီယံဆု ၈ ကြိမ်နဲ့ ဒုတိယအအောင်မြင်ဆုံးဖြစ်လာပေမဲ့ မန်ယူနဲ့ ၅ ကြိမ်တောင် ကွာဟနေပါသေးတယ်။ မန်စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဆု ၆ ကြိမ်အထိ ရယူပေးနိုင်ခဲ့တဲ့ ဂွါဒီယိုလာကလည်း ၂၀၂၇ အထိ သက်တမ်းတိုးထားတယ်ဆိုပေမဲ့ မထင်မှတ်တဲ့ ယိမ်းယိုင်မှုတွေနဲ့ ရင်ဆိုင်လာရတာကြောင့် အနာဂတ်ကို မှန်းဆရခက်လာပါတယ်။ တကယ်လို့ ၂၀၂၇ အထိ ဆက်ရှိမယ်ဆိုရင်တောင်၊ ပရီးမီးယားလိဂ်ချန်ပီယံဆု ဆက်တိုက်ထပ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် ဖာဂူဆန်နဲ့ မန်ယူအသင်းရဲ့ အောင်ပွဲစံချိန်ကို လိုက်မီနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ မန်စီးတီးအသင်း ချန်ပီယံဆုရယူမယ့်အကြောင်း ပြောမိရင် လှောင်ပြောင်ရယ်မောကြမယ့်သူတွေ အများကြီးရှိနေပါလိမ့်မယ်။ မန်စီးတီးနဲ့ ဂွါဒီယိုလာတို့က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၄ ရာသီဆက်တိုက် ရယူထားတာပါ။ ဒီလိုမျိုး ဘယ်အသင်းမှ မလုပ်နိုင်ခဲ့ပါဘူး။ မန်ယူနဲ့ ဖာဂူဆန်လည်း မလုပ်နိုင်ခဲ့ပါဘူး။ မန်ယူအသင်းက ဖာဂူဆန်ခေတ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၃ ရာသီဆက်သာ ရယူနိုင်ခဲ့ဖူးတာပါ။ ဒါကြောင့်လည်း ဂွါဒီယိုလာကို ရှာမှရှားတဲ့ နည်းပြအဖြစ် သတ်မှတ်ကြတဲ့အပြင် ဂန္ထဝင်နည်းပြကြီးတွေနဲ့တောင် တစ်တန်းတည်းထားပြီး ချီးကျူးလာကြရတာပါ။ သူက မန်ချက်စတာဒါဘီရဲ့ ပုံရိပ်ကို အနီရောင်ဖျော့မှိန်ပြီး မိုးပြာရောင် ပိုတောက်အောင် ဆေးခြယ်ပေးနိုင်သူလည်း ဖြစ်ခဲ့ပါတယ်။ မန်ချက်စတာဒါဘီမှာ မန်စီးတီးအသင်းအနေနဲ့ အောက်အသင်းလို ဖြစ်နေခဲ့ရတဲ့ အခြေအနေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြောင်းလဲပေးနိုင်သူလည်း ဖြစ်ခဲ့ပါတယ်။ မန်စီးတီးက ဘယ်လိုအခြေအနေမှာမဆို ဒါဘီပြိုင်ဘက် မန်ယူအသင်းကို အားကုန်ထုတ်ရင်ဆိုင်လေ့ရှိတယ်ဆိုပေမဲ့ ဂွါဒီယိုလာရောက်မလာခင် ပရီးမီးယားလိဂ်ခေတ်တစ်လျှောက်လုံးနီးပါးကတော့ အောက်အသင်းအဖြစ်သာ နိမ့်ပါးစွာ ရပ်တည်ခဲ့ရတာပါပဲ။ ဂွါဒီယိုလာ ပုံပြောင်းပေးလိုက်တော့မှ အထက်စီးက ရပ်တည်ရတဲ့အသင်း ဖြစ်သွားခဲ့တာပါ။ ဂွါဒီယိုလာ မန်စီးတီးနည်းပြဖြစ်လာပြီးနောက် ထိပ်တိုက်တွေ့ခဲ့တဲ့ မန်ချက်စတာဒါဘီ ၂၃ ပွဲမှာ မန်စီးတီးအသင်းက ၁၃ ပွဲနိုင်ပြီး ၈ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ မန်ချက်စတာဒါဘီရဲ့ ပြောင်းလဲသွားခြင်းကို မြင်သာစေတဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဖာဂူဆန်ခေတ်တုန်းက မန်စီးတီးအသင်းဟာ မန်ယူနဲ့ ဆုံတွေ့ခဲ့တဲ့ ၄၇ ပွဲမှာ ၂၆ ပွဲအထိ ရှုံးနိမ့်ပြီး ၁၀ ပွဲသရေ၊ ၁၁ ပွဲသာ အနိုင်ရခဲ့တာပါ။ ဂွါဒီယိုလာက ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကိုင်တွယ်စဉ်မှာလည်း မန်ယူအသင်းနဲ့ ၄ ပွဲ ယှဉ်ပြိုင်ခဲ့ဖူးပြီး ၃ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။ မန်ယူအသင်းက ဂွါဒီယိုလာရဲ့ နည်းပြဘဝတစ်လျှောက် နိုင်ပွဲအများဆုံးရယူနိုင်ခဲ့တဲ့ ပြိုင်ဘက် ၃ သင်းစာရင်းထဲမှာလည်း ပါနေပါတယ်။ တစ်ခုရှိတာကတော့ ဖာဂူဆန် နိုင်ပွဲအများဆုံးရယူနိုင်တဲ့ အသင်းတွေထဲမှာ မန်စီးတီးက အဆင့် ၇ လောက်သာ ချိတ်တာပါပဲ။ ဒီအချက်ကတော့ ဖာဂူဆန်ခေတ်မှာ မန်စီးတီးအသင်း ရှုံးပွဲတွေများခဲ့တယ်ဆိုပေမဲ့ တခြားပြိုင်ဘက်တွေထက် ဒါဘီပြိုင်ဘက်ပီသစွာ တုံ့ပြန်ပြခဲ့တယ်ဆိုတာ သက်သေဖြစ်ခဲ့ပါတယ်။ မန်ယူဘက်က ကြည့်မယ်ဆိုရင်လည်း ဖာဂူဆန်ခေတ်လွန် နိမ့်ပါးခဲ့ချိန်မှာလည်း မြို့ခံပြိုင်ဘက်ကို အကောင်းဆုံးတုံ့ပြန်ပြနိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့ရာသီမှာ ရရှိခဲ့တဲ့ FA ဖလားကြီးက အလတ်ဆတ်ဆုံးသက်သေအဖြစ် ရှိနေတာပါပဲ။

ဆန့်ကျင်ဘက်အခြေအနေ

ပရိသတ်တွေက မန်စီးတီးနဲ့ မန်ယူတို့ အဆင့်တူ အင်အားတူအနေအထားမျိုးနဲ့ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာဒါဘီတွေကို မျှော်လင့်ခဲ့ကြပါတယ်။ မန်စီးတီးလိုမျိုး မန်ယူအသင်း ပြန်လည်အင်အားကြီးထွားလာမယ့်အခြေအနေ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်ချက်စတာနှစ်သင်း အပြိုင်လုရမယ့်အခြေအနေမျိုးကို မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ မန်ယူအသင်းက နည်းပြတွေသာ တစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲခဲ့ပေမဲ့ ပရိသတ်တွေ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ လက်ရှိအခြေအနေကတော့ မန်ယူအသင်းမှာ ပူးတွဲပိုင်ရှင် ရှိလာတာကြောင့် စီမံခန့်ခွဲမှုတော့ ဦးဆောင်သူအသစ်လည်း ဖြစ်လာပါတယ်။ နောက်ဆက်တွဲအဖြစ် နည်းပြအပြောင်းအလဲလည်း ထပ်ဖြစ်လာပါတယ်။ ဒါပေမဲ့ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာဖို့တော့ အချိန်ယူတည်ဆောက်ရဦးမှာပါ။ ဒါကြောင့် အကောင်းဆုံး မန်ချက်စတာဒါဘီကို မြင်တွေ့ချင်ကြတဲ့ ပရိသတ်တွေ စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းရဦးမှာပါ။ ဒါပေမဲ့ ဒီလိုအခြေအနေမှာပဲ မန်စီးတီးအသင်းက ထဖောက်လာခဲ့ပါတယ်။ အနောက်အရပ်က နေထွက်လာသလောက် အံ့အားသင့်စရာမကောင်းဘူးဆိုပေမဲ့ မန်စီးတီးအသင်းရဲ့ ရုတ်တရက်ပြိုလဲပုံက အပြင်းစားငလျင်တစ်ခုဒဏ် ခံလိုက်ရသလိုပါပဲ။ ရှုံးပွဲတွေ ဆက်ကာဆက်ကာတွေ့ခဲ့ရပြီး ဂွါဒီယိုလာကို ထုတ်လိုက်တော့လို့ မန်စီးတီးပရိသတ်တချို့ အော်ဟစ်တောင်းဆိုရတဲ့အထိ ဖြစ်သွားခဲ့တာပါ။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တောက်လျှောက်ရေပန်းစားခဲ့တဲ့အသင်းက အခုတော့ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီးတို့ရဲ့နောက် စတုတ္ထနေရာ ရောက်သွားပါတယ်။ ထိပ်ဆုံးက လီဗာပူးလ်နဲ့ တစ်ပွဲအသာ ၈ မှတ်ကွာဟသွားတာကြောင့် ချန်ပီယံဆုကို မေ့ပစ်လိုက်ရပြီလို့ ဂွါဒီယိုလာကိုယ်တိုင်လည်း ဝန်ခံထားပါတယ်။ ဒါပေမဲ့ သချင်္ာနည်းအရတော့ မျှော်လင့်လို့ရနေတုန်းပါပဲ။ မန်ယူအသင်းကတော့ နည်းပြသစ် အာမိုရင်မ်ရဲ့ လက်ထက်မှာလည်း ပရီးမီးယားလိဂ်နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၃ နေရာရောက်နေပါတယ်။ အဆင့် ၄ နေရာက မန်စီးတီးနဲ့တောင် ၈ မှတ်ကွာဟနေတာကြောင့် ဥရောပဝင်ခွင့်ရဖို့အတွက်တောင် အတော်လေးရုန်းကန်ရတော့မယ့်အခြေအနေပါ။ ဒီတော့ အခုလာမယ့် မန်ချက်စတာဒါဘီပွဲစဉ်က ပရိသတ်တွေ မျှော်လင့်ထားတာနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ အတောင့်တင်းဆုံး အကောင်းဆုံးနှစ်သင်း အားပြိုင်တာကို မြင်တွေ့လိုပေမယ့် လက်တွေ့မှာတော့ ရလဒ်ဆိုးတွေ၊ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ အခြေမလှတဲ့ အသင်းနှစ်သင်းရဲ့ အားပြိုင်မှုကိုသာ မြင်တွေ့ကြရမှာကြောင့်ပါ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဒါဘီရှုံးပွဲသာ ကြုံတွေ့ခဲ့ရမယ်ဆိုရင် ထိုးနှက်မှုတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ရှိသမျှအစွမ်းအစ အကုန်ထုတ်သုံးပြီး ယှဉ်ပြိုင်ရမယ့် အခြေအနေတော့ ရှိနေပါတယ်။ ဒါကြောင့် တွန်းအားချင်းမတူညီပေမဲ့ ပြင်းထန်တဲ့ အမှတ်လုပွဲတစ်ပွဲကိုတော့ မြင်တွေ့ရနိုင်ခြေ ရှိနေပါတယ်။


READ NEXT
Cancel OK