Top News

ဇူလိုင် ၂၆ ရက်မှစတင်ကာ ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းသော ဆေးကုမ္ပဏီကြီးအချို့ ဆေးဝါးပစ္စည်းများအား ရောင်းချခြင်း ခေတ္တရပ်နားထားပြီး စျေးကွက်အတွင်း စျေးနှုန်းများ နှစ်ဆခန့်မြင့်တက်နေ
24htopnews | December 14, 2024 3:12 AM CST

ဇူလိုင် ၂၆ရက်မှစတင်ကာ ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းသော ဆေးကုမ္ပဏီကြီးအချို့ ဆေးဝါးပစ္စည်းများအားရောင်းချခြင်း ခေတ္တရပ်နားထားပြီး စျေးကွက်အတွင်း စျေးနှုန်းများ နှစ်ဆခန့်မြင့်တက်နေကြောင်း သတင်းရရှိသည်။

ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းသော ဆေးကုမ္ပဏီကြီးအချို့သည် ဆေးနှင့် ဆေးပစ္စည်းများရောင်းချခြင်းအား ဇူလိုင် ၂၆ ရက်မှစတင်ကာ ခေတ္တရပ်နားထားပြီး မည်သည့်အချိန်တွင် ပြန်လည်ရောင်းချမည်ကို အတည်ပြု ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဖြေကြားခဲ့သည်။

“အိမ်မှာ အမေ့အတွက် လိုအပ်တဲ့ဆေးဝါးနဲ့ Underpad တွေကို လစဉ်ကုမ္ပဏီကနေပဲ မှာပြီးသုံးနေတာပါ။ အခုကုန်ခါနီးလို့ ကုမ္ပဏီကို ဖုန်းဆက်တော့ ကုမ္ပဏီက ဇူလိုင် ၂၆ရက်ကတည်းက အရောင်းပိတ်ထားတယ်လို့ ပြောပါတယ်။ ဘယ်တော့ ပြန်ပြီးရောင်းချမလဲဆိုတာကို မသိသေးဘူးလို့ ပြောပါတယ်” ဟု ဆေးဝါး အသုံးအဆောင်ပစ္စည်းများအား ပုံမှန်ဝယ်ယူသုံးစွဲနေရသည့် သုံးစွဲသူတစ်ဦးက ပြောကြားသည်။

“ကုမ္ပဏီတစ်ချို့ အရောင်းပိတ်ထားတယ်ဆိုတာမှန်ပါတယ်။ ကျွန်မတို့ကုမ္ပဏီလည်း အရောင်းပိတ်ထားပါတယ်။ သိရသလောက်ကတော့ စျေးကွက်ပြန်ဖွင့်ရင် စျေးနှုန်းတွေ ၄၅ ရာခိုင်နှုန်းလောက်အထိ မြင့်တက်နိုင်တယ်လို့ သိရပါတယ်။ ဒါကအလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အိမ်သုံးဆေးဝါးတွေပါ။ ဆရာဝန်ထောက်ခံချက်နဲ့မှ ဝယ်ယူရရှိနိုင်မယ့် ဆေးပစ္စ့ည်းတွေဆို ဒီ့ထက်မက စျေးနှုန်းတက်နိုင်ပါတယ်” ဟု ဆေးကုမ္ပဏီကြီးတစ်ခုမှ အရောင်းမန်နေဂျာတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားဆေးဝါးအများစုမှာ ဆေးကတ်တစ်ကတ်လျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ခန့်အထိ စျေးတက်သွားပြီး အချို့ဆေးဝါးများပစ္စည်း ပြတ်လပ်လျက်ရှိကြောင်း သိရသည်။

ဒေါပုံမြို့နယ်ရှိ နိုင်ငံခြားဆေးဝါးရောင်းချသည့် ဆေးဆိုင်တစ်ဆိုင်က “ဆေးပစ္စည်းတော်တော်များများကတော့ စျေးတက်သွားပါတယ်။ ကုမ္ပဏီတွေကတစ်ဆင့် စျေးတက်သွားတာပါ။ တချို့ဆေးအမယ်တွေကျတော့ပစ္စည်း ပြတ်နေတယ်။ ပစ္စည်းပြတ်နေလို့ တော်တော်များက စျေးတက်သွားတာပါ” ဟု ပြောကြားသည်။

ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်း သောကုမ္ပဏီများ မိမိအစီအစဉ်ဖြင့် ကုန်ရောင်းသူသို့ ငွေပေးချေမည်ဆိုပါက ကုန်သွယ်ရေးဦးစီးဌာနနှင့်ဆက်သွယ်၍ သွင်းကုန်လိုင်စင်ထုတ်ယူနိုင်ကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်။

လတ်တလောစျေးကွက်အတွင်း ယင်းသို့ဆေးနှင့် ဆေးဝါးပစ္စည်းစျေးနှုန်းများ နှစ်ဆခန့် မြင့်တက်နေရခြင်းမှာ ဆေးတင်သွင်းခွင့်လိုင်စင်မကျခြင်း၊ ဒေါ်လာစျေးများ မြင့်တက်နေခြင်းကြောင့် လက်ကျန်ဆေးများကို ကုမ္ပဏီများက ထုတ်မရောင်းရဲကြခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။ ယင်းသို့ပြည်တွင်းစျေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများဖြစ်ပေါ်နေသော်လည်း ဆိပ်ကမ်းတွင် ဆေးနှင့် ဆေးပစ္စည်းများ ကွန်တိန်နာရာနဲ့ချီပြီးရောက်ရှိနေကာ လိုင်စင်မရခြင်းကြောင့် ထုတ်ယူခွင့်မရဖြစ်နေကြောင်း သတင်းရရှိသည်။

“ဆေးဝါးနဲ့ ဆေးပစ္စည်းတွေက လတ်တလောမှာ အနည်းငယ်စျေးတော့ တက်နေပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံမှာ ဆေးဝါးနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက တင်သွင်းတယ်။ တင်သွင်းတဲ့အခါမှာ လိုင်စင်က စီးပွားကူးသန်းကယူရတယ်။ ဒီနေရာမှာ တစ်ခါတည်းတင်ပြလိုတာက လုပ်ငန်းရှင်ကြီးတွေအနေနဲ့ တစ်ဖက်က ပြည်သူလူထုအကျိုးကို ရှေးရှုပြီး အတ္တနဲ့ ပရမျှမျှ တတစဉ်းစားပြီးဆေးဝါးနဲ့ ပတ်သက်တဲ့ပစ္စည်းတွေကို ကြိုတင်ပြီးတော့ စျေးတက်တာ မျိုးမဟုတ်ဘဲ ကိုယ်ဝယ်ထားတဲ့စျေးနဲ့ရောင်းရမယ့်စျေးမှာ ပြည်သူလူထုကို မှန်မှန်ကန်ကန်နဲ့ အများပြည်သူ ဝယ်ယူရရှိနိုင်အောင် ထိန်းချုပ်ပြီး ရောင်းချပေးစေလိုတယ်လို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု နေပြည်တော်တွင် ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။


READ NEXT
Cancel OK