Top News

ဆေးဝါးစျေးနှုန်းများကို ဈေးမြင့်တင်ခြင်း မပြုလုပ်ဘဲ  ပြည်သူလူထုဆေးဝါးရရှိရေးအတွက် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန် ဆေးဝါးလုပ်ငန်းရှင်များကို တိုက်တွန်းထားဟုဆို
24htopnews | December 14, 2024 3:12 AM CST

ဆေးဝါးစျေးနှုန်းများကို ဈေးမြင့်တင်ခြင်း မပြုလုပ်ဘဲ  ပြည်သူလူထုဆေးဝါးရရှိရေးအတွက် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန် ဆေးဝါးလုပ်ငန်းရှင်များကို တိုက်တွန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

ဇူလိုင် ၂၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်သည့် မေးမြန်းမှုကို ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ်က ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လက်တလောမှာ ဆေးဝါးနဲ့ဆေးပစ္စည်း တက်နေတာရှိပါတယ်။ အဲဒါကတော့ ဆေးစျေးနှုန်းကတော့  ဆေးဝါးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းရှိပါတယ်။ သူတို့ကနေပြီး တင်သွင်းတယ်။ တင်သွင်းတဲ့အခါမှာ လိုင်စင်က စီးပွားကူးသန်းက ယူရတယ်။ ဒီနေရာမှာ တစ်ခါတည်းတင်ပြလို့တာကတော့ အထူးသဖြင့် လုပ်ငန်းရှင်ကြီးများအနေနဲ့ တစ်ဖက်က ပြည်သူလူထုအကျိုးကို ရှေးရှုပြီးတော့ အတ္တနဲ့ပရ မျှမျှတတလေး စဉ်းစားပြီးတော့ ဆေးဝါးနဲ့ ပတ်သက်ပြီး ကြိုတင်ပြီး စျေးတက်တာ မဟုတ်ဘဲနဲ့ ကိုယ်ဝယ်ထားတဲ့ဟာနဲ့  ရောင်းရမယ်စျေးဟာနဲ့ ပြည်သူလူထုကို မှန်မှန်ကန်ကန်ပေါ့။ ထိန်းချုပ်ပြီးတော့အများပြည်သူ ဆေးဝါးရရှိရေးအတွက် တိုက်တွန်းပြောကြားထားပါတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ပြည်တွင်း နိုင်ငံခြားဆေးဝါးများ စျေးတက်နေပြီး ကုန်ပစ္စည်း အဝင်နည်းပါးမှု ကြောင့် စျေးကွက်အတွင်း ဆေးပစ္စည်းအချို့ ပြတ်လပ်နေဟု နိုင်ငံခြားဆေးဝါးများရောင်းချသည့် အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။

နိုင်ငံခြားဆေးဝါးအများစုမှာ ဆေးကတ်တစ်လျှင် ကျပ် ၅ဝဝ မှ ကျပ် ၁ဝဝဝ ခန့်အထိ စျေးတက်သွားပြီး အချို့ဆေးဝါးများ ပစ္စည်းပြတ်လပ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီများမှ တင်သွင်းရန် အခက်အခဲရှိနေကြောင်း၊ စျေးကွက်အတွင်းရှိနေသည့် ဆေးဝါးများအနက် တန်ဖိုးမြင့်မားသည့် ဆေးဝါးများမှာ စျေးပိုမိုတက်လျက်ရှိကြောင်း စုံစမ်းသိရှိ ရသည်။

ထို့ပြင် အခြေခံစားကုန်များနှင့် ပတ်သက်၍ စျေးတည်ငြိမ်ရေးဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ကျေးလက် ကျန်းမာရေးဦးစီးဌာန၊တပ်မတော်နယ်လှည့်ကျန်းမာရေးအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“တစ်ခုရှိတာကတော့ တစ်ချို့သော ဆေးဝါးတွေနဲ့ပတ်သက်လို့ အပြင်မှာလည်း ကောလဟာလတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံကျတဲ့ဆေးဝါးတွေ ထုတ်လုပ်နေတာတွေ ရှိပါတယ်။ စျေးကတော့ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ဆေးဝါးတွေက ယခင် BPI ဆေးအရည်အသွေးမှီအောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စျေးနှုန်းကတော့ နည်းနည်းကြီးမြင့်ကောင်းကြီးမြင့်ပါလိမ့်မယ်။ ပါရာစီတမော၊ ဗာမီတွန်တို့ဟာမျိုးတွေပေါ့။ ဒီပြင့်နိုင်ငံက သွင်းလာတာတွေလည်းရှိပါတယ်။သူက တစ်ချို့က အရည်အတွက်များများ ရနိုင်ပါတယ်။ သို့သော် အရည်အသွေးမမှီပါဘူး။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ စိစစ်ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


READ NEXT
Cancel OK