Top News

အစိုးရနှင့် တပ်မတော်အနေဖြင့် ပျူစောထီးအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းမရှိဘဲ လိုအပ်ပါက ပြည်သူ့စစ်ဖွဲ့စည်းမှုသာရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | December 14, 2024 3:12 AM CST

အစိုးရနှင့် တပ်မတော်အနေဖြင့် ပျူစောထီးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းမရှိဘဲ လိုအပ်ပါက ပြည်သူ့စစ် ဖွဲ့စည်းမှုသာရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဇူလိုင် ၂၆ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပျူစောထီးနဲ့ပတ်သက်ပြီး ပျူစောထီးကို တပ်မတော်က ဖွဲ့ပေး  မပေး၊ တပ်မတော်ရဲ့ သဘောထားစသည်ဖြင့် မီဒီယာတွေက မေးကြပါတယ်။ အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ပါ ဖဆပလလို ဒီမိုကရေစီအရေခြုံ အာဏာရှင်စနစ် ထူထောင်ဖို့ ခါးပိုက်ဆောင်တပ် ပျူစောထီးကို ဖွဲ့ခဲ့တာလည်း မရှိဘူး။ ပျူစောထီးဆိုတဲ့ အသုံးအနှုန်းကို မရှိခဲ့ဘူး ဖြစ်ပါတယ်။ တပ်မတော်ဟာ သမိုင်းကြောင်းကို ကြေညက်ပြီးသား ဖြစ်ပါတယ်။ သမိုင်းကြောင်း အစာမကြေသူတွေသာ သမိုင်းဘီးကို နောက်ပြန်လှည့်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တပ်မတော်မှာတော့ တည်ဆဲဥပဒေများအရ ဒေသခံပြည်သူလူထုက သူတို့ရဲ့ ကျေးရွာ၊ ရပ်ကွက်တွေရဲ့ လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခွင့် တင်ပြလာရင် ဖွဲ့စည်းခွင့် စိစစ်တာတွေ၊ ဖွဲ့စည်း ခွင့်ပြုတာတွေ၊ လိုအပ်တဲ့လက်နက်တပ်ဆင်ပေးတာတွေ၊ စစ်မြေပြင်စည်းကမ်းချက်၊ စစ်သင်တန်းတွေပေးတာတွေ ဆောင်ရွက်ပေးပါတယ်။ လိုအပ်ရင်တော့ ဥပဒေအရ ဒေသကာကွယ်ရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းမှုပဲ ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်သူ့စစ်ဆိုသည်မှာ မိမိနိုင်ငံတော်တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လုံခြုံရေးကို မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည်ဟု ပြည်သူလူထုတစ်ရပ်လုံးက သဘောပေါက်ပြီး နှိုးကြားတက်ကြွစွာ အသိနှင့်ယှဉ်သည့် ပါဝင်ဆောင်ရွက်မှုသာဖြစ်ပြီး တိုင်းရင်းသား ပြည်သူလူထုအတွင်း၍ စည်းရုံးဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် အေးချမ်းချိန်တွင် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ရန်နှင့် မြို့နယ် ကျေးရွာ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ရန်သာ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရေတိုရည် မှန်းချက်ကတော့ ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်မှုကို ဖျက်စီးချေမှုန်းဖို့၊ ရေရှည် ရည်မှန်းချက်ကတော့ နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရာမှာ ပြည်သူ့စစ်မဟာဗျူဟာ အစီအမံရဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်ဖို့ပဲ ဖြစ်ပါတယ်။ မီဒီယာတွေနဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေသုံးနေတဲ့ ပျူစောထီးဆိုတဲ့ အသုံးအနှုန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်ခါနီး နွေရောက်လုဆဲဆဲ ဆောင်းအကုန် နွေအကူးကစပြီး အရူးထခြင်းတစ်မျိုးသာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။

မီဒီယာအချို့နှင့် NUG၊ PDF အဖွဲ့များ သုံးနှုန်းနေသော ပျူစောထီးတပ်ဆိုသည်မှာ ပါလီမန်ဒီမိုကရေစီခေတ်တွင် ဦးနု၏ အာဏာရပါတီမှ ဒီမိုကရေစီ အနိုင်ကျင့်မှုအတွက် ဖွဲ့စည်းထားသည် အဖွဲ့မျိုးသာဖြစ်ပြီး သမိုင်းကြောင်းအမှန်မသိဘဲ ခေါ်ဝေါသုံးစွဲနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အွန်လိုင်းပေါ်မှာ စွပ်စွဲ ပြောဆိုနေကြတာက ပျူစောထီးဟာ စစ်မှုထမ်းဟောင်းတွေ၊ မဘသတွေ၊ မျိုးချစ်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုပြီး စွပ်စွဲပါတယ်။ ယုတ်မာတဲ့ အကြမ်းဖက်တွေနဲ့ မီဒီယာတွေရဲ့ သူတို့လိုချင်တဲ့ နှပ်ကြောင်းလို့ပဲ ပြောချင်ပါတယ်။ ယခင်က အတွေးအခေါ်တွေကို ပုံဖော်နေခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။


READ NEXT
Cancel OK