Top News

နိုင်ငံရေးပါတီများကို နောက်တစ်ကြိမ်စစ်ဆေးရာတွင် အားနည်းပျက်ကွက်မှုများတွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု UEC အဖွဲ့ဝင် ပြောကြား
24htopnews | December 14, 2024 3:12 AM CST

နိုင်ငံရေးပါတီများကိုစစ်ဆေးရာတွင် တွေ့ရှိရသည့် ချို့ယွင်းချက်၊ အားနည်းချက်များကို မှာကြားခဲ့ပြီးဖြစ်ခြင်းကြောင့် နောက်တစ်ကြိမ်စစ်ဆေးရာတွင် အလားတူ အားနည်းပျက်ကွက်မှုများတွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

ဇူလိုင်၂၆ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခင်မောင်ဦးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေရာမှာ အလေးထားပြီး တင်ပြလိုတာကတော့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေ ဟာ နိုင်ငံရေးပါတီများ တွေ့ရှိရတဲ့ ချို့ယွင်းချက်၊ အားနည်းချက်များကို အသေးစိတ်မှာကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် နောင်တစ်ကြိမ် စစ်ဆေးရာမှာတော့ အလားတူ အားနည်းပျက်ကွက်မှုများ တွေ့ရှိရပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မှာ ဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါတယ်”ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇ အရ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ ဖြစ်လာစေရန်နှင့် ယခင်က မစစ်ဆေးနိုင်ခဲ့သော နိုင်ငံရေးပါတီများကို စစ်ဆေးရန် လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးခင်မောင်ဦးက ဆိုသည်။

ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၈ တွင်လည်း ပါတီတစ်ခု၏ စာရင်းများကို စစ်ဆေးရန် လိုအပ်လျှင် ကော်မရှင်က စစ်ဆေးနိုင်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အားလည်း စစ်ဆေးစေနိုင်ကြောင်းနှင့် ယင်းသို့ စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲသည် အစိုးရဌာနအဖွဲ့အစည်းများ၏ အကူအညီရယူနိုင်သည့်ဟု ပြဋ္ဌာန်းထားသည်။

ဦးခင်မောင်ဦးက “ဒီလို စစ်ဆေးတဲ့ နေရာမှာ နိုင်ငံရေးပါတီများရဲ့ ဖွဲ့စည်းမှု၊ ပါတီဝင်အင်အားစာရင်းနှင့် ပါတီရုံးခန်းများ ဖွင့်လှစ်ထားရှိမှုတို့ကို စစ်ဆေးခြင်း၊ ပါတီဝင်ကြေး၊ လစဉ်ကြေးများ၊ ပြည်တွင်းအလှူရှင်များက လှူဒါန်းသော ငွေကြေး၊ ပစ္စည်းစာရင်းနှင့် ပါတီပိုင် စီးပွားရေးလုပ်ငန်းများကို စစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းနှင့်အညီ သတ်မှတ်ထားသော အသုံးစရိတ်များ သုံးစွဲခြင်း ရှိမရှိ စစ်ဆေးခြင်း၊ ပါတီပိုင် ရန်ပုံငွေ၊ ပါတီပိုင်ပစ္စည်းများနှင့်ပတ်သက်တဲ့ စာရင်းဇယား၊ မှတ်တမ်းများအား စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းများရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်များကို စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ပါတီ၏ နှစ်စဉ်ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့်စပ်လျဉ်းပြီးတော့ နှစ်ချုပ်စာရင်းပြုစုခြင်း၊ ယင်းစာရင်းကို ပါတီတွင်း စာရင်းစစ်ကော်မတီထားရှိစစ်ဆေးခြင်းနဲ့ ပါတီ စည်းမျဉ်းစည်းကမ်းနှင့်အညီ အတည်ပြုချက် ရယူထားခြင်း ရှိ မရှိ စစ်ဆေးခြင်း အပါအဝင် လိုအပ်တဲ့ စာရင်းဇယားများကို စစ်ဆေးတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ စစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဦးဆောင်ပြီး သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီဌာနချုပ် အခြေစိုက်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးပြီးဖြစ်ကြောင်းနှင့် စစ်ဆေးရန် ကျန်ရှိသည့် နိုင်ငံရေးပါတီ ခုနစ်ပါတီကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဦးက ပြောကြားသည်။


READ NEXT
Cancel OK